News

POST TYPE

SATIRE

ပုဒ်မ ၆၆ ကို တိမ်းရှောင်နည်း
18-Dec-2016
ငါ့တူမောင်များ ... နေကောင်းကြပါစ။

ဦးလေးဗြိဖြင့် အခုတစ်လော တယ်လည်း နေမကောင်းချင်လှဘူး။ နေမကောင်းချင်ဆို ဦးလေးဗြိ နေသဟာဖြင့် တရုတ်လုပ်ဖုန်းအပြားလေး တစ်လုံးနဲ့ ဖေ့ဘွတ်ပေါ်မှာပဲ တစ်နေကုန်တာကိုးကွဲ့။

အဲ့ဂလို တစ်နေကုန် အထိုင်များလို့ အညောင်းမိ သလားတော့ မထင်နဲ့မောင်။ မဟုတ်ဘူးဗျ။

အခုတစ်လော တူမောင်တို့လည်း ကြားမှာပေါ့။ ဟို ၆၆ (ဃ) ဆိုတဲ့ ပုဒ်မနဲ့ ဖေ့ဘွတ်ပေါ်က လူတွေ တစ်ယောက်ပြီးတစ်ယောက် ကွိ နေမင့်မဟုတ်လား။

အဲ့သဟာကြီးက မတော်တဆ ကိုယ့်ဝင်ဆောင့်နေမှဖြင့် အာမခံမရ၊ ဘာမရ အနည်းဆုံး ခြောက်လ တော့ အောင်းရမယ်ဆိုပြီး ဦးလေးဗြိဖြင့် ဖုန်းမပွတ်ရဲဘဲ ရှောင်နေတာ ကြာလှပေါ့။

ပွတ်နေကျ မပွတ်ရတော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရနဲ့ ဖေ့ဘွတ်က သောက်တင်းတွေ အပေးအယူ မမျှတော့ နေမထိ ထိုင်မသာ ဖြစ်ရတယ်။

နာမည်တောင် ယတြာကျေအောင် ဦးလေးဗြိကနေ ဦးဖုန်းရှောင်လို့ ပြောင်းမလား စဉ်းစားနေတယ်။

ကဲ ... ကဲ ... ဦးလေး ပြောမယ်ကွယ်။

အဲ့ဒီပုဒ်မကြီးကိုဖြင့် လူကြားကောင်းအောင် ခြောက်ဆယ့်ခြောက်လို့သာ ပြောနေရတာ။ တကယ်တမ်းပြောရမယ် ဆိုရင်တော့ ဖေ့ဘွတ်ပေါ်မှာ ပေါက်လွှတ်ပဲစားရေးတဲ့ လူတွေကို ဖမ်းတဲ့ ပုဒ်မကြီးပါပဲ။

တချို့များကတော့ ဟေ့ ကိုယ်မှန်တယ် ထင်လို့ ကိုယ်ရေးတာပဲလို့ ကြီးကြီးကျယ်ကျယ် ပြောကြမှာပေါ့။

သို့ပေသိ အဖမ်းခံရတဲ့ ငတိများကို ကြည့်ရလျှင်ဖြင့် အများအားဖြင့် ရေးကြတာကတော့ “တစ်အိမ်ကျော်က ထော့ကျိုးမောင်ပိန် သမီး မျက်စိတစ်ဖက်လပ် ကောင်မလေးဟာ တောင်ပိုင်းက ဝက်ရူးပြန်ရှိတဲ့ ငထွန်းနဲ့ ငြိနေကြတယ်လေ”ဆိုတာမျိုးတွေချည်း ရေးကြတာပါကွယ်။

ငါ့တူမောင်ကြီးများဟာလည်း တစ်နေ့တစ်နေ့ အလုပ်လေး လတ်လျားလတ်လျား ဖြစ်တာနဲ့ ဦးလေးတို့ မြန်မာပြည်ကြီးကိုသာမက ကမ္ဘာကြီးကိုပါ ဖုန်းတစ်လုံးနဲ့ ကယ်တင်ဖို့ ကြံစည်နေကြတယ် ဆိုတာ ဦးလေးဗြိ သိပါတယ်။ ဦးလေးကိုယ်တိုင်ကလည်း ရှေ့ဆောင်မင်းသား ဖြောင့်ဖြောင့် သွားပြနေမင့်ကိုးကွ။

ဒီတော့ ဖေ့ဘွတ်ပေါ်မှာ ဖုန်းတစ်လုံးနဲ့ ဆူပါ ကယ်တင်ရှင်လုပ်နေတုန်း မတော်တဆ ခြောက်ဆယ့်ခြောက် ထောင်ချောက်ထဲ ကျသွားမှာတော့ ဦးလေး ဖြင့် ပူသကွဲ့။

နို့ ဦးလေးဗြိရယ်။ ဒီဖေ့ဘွတ် ဆိုသဟာမှာဖြင့် သူများ မကောင်းကြောင်း သောက်ဖောင်းထုပြီး ကိုယ့်ကောင်းကြောင်း များများ ရေးရပေမင့်ဟာ ကျုပ်တို့မှာဖြင့် ဒါမရေးရင် ဘာသွားရေးရမလဲဆိုပြီး စိတ်မပူကြပါနဲ့။

မရေးရင် မနေနိုင်တဲ့ ငါ့တူမောင်ကြီးများအတွက် လူလည်း လျှောက်သာ၊ ဈေးသည်လည်း ရောင်းသာ ဆိုတဲ့ ရန်ကုန်စည်ပင် ပလက်ဖောင်းနည်းတွေကို  ဒီသတင်းစာကနေတစ်ဆင့် ဦးလေးဗြိ ပေးမကွဲ့။

ဖေ့ဘွတ်ပေါ်မှာ ငါ့တူကြီးများ ရေးကြသားကြတဲ့အခါ နံပါတ် တစ်အချက် ရှောင်ရမှာကတော့ အစိုးရပဲကွဲ့။

အစိုးရ ဆိုတာကတော့ဖြင့် သူ့ကို သွားထိရင် အကုန်ပြန်တွယ်တဲ့ အမျိုးကြီးပဲ။ လူကိုပစ်တဲ့ လူပစ် အစိုးရ၊ လူကိုရိုက်တဲ့ လူရိုက်အစိုးရ၊ လူကိုထုတဲ့ လူထု အစိုးရ ... အို အစိုးရမှန်သမျှကတော့ ဒီနေရာမှာ အားလုံး အတူတူပဲ။

အာသဝေါ ကုန်ခန်းပြီး ခန္တီပါရမီနဲ့ပြည့်စုံတဲ့ ပွင့်လေပြီးသော ဘုရားအပေါင်းစုပြီး ညွှန့်ပေါင်းအစိုးရ ဖွဲ့ထားရင်တော့ တစ်မျိုးပေါ့လေ။

တစ်လောလေးက ကြားလိုက်ရဲ့မဟုတ်လား။

လူတကာကို အဲ့ဒီ ၆၆ ဆိုတာနဲ့ ပတ်တွယ်နေတဲ့ မီဒီယာကြီးတောင် အစိုးရကို သွားတွယ်မိတာ ... ဟိုက ပြန်နှံလိုက်လို့  အီစလံဝေပြီး လက်ညှိုးတွေတစ်ထောင် ထောင် သွားကလေး တဖြဲဖြဲ မော်စကို ခရီးစဉ်ဓာတ်ပုံတွေလည်း မောင်ရင်တို့အမြင်ပဲ။

ကိုင်း ... ဒီတော့ နံပါတ်တစ် အစိုးရကို ရှောင်။

အဲ့ .... သို့ပေသိ အစိုးရကို တွယ်ရမှ နေသားထိုင်သားရှိပါတယ်ဆိုတဲ့ တူမောင်ကြီးများ အတွက်တော့ နံပါတ်နှစ်နည်း ရှိပါသဗျာ။

ဒါကတော့ အာပတ်လွတ်အောင် ရေးနည်းပေါ့။

ဟိုးအရင် အဘကြီးတို့ အစိုးရမင်းများ လက်ထက်က ခြောက်ဆယ့်ခြောက်နဲ့ညားတဲ့ ဟိုကဗျာဆရာလေး ဆို မောင်ရင်တို့ သိမှာပေါ့။

သူ ရေးတယ်လေ။ ငါရဲ့ ဟိုဒင်းနေရာမှာ သမ္မတကြီးပုံ တက်တူး ထိုးတယ်ဆိုလား အဲ့ဒီကဗျာ။

အိမ်း ... ဒါမျိုးကျ ... လွတ်အောင် ရေးတတ်ရင် ဖမ်းမရဘူး။ ဦးဗြိ ရေးပြမယ်။

“ငါ့ရဲ့ ဟိုဒင်းအဝှာမှာ ရန်ကုန်မြို့၊ ယောက်လမ်း မှတ်တိုင်က ရုပ်ရှင်ရုံ ဆိုင်းဘုတ်ကြီးပုံ တက်တူးထိုး လိုက်တယ်”

ကိုင်း ... ဘယ့်နှယ်ရှိစ။ ဒီလို ရေးလိုက်တော့ ပိုပြီးတောင် မော်ဒန် ဆန်သွားတယ် မဟုတ်လား။

ကဗျာကို နားမလည်ဘူးလား။ ယောက်လမ်း မှတ်တိုင်မှာဆင်းပြီး ရုပ်ရှင်ရုံ ဆိုင်းဘုတ်ကို သွားဖတ် ကြည့်။ တစ်ခါတည်း ဉာဏ်အလင်း ပွင့်သွားစေရမယ် မှတ်။

ရုပ်ရှင်ရုံပိုင်ရှင်က တရားစွဲမယ် မဟုတ်လား။ အဲ့ဒီအခါကျ ကျွန်တော်က ခင်ဗျား ရုပ်ရှင်ရုံကို ကြော်ငြာ ပေးတဲ့အနေနဲ့ တက်တူး ထိုးထားတာလို့ ပြန်ပြောလိုက်။

နို့ ... မင်းက ဘယ့်နှယ် လူ မမြင်တဲ့ ဒီနေရာကြီးမှာထိုးပြီး ဘယ်လို ကြော်ငြာမှာတုံးဆို။

လူမြင်နိုင်တဲ့နည်း ရှိပါတယ်။

ပန်းဆိုးတန်း ခုံးတံတားအောက်က ကလေးမလေးတွေ၊ မင်္ဂလာဈေးက သူငယ်မလေးတွေ မြင်သာအောင် ကျွန်တော် ဒီညပဲ သွားကြော်ငြာပေးပါ့မယ် ဆိုပြီးပြောလိုက် ... မောင်ရင့်ကို အဝှာခ တစ်သိန်းလောက်တောင် ဘောက်ဆူး ပေးလိုက်ဦးမယ်။

အဲ ... ဟိုရောဂါ ဒီရောဂါတွေ ပါလာမှာတော့ သတိထားပေါ့ကွယ်။

ဒါပဲ ... အပြောတတ်ရင် အာကာသယာဉ်တောင် ပုဇွန်တောင်ချောင်းထဲ ရေငုပ်ခိုင်းလို့ ရတယ်ဆိုတာ။

အခု မောင်ရင်တို့ ဖေ့ဘွတ်မှာ နာမည်ကြီးနေတဲ့ ဝန်ပြုတ်၊ မတ်ပြုတ်၊ ဗိုလ်တွေကို အတုယူကွဲ့။

သူတို့လည်း သဘောတရားအရ ပေါက်လွှတ်ပဲစားတော့ ရေးနေတာပဲ။ ဒါပေမဲ့ ဟိုလူ့ပြောသလိုလို ဒီလူ့စောင်းသလိုလို စကားလိမ်လေးတွေနဲ့ အီစီကလီလေး နည်းနည်းအုပ်ပြီး စော်တာပဲ။

ဒါကျ အီစီကလီ ပေါက်လွှတ်ပဲစားနည်းလို့ ခေါ်သကွဲ့။

တူမောင်တို့ကတော့ဖြင့် ခုန ဦးဗြိပြောတဲ့ အစိုးရ ရှောင်နည်းကိုလည်း မသုံးချင်ဘူး။ အီစီကလီ ပေါက်လွှတ်ပဲစား ရေးနည်းလည်း မတတ်ဘူး ဆိုပါတော့။

နောက်ဆုံး နည်းလမ်းကတော့ ဦးဗြိ အခု သုံးနေတဲ့နည်းပဲ။ ကိုယ့်ကိုယ်ကိုယ် သတိပေးနေတဲ့ နည်းလေးပေါ့ တူမောင်တို့ရာ။

ဖေ့ဘွတ် သုံးမယ်ဆို ကိုယ့်ဘေးမှာ စားပွဲတင် နာရီလေး ချထားကွဲ့။

ဖေ့ဘွတ်ပေါ်မှာ အခု အစိုးရကိုပဲဖြစ်ဖြစ်၊ သွားလေသူ အစိုးရက လူတွေကိုပဲဖြစ်ဖြစ်၊ တခြား ကိုယ် မကြည်တဲ့ ဘယ်သူ့ကိုမဆို နင်မေ့ကလိန်း၊ မွေးမေလခွမ်း အဲ့ဒါမျိုး ဆဲချင်ပြီဆို နာရီလက်တံလေးရဲ့ အသံလေးကို နားစိုက်ထောင်လိုက်။

ဘာကြားရမယ်ထင်လဲ။

ခြောက် ... ခြောက် ... ခြောက် ... ခြောက် ... တဲ့။

ကိုင်း ... ဒါဆို ဟိုပုဒ်မကို မောင်ရင်တို့ သတိရသွားပြီး စတီးလက်ကောက် ချီးမြှင့်ခံခဲ့ရတဲ့ ဗိုလ်အောင်ဒင်တို့ မမြဝင်းတို့ သူရဲကောင်း အစဉ်အဆက်ကို မျက်စိထဲ မြင်ယောင်လာလိမ့်မယ်။

အဲ့ဒီအခါကျ ကိုယ့်ဘာသာ ဆင်ခြင်ရတာပေါ့ကွယ်။

နို့ ပြောကြမယ်။ ကျုပ်တို့ကျ ဆင်ခြင်ခိုင်းတယ်။ ခင်ဗျားကြီးကရော ဆိုတာတော့။

ဟဲ...ဟဲ...

ဦးလေးဗြိဟာဖြင့် အသက်က ထောက်လာပြီ။ စာနယ်ဇင်းတွေမှာရော ဖေ့ဘွတ်ပေါ်မှာပါ လက်သရမ်းတာလည်း များလှပြီကွယ့်။

ပင်ပန်းလှပြီ။

ဖေ့ဘွတ်ပေါ်မှာ ဟိုဘက်ဒီဘက် ဟိုလူဒီလူကို ဟိုဆဲ ဒီဆဲ လုပ်ရတာ မချောင်ဘူးဆိုတာ သိတယ်။

ဒီတော့ ... ဟိုဘက်နဲ့တွေ့ရင် ဟိုဘက် ... ဒီဘက်နဲ့တွေ့ရင် ဒီဘက် အီစီကလီထက်မြင့်တဲ့ စမူဆာ ချွန်တွန်းလေး လုပ်ရင်လုပ်။

ဒါမှမဟုတ် ကလော်သစ်စ ခြောက်ဆယ့်ခြောက် အလောင်းအလျာလေးတွေကို အခုလိုမျိုး တစ်ဖက်လှည့်နဲ့ မြှောက်ပေးတဲ့ စာတွေကို သတင်းစာမှာ ရေးရင်ရေးပဲ လုပ်တော့မယ်။

သတင်းစာမှာ ရေးတာ ပိုက်ဆံရတယ် ... ဖေ့ဘွတ် ပေါ်မှာရေးရင် လက်မြင်တယ်။ လက်မြင်တယ်ဆိုတာ အခြား မဟုတ်ဘူး လက်ထိတ်မြင်တာကို ပြောတာကွဲ့။

အခုတစ်လော ကျန်းမာရေးကလည်း တယ် မကောင်းချင်လှဘူး။ နောက်နှစ်တွေမှာပဲ အမေရိကန် သမ္မတပဲရွေးရွေး၊ ဗြိတိန်ဝန်ကြီးချုပ်ပဲ ရွေးရွေး ဒိုင်ခံ ကျွေးနေတဲ့ ဟိုအညာက မုန့်ဟင်းခါးလေး သွားစားချင်သေးတယ်ကွယ်။

ဒီတော့ဖြင့် ဒီစာကို ဒီလိုလေးပဲ အဆုံးသတ် ချင်တယ်။

ဦးလေးဗြိ ပြောမယ် ... တူမောင်တို့ ... စားပွဲတင် နာရီလေးတွေ ဆောင်ထားကြ ... ခြောက် ခြောက် ... ခြောက်ခြောက် ... နဲ့ ... အသံလေးက ကိုယ့်အတွက် အားကြီးအကျိုးရှိသကွဲ့။

ဂဏှာဟိ ... မှတ်ကြကုန်လော ... တူမောင်တို့။

ဗြိတိသျှ ကိုကိုမောင်


  • VIA