News

POST TYPE

SATIRE

နတ်ကြီး လေးပါး တိုင်းရေးပြည်ရာ ဆွေးနွေးခန်း
04-Dec-2016
မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ နတ်တော် လဆန်း ၄ ရက်နေ့ ညနေစောင်းအခါ သမယ၊ ရန်ကုန်မြို့၊ အင်းလျားကန်ဘောင်အနီး အနားတွင်ရှိသော နတ်စတော့ရင့် တစ်ခုအတွင်း ရန်ကုန်မြို့၏ အထင်ကရ မြို့စောင့်နတ်ကြီးများ ဖြစ်ကြသော ဆူးလေ ဘိုးဘိုးကြီး၊ ဗိုလ်တထောင် ဘိုးဘိုးကြီး၊ ဥက္ကလာပ ဘိုးဘိုးကြီး၊ မှော်ဘီ ဘိုးဘိုးကြီးတို့ တွေ့ဆုံပြီး အောက်ပါအတိုင်း စည်းဝေး ပြောဆိုကြလေ၏။

ဆူးလေနတ်ကြီး - ဘိုးဘိုးများ ခုလိုမျိုး စည်းဝေးဖြစ်ကြတာ ဝမ်းသာသဗျာ။ ကျုပ်တို့ချင်း မဆုံဖြစ်တာဖြင့် နှစ်ပေါင်း မနည်းတော့ပဲကိုးဗျ။

ဥက္ကလာပနတ်ကြီး - ဟုတ်ပ ကိုဆူးလေရေ ... ရန်ကုန် ရွှေမြို့တော်ဟာ အရင့်အရင်ခေတ်များလို သွားရေးလာရေး တယ်မသာတော့ ကျုပ်တို့မှာ အချင်းချင်း ဒီဂလို ဆုံဖို့တောင် ခက်ပပေါ့လား။

ဗိုလ်တထောင်နတ်ကြီး - ဟုတ်တာပေါ့ဗျာ ... ဟိုတစ်လောလေးက ကျုပ်တို့ ဂျူနီယာ ကြည့်မြင်တိုင် နတ်လေးက သူ့နတ်ကွန်း ဖွင့်ပွဲလေးဖိတ်လို့ လူက ဇာတိအသွင်လေး ပြောင်းပြီး ဗိုလ်တထောင်ကနေ ကြည့်မြင်တိုင်ကို ဘတ်စ်ကားလေးနဲ့ သွားမိပါတယ်။ မှတ်တိုင်ရောက်လို့ အဆင်းမှာ ... သယ် ... ဒီအဘိုးကြီး ဆင်းမှာဖြင့် မြန်မြန်မဆင်းဘူး ... တုန်ချိချိဖြစ်နေတယ် ဆိုပြီး စပယ်ယာက ကျုပ်ကို ကန်ချလိုက်တာ ဒူးခေါင်းတောင် အဆစ် လွဲသွားသဗျ။ မလွယ်ဘူး ကိုယ့်ဆရာ တို့ ... မလွယ်ဘူး။

မှော်ဘီနတ်ကြီး - အောင်မလေး ... ဗိုလ်တထောင်ရယ် ... ခင်ဗျားလို အာရကေရွှင်တဲ့ ဘောစိဘိုးဘိုးက များ ဘတ်စ်ကား စီးသွားရတယ်လို့ ကြား မကောင်းပါဘူးဗျာ ... မသကာ တက္ကစီလောက် ငှားသွားပေါ့ဗျ ... နို့ ... ခင်ဗျားဆီ လာပြီး ခင်ဗျားလက်ညှိုးနဲ့ အထိုးခံ ကြရတဲ့ နိုင်ငံခြားက လူတွေ လှူထားတဲ့ ငွေတွေ မနည်း မနော ဘယ်သွားစုထားတုံးဗျ။

ဗိုလ်တထောင်နတ်ကြီး - အောင်မလေး...မထင် နဲ့ ကိုမှော်ဘီရေ...ကျုပ်က လက်ညှိုးပဲ ထိုးပေးရတာဗျ၊ ရလာတဲ့ငွေက ကျုပ်နဲ့ မဆိုင်ဘူးဗျ။ အဲဒါ ဘတ်ငွေတွေဗျ။ ဘတ်ငွေတွေ။

ဆူးလေနတ်ကြီး - ဘာဗျ ... ဘယ်လို ... ဘယ်လို။ ဘတ်ငွေဆိုတော့ ... ဒီငွေတွေကို ဂေါ ... ဂေါ ... ဂေါ။

ဗိုလ်တထောင်နတ်ကြီး - ဟာ ... ဟေဟေ့ ... အဲ့ဒီလို တလွဲမတွေးပါနဲ့ဗျာ။ တော်ကြာ သတင်းစာထဲ ကျုပ်က အဲ့လို ပြောပါတယ်ဆိုပြီး အဲ့ဒီဂေါတွေက ဘုရားပေါ်က ကျုပ်ကို တရား လာစွဲနေပါ့မယ်ဗျာ ... ဒီလိုဗျ ... တစ်နေ့တစ်နေ့ ကျုပ်ဆီ လာပြီး ပဝါဆက်ကြ၊ လက်ညှိုး ထိုးခံရတဲ့ လူတွေက ထိုင်းနိုင်ငံသားတွေ များတယ်ဗျ။ ဒီတော့ ဘတ်ငွေတွေ လှူကြတာပေါ့ဗျာ။ အဲ့ဒါပြောတာ။ အဲဒီ ဘတ်ငွေဆိုသဟာလည်း ကျုပ်လက်ကြားမှာ ခဏ ကိုင်ရတာပါဗျာ။ ကျန်တာဖြင့် ဂေါပက က ဘုရားကြီး ရန်ပုံငွေ ဆိုပြီး သိမ်းသွားကြတာပါဗျ။ အထင် မကြီးပါနဲ့ ဘိုးဘိုးတို့ရာ။

ဥက္ကလာနတ်ကြီး - ဒါနဲ့ ဘိုးဘိုးတို့ ... အခုရက်ပိုင်း ကြားရတဲ့ သတင်းတွေက အဆန်းပဲဗျ။ ဘာတဲ့ ... ဆီလီကွန် အရုပ်ဆိုလား ဘာဆိုလား ဝယ်မယ့် ဆယ့်သုံး ပါတီက လူကြီးတွေ စုပြီး လက်မှတ် ထိုးကြတာ လမ်းဘေး ဈေးသည်တွေ ညဈေးတန်းဆီ ဂျောင်းကုန်ရောတဲ့ဗျ။

မှော်ဘီနတ်ကြီး - အလိုဗျာ ကိုဥက္ကလာနှယ် ... အသက်ကြီးတော့ နားတွေများ ထိုင်းကုန်ပြီလားဗျ ... ခင်ဗျား ပြောတာတွေက နားစွန်နားဖျား ဗလုံးဗထွေး သတင်းစုချုပ်ကြီးပဲ။

ခင်ဗျား ပထမ ပြောတဲ့ဟာက အခု ခေတ်စားနေတဲ့ ဆီလီကွန်ဆိုတဲ့ ရုပ်တုတွေကို နေပြည်တော်က အများဆုံး မှာတယ်ဆိုတဲ့ သတင်းဗျ။

ဗိုလ်တထောင်နတ်ကြီး - နို့ ... နေပြည်တော်မှာလည်း နတ်အသစ် ပေါ်တယ်ပေါ့ ဟုတ်လား။ ဆီလီကွန် နတ်ဆိုတော့ နာမည်က တယ်လည်း အထူးအဆန်းပဲဗျ။

မှော်ဘီနတ်ကြီး - ဟာ ... ဗိုလ်တထောင်နှယ် ... ပိန်းချက်ကဗျာ ... မှတ်ထားဗျ ... ဆီလီကွန်နတ် မဟုတ်ဘူး။အင်မတန် နူးညံ့ ပျော့ပျောင်းပြီး ဆီလီကွန်လို့ ခေါ်တဲ့ ရော်ဘာ တစ်မျိုးနဲ့ လုပ်ထားတဲ့ အရုပ်မတွေ အရုပ်မတွေ။

ဆူးလေနတ်ကြီး - အလို ဒီနေပြည်တော်က မှူးကြီး မတ်ရာ အရာရှိ အရာခံ မင်းများကလည်း ကလေး မဟုတ် သူငယ် မဟုတ် ဒီအရုပ်မတွေနဲ့ ဆော့ ကြသတဲ့လား။

မှော်ဘီနတ်ကြီး - မြို့ပေါ်နေတဲ့ နတ်ကြီးတွေ ဖြစ်ပြီး တယ်လည်း ဗဟုသုတ ခေါင်းပါးကြသကိုး။ အဲ့ဒါ ကလေးကစားစရာ မဟုတ်ဘူး။ လူကြီး ကစားစရာဗျ။ လူကြီး ကစားစရာ။ ခင်ဗျားတို့ နတ်အိုကြီးတွေကို ဒီကိစ္စမျိုးက တယ်လည်း ရှင်းပြရခက်သကိုး။

ဗိုလ်တထောင်နတ်ကြီး - ကိုမှော်ဘီက အစွန် အဖျားနေပေမင့် ဗဟုသုတက ကြွယ်ဝသကိုးဗျ။ ဒါနဲ့ ဟိုဆယ့်သုံးပါတီ ဆိုတာကလည်း တိုင်းပြည်မှာ မငြိမ်မသက် အထိတ်တလန့်တွေ ဖြစ်နေလို့ ဘာလုံ အစည်းအဝေးဆိုလား ခေါ်ဖို့ လက်မှတ်ထိုး တောင်းဆိုကြတယ်ဆိုဗျ။ နို့ ... သူတို့က တောင်းဆိုရအောင် သူတို့က ပြည်သူ့ ကိုယ်စားလှယ်တွေလားဗျ။

မှော်ဘီနတ်ကြီး  - ထပ်သရီး ... ဘယ့်နှယ် ပြောလိုက်ပါလိမ့် ဗိုလ်တထောင်ရယ် ... ပြည်သူက ကန်ထုတ်လို့ ကွင်းပြင် ရောက်သွားတဲ့ တလိမ့်ခေါက်ကွေး ဘေး ထွက်ဘောရယ်၊ ပြည်သူက အဖက် မလုပ်လို့ ဆံပြုတ် သည်တစ်သိုက်ရယ် ပူးပေါင်းပြီး မနာလိုတိုရှည်ရောင်းပြီး တိုင်းပြည်ကို ချောက်ထဲ ပြန်မြှူဆွယ်နေတဲ့ ဂရုပါဗျာ။

ဥက္ကလာနတ်ကြီး - ခမျာတွေက မနေတတ်ကြဘူး။ အနီကတ်နဲ့ ကွင်းပြင် ထွက်ရတာတောင် ကွင်းထဲ ခဲနဲ့ လှမ်းထုချင်သေးတယ်။ တယ်ခက်တဲ့လူတွေပဲ။

ဆူးလေနတ်ကြီး - အို ဘယ်လိုဖြစ်ဖြစ် ... အဲ့ဒီ ... မနာလိုတိုရှည် ရောင်းတယ်ဆိုတဲ့ အုပ်စုကြီး ကျုပ် နယ်မြေထဲ လာမရောင်းစေနဲ့ဗျို့ ... ကျုပ်နယ်မြေက ဈေးသည်တွေကိုတောင် ဟိုးညဈေး နှင်လွှတ်ထားတာ။ ကျားသေကို ဖင်ယားပြီး အသက် သွင်းချင်လှတဲ့ သင်းတို့လည်း ကမ်းနားဈေးမှာ တိုရှည်သွားရောင်းပါစေဗျာ။

မှော်ဘီနတ်ကြီး - နို့ ... ကိုဆူးလေရဲ့ ... အခု ရန်ကုန် မြူနီစီပယ်က မြို့ထဲက ပလက်ဖောင်းဘေးတွေမှာ ဈေးရောင်းခွင့် မပေးတော့ဘူး ဆိုတော့ နေရာ ကျယ်ကျယ်ဝန်းဝန်း တော်တော် ရှိလာမှာပဲဗျ။

ဆူးလေနတ်ကြီး - မထင်နဲ့ ... ကိုမှော်ဘီရေ ... လမ်းဘေးဈေးသည်တွေ မရှိပေမင့် ဘယ်ကမှန်းမသိတဲ့ မော်တော်ကားတွေက အဲ့ဒီနေရာတွေမှာ ဖင်ထိုး ခေါင်းထိုးနဲ့ နေရာ ယူကြသဗျိုး။ ဈေးဗန်း ခွကျော်ရတဲ့ ဒုက္ခက လွတ်ပြီး ကားဖင်ရှောင်ရတဲ့ဒုက္ခ တိုးလာတာပါပဲ ... ငှဲငှဲ။

ဥက္ကလာနတ်ကြီး - ရန်ကုန်မြို့အရေးတွေချည်း ဘိုးဘိုးတို့က ပြောနေတော့ ကျုပ်ဖြင့် အခု တိုက်ပွဲတွေ ဖြစ်နေတဲ့ နယ်စပ် အရေးလေးလည်း သိချင်လှသဗျာ။

မှော်ဘီနတ်ကြီး - ခွတော့ ကျသဗျာ။ ပြည်သူ့ လွတ်မြောက်ရေး၊ ပြည်သူ့ ကာကွယ်ရေး ဆိုပြီး မဆီမဆိုင် ပြည်သူတွေချည်း မာလကီးယားကုန်တာ နယ်စပ် အရေးပေပဲဗျ။

ဥက္ကလာနတ်ကြီး - အေးလေ ... အေးလေ ... ကြားမိတာကတော့ဖြင့် မြောက်ပိုင်း မဟာမိတ် ဆိုလား အဲ့ဒီ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ တင်သွင်းတဲ့ အဆိုကို လွှတ်တော်မှာ မဲခွဲတာ ရှုံးသတဲ့ဆို။

ဆူးလေနတ်ကြီး - လေးဖွဲ့ပဲလားဗျာ။ ကျုပ် သဘောကတော့ဖြင့် နှစ်ပေါင်း ခြောက်ဆယ်လောက် သူတို့ အချင်းချင်း ပြန်တည့်လည်း ပြည်သူပဲ ခံ။ သူတို့ အချင်းချင်း ပြန်ဆော်လည်း ပြည်သူပဲခံ ဆိုတော့ ကျုပ်ဖြင့် ပြည်တွင်းစစ်လို့ နာမည် မပေးဘဲ ပြည်သူခံစစ်လို့သာ နာမည် ပြောင်းပေးလိုက်ချင်သဗျာ။

ဗိုလ်တထောင်နတ်ကြီး - ဒါများဗျာ ... အဲ့ဒီ မီးပေါက် လက်နက်ကိုင်တဲ့ အုပ်စုတွေ အကုန်လုံး အကြမ်းဖက် အဖွဲ့အစည်းထဲ ထည့်လိုက် အေးရော မဟုတ်လားဗျ။ မီးပေါက်သေနတ် ကိုင်ထားပြီး ပြည်သူကို ဒန့်စ်က ကပြတာတော့ တစ်ယောက်မှ မတွေ့မိဘူး။ မတွေ့မိ ဆို ... ၂၀ဝ၇ အရေးအခင်းက ကျုပ်ရှေ့မှာ ဘုန်းကြီးတွေပါ ဆော် ... ပလော် ... လော် ... လော်။

မှော်ဘီနတ်ကြီး - ဟေ့ ... ဟေ့ ... ဗိုလ်တထောင် ခင်ဗျားနှယ့် ... သတိထားပါဗျာ ... ဘယ့်နှယ် ခုခေတ် စားနေတဲ့ ၆၆ ဃ နဲ့ ငြိနေမှ နတ်အိုကြီးတန်မဲ့ ကားပြာ ကြီးစီးနေရပါ့မယ်ဗျာ။ အစိုးရ၊ အတိုက်အခံ ကြိုက်တာကို ပြောလို့ရတယ် ... မီးပေါက် လက်နက်သမားတွေကိုတော့ အပြောအဆို သတိထားနော့။ ကျုပ်လည်း နတ်ပေမယ့် သူတို့တော့ ကြောက်တယ်ဗျ။

ဥက္ကလာနတ်ကြီး - အခု တစ်လော ဟော့နေတဲ့ စင်ကာပူကို နှစ်နှစ်ဆယ်ကျော်အတွင်း ကျော်တက်ရမယ်ဆိုတဲ့ ကိစ္စရော ဘယ်လို ထင်ကြတုံးဗျ ... ဘိုးဘိုး။

ဆူးလေနတ်ကြီး - ဒါများဗျာ ... ဟိုးအရင် အဘတို့ လက်ထက်ကလည်း စင်ကာပူကို မီအောင် လုပ်ပေးခဲ့ပါတယ်ဗျ။ စင်ကာပူဆိုတဲ့ နိုင်ငံဟာ ကုလားရယ်၊ တရုတ်ရယ် အများဆုံး ဖက်စပ်ထားတဲ့ နိုင်ငံမဟုတ် ပေမင့်လား။ အဘတွေ လက်ထက်မှာလည်း ကျုပ်တို့ နိုင်ငံကို ကုလားရယ်၊ တရုတ်ရယ် ခေါ်သွင်းပေးခဲ့တာ စင်ကာပူလို ဖြစ်စေချင်လို့ မဟုတ်လားဗျ။ စင်ကာပူလို ချမ်းသာဖို့ကိုတော့ အခု နောက်တက်တဲ့ မောင်ရင်တွေ လုပ်ပေါ့။ အရင်အဘတွေကတော့ တရုတ်၊ ကုလားတွေ ခေါ်သွင်းလာတာနဲ့ကို တာဝန်ကျေပြီ။

မှော်ဘီနတ်ကြီး - အလိုလေး ... ကိုဆူးလေနဲ့ ပြောလိုက်ရင်ဖြင့် ဒီလိုချည်းပဲ။

ဘာပဲဖြစ်ဖြစ်ဗျာ ... ဟိုး ကုလားဖြူတွေခေတ်ကလည်း မောင်အောင်ဆန်းတို့၊ မောင်နုတို့က လုံးဝ လွတ်လပ်ရေးလို့ ဆိုခဲ့တာပဲ မဟုတ်လားဗျ။

ဒါကို ဘကြီးဘဘေတို့ တစ်စုက နင်တို့လောက် လေးခွလောက် ရှိတဲ့ကောင်တွေက ဟောင်ဝပ်ဇာ အမြောက်ပိုင်ရှင် ဗြိတိသျှ နေမဝင် အင်ပါယာကြီးဆီက ဒိုမီနီယံလောက်ပဲ မျှော်ကြလို့ ရယ်သွမ်းသွေးခဲ့ကြသမို့လား။ နောက်ငါးနှစ်ကျော်လား ကြာပါတယ်။ အင်္ဂလိပ်မင်းတွေ အီစတွန့် ဗွမ်ပြီး ယူနီယံဂျက် အလံကြီး တိုင်ပေါ်ကဆင်း ... ပြည်ထောင်စု မြန်မာနိုင်ငံ အလံကြီးက ဒန့် တန့်တန့်ဆို တက်လာတာလေ။ မဖြစ်နိုင်ဘူး ဆိုတာ ဘာမှမရှိပါဘူးဗျ။

ဆူးလေနတ်ကြီး - အိမ်း ... မှော်ဘီရယ် ... နင် ပြောသလိုဆို အဲ့သလိုကြီး ဒန့်တန့်တန့်ပြီးနောက်မှာ တစ်နိုင်ငံလုံး မီးကုန်ယမ်းကုန် အချင်းချင်း ပြန်သမ ကြတော့တာပဲ မဟုတ်လား။

ဗိုလ်တထောင် - တော်ပါပြီဗျာ ... နိုင်ငံတော် ပြည်အရေး ဆွေးနွေးရတာဖြင့် ချားစီးရသလိုပဲ ပတ်လည်ရိုက်နေတယ်။ ခင်ဗျားတို့ ချားစီးနိုင်ငံရေးကြီးတွေ အသာထား ... ကိုင်း အမောပြေ လက်ဖက်ရည် တစ်ယောက် တစ်ခွက် သောက်ကြမယ်ဗျာ။

အားလုံးပြိုင်တူ - “အဟမ်း ... အဟမ်း ... အဟွတ် ... အဟွတ်”။

ဆူးလေနတ်ကြီး - အလိုလေး ... ဘိုးဘိုးများ အသက်ကကြီးတော့ ကံစိတ်ဥတုအာဟာရ မျှတအောင် နေကြဗျ။

ကဲ ... ကဲ ... ချောင်းတွေ ဆိုးနေပြီ ဆိုတော့ ကျုပ်တို့လည်း ခေတ်မီအောင် လက်ဖက်ရည် တစ်ခွက်စီကို ဘရိတ်ပြီးတော့ အမ်တစ်ရာ့ငါးဆယ် အချိုရည်လေး ပြောင်းသောက်ကြရအောင်ဗျာ ... နော့။

ထိုနေရာတွင် နတ်သဘင် အစည်းအဝေးပွဲ ပြီးပါပြီ။ 

ဗြိတိသျှကိုကိုမောင်


  • VIA

ABOUT AUTHOR

(ဗြိတိသျှကိုကိုမောင်)