POST TYPE

SATIRE

ပြိုင်စံမပေါ် နိုင်ငံကျော် ဆရာကြီးဗြိ၏ နာမည်ကျော် စာရေးဆရာဖြစ်နည်း
15-Jan-2017

စာရေးဆရာကြီးဗြိသည် နှာခေါင်း အလွန်ကြီး၏။ ယခင်ကတော့ သူသည် သူ၏ ကြီးမား ပွရောင်းသော နှာခေါင်းကြီးကြောင့် နာမည်ကျော် စာရေးဆရာကြီး ဖြစ်လာမည်ဟု လားလားမျှပင် မထင်မိခဲ့။

ထို့ကြောင့် အနှီ နှာခေါင်းကြီးကို သူ သဘော မတွေ့။ ယခုမူ သူသည် နှာခေါင်းကြီး ခွင့်ပေးခဲ့သော မွေးသမိခင် ကျေးဇူးရှင်အား ကျေးဇူး အထူး တင်နေ၏။ မတင်ခံနိုင်ရိုးလား။ သူသည် ဒီနေ့ခေတ်တွင် ထိုနှာခေါင်းကြီးကြောင့် နာမည်ကျော် စာရေးဆရာကြီး ဖြစ်နေချေ ပြီတည်း။

ဆရာကြီးဗြိသည် လုံးချင်းစာအုပ် တစ်အုပ် ထွက်ထားလေသည်။ ထိုစာအုပ်သည်လည်း မဟာရန်ကုန် ရွှေမြို့တော်တွင် ဆန့်တငင်ငင် အသက်ရှင်လျက်ရှိသော စာအုပ် စတိုးဆိုင်ကြီးများရှေ့ရှိ ဘတ်စ်ဆဲလား စာအုပ် စာရင်းတွင် ဖျစ်ဖျစ်မြည်အောင် ထိပ်ဆုံးက နေလေသတည်း။

ထိုစာအုပ်စာရင်းကိုမြင်တိုင်း ဆရာကြီးဗြိသည် သူ့နှာခေါင်းအား ပွတ်သပ်ကာ အကျေနပ်ကြီး ကျေနပ်လေတော့သည်။

ဆရာကြီးဗြိသည် ဘတ်စ်ဆဲလား စာရေးဆရာကြီး မဖြစ်ခင်ကတည်းက ဝါသနာအရ တန်ဖိုးရှိသော စာပေ သုံးလေးပုဒ်ကျော်ကျော်ကို ဖေ့ဘွတ်ဟု ခေါ်ဆိုသည့် ဗြဲလရမ်း အုတ်နံရံနှင့် တူသောနေရာတွင် ရေးသားခဲ့ချေသည်။

“ဟိုရှေးရှေးတုန်းက ဘုရင်မင်းတရားကြီးသည် အီးအီးပါသောအခါ ဖင်ပြောင်ကြီးနှင့် ပါလေ၏”ဟူသည့် အလွန် ရသပြောင်မြောက်သည့် စာများသည် ဆရာကြီးဗြိ၏ လက်ရာများပင်။

အနှီဖေ့ဘွတ် ဟူသည်ကား ချိုမိုင်မိုင် ချိုမိုင်မိုင် မေမေ့ချိုချိုကိုင် ဟူသော မဟာ အလင်္ကာကြီးမျိုးကို ရေးသားကာ နာမည်ရှေ့တွင် ပိုးဟပ်ဟု တပ်သူ တစ်သန်း ရှိနေသောနေရာ။

ခဲတံအတုံးဖြင့် ဝလုံးဆွဲကာ သံသရာဟု ခေါင်းစဉ် တပ်တင်ပြီး နာမည်ရှေ့တွင် အားတစ်ဟု ခေါင်းစဉ်တပ်သူ တစ်သိန်းရှိသော နေရာဖြစ်ချေ၏။

ထို့ကြောင့် ဆရာကြီးဗြိသည် အဆိုပါ ဗြဲလရမ်း အုတ်နံရံ ဖေ့ဘွတ်ကြီးပေါ်တွင် သူ့ကိုယ်သူ မြန်မာဘာသာဖြင့် စာရေးဆရာဟု အဓိပ္ပာယ် ထွက်ပြီး သိုးဆောင်း ဘာသာဖြင့် ဝရိုက်တာဟုတွင်သော အမည်နာမကို တပ်၏။

ဆရာကြီးဗြိသည် ထိုစာပေများကို ဖေ့ဘွတ်ပေါ် တင်သည့်အခါ ရိုးရိုးတန်းတန်းမတင်။ သူ၏ ကြီးမား လှစွာသော နှာခေါင်းကြီးပါရှိသည့် မျက်ခွက် မင်္ဂလာကြီးကို ဓာတ်ပုံရိုက်ကာ စာနှင့်တွဲလျက် တင်၏။

စာပေလောက ဟူသည်ကား ခေတ်အဆက်ဆက် လောကနီတိတရားကို ကျင့်ကြံကြသူတို့ ပျော်စံရာပင်။

ယခုခေတ် စာပေလောကသားများသည်လည်း ထိုအစဉ်အလာကောင်းကို အဘယ်မှာ ဖျောက်နိုင်အံ့နည်း။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဟူဘိ လောကနီတိရှိ၏ မဟုတ်လော။

ထို့ကြောင့် စာပေလောကသား စာရေးဆရာ ကြီးငယ်ဟူသမျှတို့သည် အနှီဖေ့ဘွတ် လောကမှ ဆရာကြီးဗြိ၏ ဂုဏ်သတင်းကို ခံစားတွေ့ထိသောအခါ ဆရာကြီးဗြိအား စာပေလောကတွင် နေရာပေးပြီး ရိုသေ ချီးမြှောက်ရန် ကြံစည်ကြသည်ကား အပြစ်မဆိုသာ။

ကြီးသူကို ရိုသေဆိုသည့် နီတိလာအတိုင်း နှာခေါင်းချည်းတစ်ခု ကွက်ကြီးနေသည့် ဆရာကြီးဗြိကို စာပေဆရာတို့ အယ်ဒီတာမင်းအဖြစ် ကြီးစိုးရာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း မီဒီယာအပေါင်းမှ တကူးတက ဖိတ်ခေါ်စာများ ပါးကြလေသတည်း။

ဖိတ်ခေါ်စာများ လက်ခံ ရရှိသော ဆရာကြီးဗြိ အလောင်းအလျာသည် ထိုမီဒီယာတိုက်များသို့ သွားသည့်အခါ အယ်ဒီတာ မမများက ဆရာကြီးဗြိ၏ နာမည်ကျော် နှာခေါင်းပွရောင်းကြီးကို တခုပ်တရ ကြည့်ကြ၏။

ထို့နောက် တိုက်ပိုင်ဓာတ်ပုံဆရာ အသီးသီးက နာမည်ကျော် လတ္တံ့သော ဆရာကြီးဗြိအား နှာခေါင်း အသားပေး ပို့စ်ပေးနည်း မျိုးစုံကို ပြသလျက် ဓာတ်ပုံ ရိုက်ကြလေ၏။

တချို့လည်း “ထင်သလောက်တော့ မဟုတ်ပါဘူးကွ ... အပြင်မှာ အနေတော်ပါပဲ”ဟုလည်းကောင်း၊ တချို့က “ကိတ်ချက်အေ ... နှာခေါင်းနဲ့တင် ဟောလိဝုဒ် တက်လို့ရနေပြီ”ဟူပြီးတစ်ဖုံ အမျိုးမျိုး ထင်ကြေးပေးလျက် ဓာတ်ပုံ တွဲရိုက်ကြကုန်၏။

ဓာတ်ပုံ ကိုယ်စီ တွဲရိုက်ပြီးနောက် ဆရာကြီးဗြိက သူ၏ စာပေရည်မှန်းချက် နိဗ္ဗာန်ဘုံအား အရောက် ပို့ပေးမည့် ပေါင်းကူးတံတား ကျွတ်တရား ဖြစ်သည့် အနှီ အယ်ဒီတာမင်းတို့အား စာမူပို့အံ့ငှာ စကားစ လိုက်သည်။

အယ်ဒီတာမင်းတို့သည် နှာခေါင်း မျက်နှာဖြင့် စာကို လက်ခံရမည့် ဝတ္တရားရှိသဖြင့် ပြုံးဖြီးဖြီးဖြင့် ခေါင်းတညိတ်ညိတ် လုပ်ကြပြန်ကုန်သည်။

အပတ်ကုန်၊ လကုန်သောအခါ ဂျာနယ် သတင်းစာ မီဒီယာအပေါင်း၏ စာမျက်နှာများတွင် ဆရာကြီးဗြိ ၏နှာခေါင်းကော့၊ နှာခေါင်းလံ၊ နှာခေါင်းပျံ၊ နှာခေါင်း တစောင်း၊ နှာခေါင်းပင့်၊ နှာခေါင်းကိတ် ဓာတ်ပုံကြီး များစွာနှင့်အတူ ဆရာကြီးဗြိ ရေးလတ္တံ့သော မဟာ စာမူတော်များ နေရာယူလာကြလေသတည်း။

လူမင်း ဘုန်းကြီးလျှင် နတ်မင်း မနေသာ။

မီဒီယာ ဘုန်းကြီးသောခေတ် ဖြစ်သည့်အတွက် ကြော်ငြာရှင် စီးပွားရေး လုပ်ငန်းတို့ခမျာလည်း မနေသာတော့။ ဆရာကြီးဗြိအား သူတို့၏ စီးပွားရေး လုပ်ငန်းများအတွက် ကြော်ငြာ ရိုက်ပေးရန် ကမ်းလှမ်းတော့သတည်း။

သို့ပေသိ ဆရာကြီးဗြိသည် စာပေလောကသို့ နှာခေါင်း အရင်းပြု ဝင်လာသော်ငြား စာပေမာနတော့ ရှိသည်။

အနှီ စီးပွားရေးသမားတို့အား သရုပ်ဆောင်ခ နည်းလျှင် မရိုက်ဟု ခပ်ပြတ်ပြတ် ပြော၏။ စီးပွားရေး သမားတို့ကလည်း မငြင်း။ မြင်သာထင်သာရှိသော စာရေးဆရာ နှာခေါင်းဖြင့် သူတို့ကုန်ပစ္စည်းကို ဂုဏ်တက်စေလိုသဖြင့် ဆရာကြီးဗြိခမျာ စာရေးဆရာတင်မက မော်ဒယ်လ်ဘွိုင်းပါ ဖြစ်ရရှာလေသည်။

မော်ဒယ်လ်ဘွိုင်း စာရေးဆရာကြီးဗြိသည် များမကြာမီပင် သူ၏ လုံးချင်း မဟာစာအုပ်တော်ကြီး ထွက်ရှိပြီးနောက် စာပေလောက၏ ဘတ်စ်ဆဲလား သုခုမဆရာကြီးစာရင်း တန်းဝင်လေ၏။

မနာလိုကြသူ အပေါင်းက ဆရာကြီးဗြိအား စာပေလောကသို့ နှာခေါင်းဖြင့်တိုက်ပြီး ဝင်လာခဲ့သူဟုလည်းကောင်း၊ ဆရာကြီးဗြိ၏ နှာခေါင်းကြီးသည် ဆီလီကွန်ထိုးထားသော နှာခေါင်းကြီးဟု လည်း ကောင်း တစ်ဖန် လေကန် ဝေဖန်ကြလေသည်။

ထိုအခါ ဆရာကြီးဗြိကလည်း သူ၏နှာခေါင်းမှာ အော်ရီဂျင်နယ် မူလပထမ နှာခေါင်းဖြစ်ကြောင်းကို နှာခေါင်းပေါ်မှ ဆားဝက်ခြံများကို ညှစ်ပြကာ သက်သေ ပြလေ၏။

မည်သို့ပင်ဖြစ်စေ ဆရာကြီးဗြိသည် မြန်မာစာပေ လောက၏ စာရေးဆရာကြီးကား ဖြစ်သွားလေပြီ။

တစ်ခုသောကာလတွင် စာပေလောကကြီး၏ အထင်ကရ အိုပယ် စာပေပွဲတော် အမည်ရှိ စာရေးသူ၊ ဖတ်သူ စုံညီပွဲတော်ကြီး ကျင်းပချေ၏။

ထိုပွဲတွင် ပါဝင်လတ္တံ့သော စာရေးဆရာ အပေါင်းသည် စာအုပ်များ မရောင်းရမည့်အတူတူ ပြဇာတ် မင်းသား မင်းသမီးအဖြစ် တစ်ခါလောက် ဖြစ်ဖူးရန် ကြံရွယ်ကြလေ၏။

ဖက်ခွက်စားဟု တစ်ဖုံ၊ အမြင်ဟုတ်သလောက် ရင်ရှုပ်သည့်ဇာတ်ဟု တစ်ဖန် သူတို့ ဖွဲ့နွဲ့ခဲ့ကြလေသော ဇာတ်ခုံပေါ်တွင် သရုပ်ဆောင် ကပြကြမည့် စာရေးဆရာ စာရင်းကြီး ထွက်လာချေပြီ။

အလို ... အို ... အနှီစာရင်းတွင် ဆရာကြီးဗြိမှ မပါလျှင် ဘယ်ပွဲဖြစ်မလိမ့်ဟု ဆိုရပေချိမ့်။

ဆရာကြီးဗြိ၏ နာမည်ကျော် နှာခေါင်းကြီးကို မြင်ရအံ့ အလို့ငှာ ဆရာကြီးနှင့် တွဲကချင်သူ စာရေးဆရာမ အိုအယ် ကြီးငယ်လတ် ပျိုရွယ်ကလည်း အများသား။

ဆံပင်ဖြူ ကြာဆံ အလိပ်တို့ဖြင့် အမြင် မတင့်ကြသော စာရေးဆရာမ အိုအယ် အချို့သည် ဆရာကြီးဗြိနှင့် တွဲရန်အလို့ငှာ ဆံပင်တုများပင် ဖော်ရိန်းမှ ဝယ်စွပ်ကြလေ၏။

ဆရာကြီးဗြိနှင့် တွဲခွင့်ရသည့် စာရေးဆရာမများကား ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ရွှင်မြူးကြလေသည်ကား ပြောကုန်ဖွယ်ပင်မရှိ။

ထိုအချိန်တွင် “တစ်ရံရောအခါက ဘုရင်ကြီးသည် ဖင်လှန်ပြီး အီးအီးပါလေသည်”ဟူသော စာများကို တစ်ချိန်က ရေးခဲ့သည့် စာရေးဆရာကြီးဗြိမူသည်ကား စာရေးဆရာ၊ မော်ဒယ်လ် သရုပ်ဆောင် ဘဝမှသည် ပြဇာတ်မင်းသား ဘဝသို့ပင် အောင်မြင်တော့မည်ဖြစ်သဖြင့် သူ၏ကျေးဇူးရှင် နှာခေါင်းတော်ကြီးအား ရွှေကွပ်လျက် ပြဇာတ်တွင် ဝင်ရောက်ကပြပြီး ရွှေနှာခေါင်း မောင်မောင်ဗြိ အမည်ဖြင့် ရုပ်ရှင်သရုပ်ဆောင် လောကသို့ ခြေချရန် ထပ်မံ ကြံစည်လေနေတော့သတည်း။

ဗြိတိသျှကိုကိုမောင်

  • VIA