News

POST TYPE

SATIRE

သိမ်ကြီးဈေး ပြည်ထောင်စု
25-Dec-2016 tagged as

တစ်နေ့သ၌ ကျွန်ုပ်မောင်ဗြိသည် တိုက်ခန်းအတွင်းရှိ အိပ်ရာပေါ်ဝယ် စာအုပ်တစ်အုပ်ကိုဖတ်လျက် ဇိမ်ကျနေပေသည်။

ထိုအချိန်တွင် ကျွန်ုပ်နေထိုင်ရာ လမ်းအတွင်းရှိ လမ်းသူလမ်းသား အချို့မှာ ဘုရားရှင် လက်ထက်က ဂင်္ဂါမြစ်ရေလုပွဲကြီးအလား ကားပါကင် လုပွဲကြီးအား ခြိမ့်ခြိမ့်သဲ ဖေတော့ မောင်တော့ တိုက်ပွဲနွှဲလျက် ရှိလေသည်။

စနေကဲ့သို့သော အားလပ်ရက်တွင်ပင် ကောင်းစွာ အနား မယူနိုင်ဘဲ ကားပါကင် နေရာရရေး တိုက်ပွဲဆင် နေရရှာသော အနှီကားပိုင်ရှင် သူဌေးတို့၏ အသံဗလံတို့ကား စာဖတ်နေသော ကျွန်ုပ်အား များစွာ အနှောင့်အယှက် ဖြစ်စေတော့သည်။

ကျွန်ုပ်လည်း ဒေါသ အလွန် ထွက်လာသည့်အလျောက် တစ်ခုခုလုပ်မှ ဖြစ်ချေမည်ဟု ကြံမိ၏။ ထို့ကြောင့် အိပ်ရာမှ ချက်ချင်း ကောက်ထကာ အိမ်အောက်သို့ ဆင်းလိုက်၏။ 

ထို့နောက် လမ်းပေါ်ပိတ်လျက် ရန်ပွဲဖြစ်နေသော သူများထံသို့ တည့်တည့် လျှောက်သွားပြီးနောက် အောက်ပါအတိုင်း ရဲဝံ့စွာ ပြောလိုက်လေတော့သည်။

“ဟိုလေ ... နည်းနည်းလောက် လမ်းဖယ်ပေးပါ ခင်ဗျာ ... ကျွန်တော် ရှေ့က ကုန်စုံဆိုင်ကို သွားချင်လို့ပါ”

ကုန်စုံဆိုင်တွင် ဝယ်စရာ ရှိသည်ကို ဝယ်ပြီးနောက် ရန်ပွဲအား ကွေ့ရှောင်ကာ အိမ်ပေါ် ပြန်တက်ခဲ့လေသည်။ အိမ်ပေါ် ရောက်ပြီးနောက် ဆိုင်မှ ဝယ်လာသော တစ်ရာ့ငါးဆယ်တန် ဂွမ်းကို နားနှစ်ဖက်တွင် ဆို့ကာ စာဆက်ဖတ်နေ၏။ ထိုသို့ ဇိမ်ကျနေစဉ် ကျွန်ုပ်၏ အိမ်တံခါးအား အဆက်မပြတ် လာထုသောအသံ ကြားရလေသည်။

“ဒုန်း ... ဒုန်း ... ဒုန်း”

“အလို ... ဘယ်သူပါလိမ့်”

အခန်း တံခါးမကြီးကို ဖွင့်ကြည့်လိုက်သောအခါ အသားလတ်လတ်၊ ဥပဓိရုပ် ကောင်းကောင်းဖြင့် အသက် ၇၀ ကျော် လူကြီး တစ်ဦးအား တွေ့ရလေသည်။

“အဘ ... ဘယ်သူနဲ့ တွေ့ချင်လို့လဲခင်ဗျ”

“မောင်ဗြိဆိုတာ မောင်ရင်လား”

“ဟုတ်ပါတယ်ခင်ဗျ ... အဘက”

“ကျုပ် ... သန်းထွန်းပဲ”

“ပဲခူးရိုးမက သခင်သန်းထွန်းလားဗျ”

“မဟုတ်ဘူး ... ကျုပ်က ဒေါက်တာသန်းထွန်း ... သမိုင်းပညာရှင်”

“အာ ... မဖြစ်နိုင်တာ ... ဒေါက်တာသန်းထွန်းက ဆုံးသွားပြီ မဟုတ်လား”

“ဟုတ်တယ် ... ကျုပ် မောင်ရင်တို့ လူ့ပြည်မှာ မရှိတော့တာ ကြာပြီ ... အခု မောင်ရင်တို့ လူ့ပြည်မှာ ကျုပ် လေ့လာနေဆဲ သမိုင်း အချက်အလက် တစ်ခုအတွက် စိတ်ဝင်စားစရာ ကွင်းဆက်တစ်ခု တွေ့တယ်လို့ သတင်းရလို့ နတ်ပြည်က ခဏ ဆင်းလာတာ”

လောကတွင် သိပံ္ပပညာနှင့် လိုက်မမီသော အကြောင်းအရာတို့ကို မယုံမရှိပါနှင့် ... မိတ်ဆွေ။

ယခုပင် နတ်ပြည်က ဆင်းလာသော ဒေါက်တာ သန်းထွန်းသည် ကျွန်ုပ် မောင်ဗြိ၏ အိမ်ရှေ့တံခါးတွင် မြိန့်မြိန့်ကြီး ရပ်နေချေပြီ တမုံ့။

“ကျွန်တော် ဘာကူညီရမလဲ အဘဒေါက်တာ”

“မောင်ရင် ကျုပ်ကို ဘုရင်မပန်းခြံ လိုက်ပို့ပေးပါ ... အဲ့ဒီမှာ ကျုပ် အသက်ရှင်စဉ် တစ်လျှောက်လုံး လိုက်လာတဲ့ သမိုင်းကွင်းဆက် တစ်ခု တွေ့နေတယ်လို့ ကြားလို့”

ကျွန်ုပ်ကား ခေသူမဟုတ်ရငြား ဘုရင်မပန်းခြံ ဆိုသည်မှာ ယခု ဆူးလေအနီးရှိ မဟာဗန္ဓုလ ပန်းခြံကို ဆိုလိုမှန်း ချက်ချင်း သဘောပေါက်လေသည်။

ထို့နောက် မကြာခင်ပင် ကျွန်ုပ်နှင့် ဒေါက်တာ သန်းထွန်းတို့သည် အငှားကားဖြင့် မဟာဗန္ဓုလပန်းခြံ ရှေ့သို့ ရောက်ရှိခဲ့လေသည်။

မဟာဗန္ဓုလ ပန်းခြံကား စည်ကားလှချေ၏။ ပန်းခြံရှေ့ ကွက်လပ်တွင် ကားဖင်အား စင်ထိုးကာ ဟောပြောပွဲကြီး ပြုလုပ်နေပြီး အောက်တွင်လည်း လူအများ စုရုံးလျက်။

“အဘ ... ဒီပွဲလာတာလား”

“အင်း ... ဘာပွဲလဲတော့မသိဘူး ... ဒီပွဲထဲမှာ ကျုပ်ရှာနေတဲ့ သမိုင်းကွင်းဆက် တစ်ခု ရှိတယ်ပြောတာပဲ ... ဒါနဲ့ စင်ပေါ်မှာလည်း ဘုန်းကြီးတွေ တွေ့တယ် ... တရားပွဲထင်ပါရဲ့ ... ကြုံတုန်း တရားနာသွားရတာပေါ့”

ပြောပြောဆိုဆိုနှင့် ဒေါက်တာ သန်းထွန်းသည် တရားနာရန် မြေပြင်ပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်ချလိုက်သောအခါ ကျွန်ုပ်လည်း လိုက်ထိုင်ရလေတော့သည်။

“အမြစ်ဖြုတ်ကြ ... အပြတ်ရှင်းပစ် ... ထောက်ခံပါတယ်”

“အလို ... မောင်ရင်ရေ ... ထထ ... ဒါ တရားပွဲမှ မဟုတ်တာ ... ထောက်ခံပွဲတဲ့ဟ ... ထောက်ခံပွဲတဲ့”

စင်မြင့်ပေါ်တွင် ရဟန်းတော်များ မြင်သည်နှင့် တရားပွဲ မှတ်ယူခဲ့သော ဒေါက်တာ သန်းထွန်းနှင့် ကျွန်ုပ် မောင်ဗြိမှာ နောက်တစ်ဖန် အူလည်လည်နှင့် မတ်တတ် ပြန်ရပ်ရပြန်လေသည်။

“ဟော့ ... တွေ့ပြီ မောင်ရင် ... တွေ့ပဟေ့”

ခဏအကြာတွင် ဒေါက်တာသန်းထွန်းက ဝမ်းသာ အားရ ထအော်လေသည်။

ဟောပြောပွဲရှေ့တွင် တိုင်းရင်းသား ဝတ်စုံဖြင့် ရပ်နေကြသော လူတစ်စု အနီးသို့ ဒေါက်တာသန်းထွန်းက ကပ်သွားသဖြင့် ကျွန်ုပ်မှာ အမီလိုက်ရပြန်သည်။

ရှမ်း ဟူသော ဆိုင်းဘုတ် ကိုင်ထားပြီး ရှမ်းတိုင်းရင်းသား ဝတ်စုံဝတ်ထားသူများ ရှေ့သို့ ရောက်သောအခါ ...

“မောင်ရင်ရေ ... စိတ်ဝင်စားဖို့ ကောင်းနေပြီ ... ကျုပ်တစ်သက်လုံး ရှာဖွေလာတဲ့ သမိုင်း အချက်အလက်အရ ... ရှမ်းလူမျိုးဆိုတာ နန်ကျောင်နိုင်ငံ ထူထောင်ခဲ့တဲ့ တိုင်လူမျိုးကနေ ဆင်းသက်လာတာ ... အသား ဖြူနီ ... ပါးအို့နီနီလို့ သိခဲ့တာ ... အခု ကြည့်စမ်း ... ဒီမှာ တွေ့ရတဲ့ရှမ်းက ဒြာဗီဒီယန် အနွယ်ဝင်တွေလို ... အနက်နုရောင် အသားနဲ့ပါလား ... စိတ်ဝင်စားစရာပဲ”

“အခုက ဖန်လုံအိမ် အာနိသင်များနေတဲ့ခေတ် အဘရဲ့ ... ရှမ်းလည်း နေပူလို့ မည်းသွားတာနေမှာပေါ့”

“မဟုတ်ဘူး မောင်ရင်ရဲ့ ... ကျုပ် သေချာမေးပြီး သုတေသန လုပ်ရမယ် ...ရှမ်းတွေ ဘယ်က လာသလဲ ဆိုတာ ဒီနေရာမှ အဖြေရှိရင် ရှိမှာ”

“မိုင်ဆွန်းခ ... ပီနန်း”

ဒေါက်တာသန်းထွန်းက ရှမ်းဘာသာဖြင့် နှုတ်ဆက်သောအခါ အနှီ ရှမ်းမှောင်မကြီးသည် ကြောင်လည်လည်နှင့် ပြန်ကြည့်လေ၏။

“အဘ ... ဒီရှမ်းက တော်တော် ရှေးကျတဲ့ ကမ္ဘာဦးရှမ်းထင်တယ်ဗျ ... ဘာသာစကားတောင် နားမလည်သေးဘူး”

ကျွန်ုပ်က ထိုသို့ဆိုလျှင် ဆရာကြီးမှာ ခေါင်းကို တွင်တွင် ယမ်းနေလေသည်။

“ဒီက တူမ ... ဘယ်က လာပါသလဲ”

“မီးခွက်ဈေးကလေ”

“အမ်”

“အဘ မောရှမ်းတို့ ဘာတို့လိုပဲ ... သူက ဈေးရှမ်း ထင်တယ်”

“မောင်ရင်ဗြိ ... တိတ်တိတ်နေပေးစမ်းပါ”

“တူမကြီး ဝတ်ထားတဲ့ ရှမ်းဝတ်စုံလေးက လှလိုက်တာ ... ဘယ်မှာ ချုပ်ပါသလဲ”

“သိမ်ကြီးဈေးမှာ ဝယ်ရင် အများကြီး”

“တူမကြီးက ရှမ်းလား”

“ဒီမယ် ... ရှမ်းဝတ်စုံ ဝတ်ထားတယ် ... ရှေ့မှာလည်း ဆိုင်းဘုတ် တင်ထားတယ် ... မတွေ့ဘူးလား”

“အမ်”

မလှမ်းမကမ်းတွင် မွန်လူမျိုး ဟူသော ဆိုင်းဘုတ်ဖြင့် လူတစ်စု တွေ့ရပြန်သည်။

“အလို ... မောင်ရင် ... ကျုပ်သိထားတဲ့ မွန်လူမျိုး ဆိုတာ တိဗက်တိုဘားမန်းနဲ့ မွန်ခမာအုပ်စုက ဆင်းသက် လာတာ ... အခု ပွဲထဲက မွန်ဆိုတဲ့ ကောင်လေးကလည်း နီဂရစ်တို အနွယ်ဝင်တွေလို မည်းမည်းလေးပါလား”

“ဘယ်က မွန်လဲလို့ ကျွန်တော် မေးပေးရမလား ... အဘ”

“အေး ... မေးကြည့်ကွာ”

“မွန်ဝတ်စုံနဲ့ ညီလေး ... ဘယ်ကလာလဲ”

“ဘာလုပ်မလို့လဲဗျ ... ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ကူးတို့လှေနဲ့လာတာ”

“အလို ... အဘရေ ... လှေစီးမွန်ဗျ”

အဘက ကျွန်ုပ်အား ဆက်မေးရန် အချက်ပြလေသည်။

“အဲ့ဒီမွန်ဝတ်စုံလေး ဘယ်မှာ ချုပ်တာတုံး”

“သိမ်ကြီးဈေးက ဝယ်ပေးထားတယ် ပြောတာပဲ”

“ညီလေးက မွန်လား”

“ခင်ဗျား စာမတတ်ဘူးလား ... ဆိုင်းဘုတ်ရှေ့မှာ မွန်လို့ ရေးထားတယ် ... မွန်ဝတ်စုံလည်း ဝတ်ထားတယ်ဆိုတော့ ... မွန်ပေါ့ဗျ ... အလကား လာရှုပ်နေတယ် ... ဘဲကြီးတွေ”

ထိုနှယ့် ယဉ်ကျေးပျူငှာလှသော မွန်ဆိုသူ နီဂရိုးလေးရှေ့မှ ကျွန်ုပ်တို့ နှစ်ဦး ထွက်လာပြီးနောက် အခြား တိုင်းရင်းသား ဆိုင်းဘုတ် ကိုင်ထားသော ဝတ်စုံ ဝတ်များအား သုတေသန ဆက်ပြုကြလေသည်။

သုတေသန ပြုပြီးနောက် ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ကျွန်ုပ်ကို မှိုင်တွေစွာနှင့်ကြည့်ပြီး အောက်ပါအတိုင်း ပြောလေသည်။

“ကျုပ်တစ်သက်လုံး သမိုင်းပညာရှင် အဖြစ်နဲ့ မြန်မာပြည်က တိုင်းရင်းသားတွေ ဘယ်ကလာသလဲ ဆိုတဲ့ ဇာစ်မြစ်ကို သုတေသနပြု လေ့လာခဲ့တာ ဒီနေ့ ထောက်ခံပွဲဆိုတာကြီးမှာတော့ ထူးဆန်းတဲ့အဖြေ တစ်ခုကို သွားတွေ့တယ်မောင်ရင် ...”

“ဘာများလဲ ... အဘရယ်”

“ဒီနေ့ပွဲမှာ တိုင်းရင်းသားဆိုတဲ့ လူတွေရဲ့ အဖြေတွေအရ တိုင်းရင်းသား အားလုံးဟာ သိမ်ကြီးဈေးက ဆင်းသက်လာတာဗျာ။ မြန်မာလည်း သိမ်ကြီးဈေးက၊ ရှမ်းလည်း သိမ်ကြီးဈေးက၊ အို ... မွန်၊ ကရင် အကုန်ပါပဲ။ မောင်ရင်တို့ ပြည်ထောင်စုကြီးတောင် သိမ်ကြီးဈေး ပြည်ထောင်စုလို့ နာမည် ပြောင်းရမလိုပဲ ... ဒီအတိုင်းဆို ကျုပ် ရေးခဲ့တဲ့ပျူတွေ ဘယ်ရောက်သွားလဲ ဆိုတာတောင် သိမ်ကြီးဈေးမှာ သွားရှာရမလို ဖြစ်နေပြီ”

ကျွန်ုပ်ကား ထူးဆန်းပါပေ့ ဆရာကြီးရယ်ဟုသာ ညည်းမိချေတော့သည်။

....

တီ...တီ...တီ။

ထိုစဉ် ကျွန်ုပ်၏ လက်ကိုင်ဖုန်းသို့ မက်ဆေ့ဝင် လာသံကြောင့် အိပ်မက်မှ လန့်နိုးသွားလေသည်။

“ကိုကို ... မနက်ဖြန် ... သိမ်ကြီးဈေး လိုက်ပို့ပေးပါ”

ကျွန်ုပ်၏ လေဒီမဖုရားထံမှ ပို့လာသော မက်ဆေ့ စာချွန်တော်ကို ဖတ်ပြီးသကာလ။

ဖတ်လက်စဖြင့် အိပ်ပျော်သွားသော ဒေါက်တာ သန်းထွန်း၏ ပျူတွေ ဘယ်ရောက်သွားလဲ စာအုပ်ကို အသာချကာ အိပ်မက်ထဲမှ ထူးဆန်းသော သိမ်ကြီးဈေး တိုင်းရင်းသားကြီးများ အကြောင်းကို တွေးတောရင်း ...။

(လေးစား တန်ဖိုးထားရပါသော သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း၏ အမည်အား ယူငင် သုံးစွဲထားသည့်အတွက် ကွယ်လွန်သူ ဆရာကြီးနှင့် သက်ဆိုင်သူ အားလုံးအား အနူးအညွတ် တောင်းပန်အပ်ပါသည်။ အဂါရဝ တရားဖြင့် သုံးစွဲထားခြင်း မဟုတ်ဘဲ လေးစား ဂုဏ်ပြုသောအားဖြင့် ထည့်သွင်းထားခြင်းသာ ဖြစ်ကြောင်း ဆရာကြီး ဒေါက်တာသန်းထွန်းအား ကန်တော့ပန်းဆင် အပ်ပါသည်။)

ဗြိတိသျှကိုကိုမောင်

  • TAGS