News

POST TYPE

SATIRE

ရန်သူ၊ မိတ်ဆွေ နိုင်ငံရေး
09-Feb-2020


နိုင်ငံရေးမှာ အမြဲတမ်းရန်သူမရှိ။ အမြဲတမ်း မိတ်ဆွေမရှိ။

ထိုစကားကို ယခင်ကတည်းက ကြားဖူးသည်။ ဒါပေမဲ့ နားမလည်ခဲ့ပါ။ နိုငငံရေးသမားတွေ အားအားယားယားလျှောက်ပြောထားသည့် စကားပုံတစ်ခုဟုသာ ထင်ခဲ့သည်။ အတွေ့အကြုံနှင့် အသက်အရွယ်ငယ်တာကြောင့်လည်းဖြစ်မည်။ 

ဒါပေမဲ့ အခုတော့ နားလည်ခဲ့ပြီ။ တိတိကျကျဆိုရလျှင်တော့ အစိုးရနှစ်ဆက်အပြောင်းမှာ နားလည်လာခြင်းဖြစ်သည်။ အစိုးရ၏ အပြုအမူ၊ အစိုးရကို ထောက်ခံသူများ၏ အပြုအမူများကြောင့် နားလည်လာခြင်းလည်းဖြစ်သည်။ ထိုနိုင်ငံရေး၊ ရန်သူ၊ မိတ်ဆွေကိစ္စ ကို အခြားသူများလည်း နားလည်စေရန် ရှင်းပြရပေမည်။ 

ယခင်နှစ်များက ကျောင်းသားတွေကို အားရပါးရထောက်ခံခဲ့သူများအနေနှင့် အခုအချိန်တွင် ကျောင်းသားများကို ဘယ်လိုသဘောထားရှိနေသနည်း။ ယခင်နှစ်များက ကျောင်းသားများကို ဆဲဆိုနေကြသူတွေကရော အခု ကျောင်းသားတွေအပေါ် ဘယ်လိုသဘောထားနေသနည်း။ ထိုအကြောင်းအရာကို လေ့လာရုံနှင့်ပင် နိုင်ငံရေးတွင် အမြဲတမ်းရန်သူမရှိ၊ အမြဲတမ်းမိတ်ဆွေမရှိဆိုသည့် စကားကို နားလည်သွားပေမည်။ 

ဟုတ်ပါသည်။ 

၂၀၁၅ ခုနှစ်က ကျောင်းသားတွေကို အားရပါးရ ထောက်ခံကြသူများသည် အခုတော့ ကျောင်းသားများကို ဆဲနေကြသည်။ 

ဘာလို့ဆဲသလဲ။ 

သူတို့ချစ်သော မေမေနှင့် မေ့မေ့အစိုးရကြီးကို ဆန္ဒပြလို့ဖြစ်ပါသည်။ ဝေဖန်လို့ဖြစ်ပါသည်။ 

ပြည်သူ့အကျိုးအတွက်လုပ်နေသော အစိုးရကို ဆန္ဒထုတ်ဖော်မှုသည် အလွန်မိုက်ရိုင်းကြောင်း၊ အစိုးရနှင့် ပူးပေါင်းသင့်ကြောင်း၊ ပြည်သူ့အစိုးရဟု သူတို့ဘာသာသူတို့ သတ်မှတ်ထားသည့် အစိုးရကို ဆန္ဒထုတ်ဖော်ပါက မြေမျိုမည်ဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင် လက်ထက်ကလည်း ပြည်သူ့အစိုးရကို ဆန္ဒထုတ်ဖော်သူများ မြေမျိုဖူးကြောင်း ဘယ်ကမှန်းမသိသည့် အထောက်အထားများဖြင့် ဆုံးမကြသည်။ စကားလုံးကိုတောင်မှ ဆန္ဒထုတ်ဖော်သည်ဟု သုံးစွဲသည်။ ဆန္ဒပြသည်ဟု မသုံး။ အဲ့စကားလုံးနှစ်ခုကလည်း အတူတူပဲဖြစ်သည်။ ဒါပေမဲ့ ဆန္ဒပြသည်ဆိုသည့် အသုံးအနှုန်းသည် ရင့်သီးသည်၊ ပြင်းထန်သည်ဟု ထင်ပုံရသည်။ ဒါကြောင့် အစိုးရကို ထောက်ခံသူများအနေနှင့် ဆန္ဒပြသည်ဆိုသည့် စကားလုံးကို အတတ်နိုင်ဆုံးရှောင်သည်။ ရှောင်မရလျှင်တော့ ဆန္ဒထုတ်ဖော်သည်ဟု သုံးသည်။ 

ထားပါတော့လေ။ 

၂၀၁၅ တုန်းက ကျောင်းသားတွေကို ဆဲဆိုနေကြသူတွေကရော။ သူတို့ကတော့ အခုဆိုလျှင် ကျောင်းသားတွေကို အားရပါးရ ထောက်ခံနေကြပြန်သည်။ ကျောင်းသားများ ဆန္ဒပြသင့်ကြောင်း၊ ယခင်ကလည်း ဆန္ဒပြခဲ့ကြောင်း၊ အခုလည်း ဆန္ဒပြသင့်ကြောင်း၊ ဆန္ဒပြတာကိုမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြသင့်ကြောင်း၊ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိစဉ်အခါကလည်း ကျောင်းသားများ ဆန္ဒပြခဲ့ကြောင်း အကိုးအကားများဖြင့် ပြောဆိုသည်။ 

ဆန္ဒပြခြင်းကြောင့် ခေတ်အဆက်ဆက် အစိုးရတို့ ပြောင်းခဲ့ဖူးကြောင်း၊ တစ်ပါတီစနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းလာသည်မှာလည်း ကျောင်းသားများ ဆန္ဒပြမှုကြောင့်ဖြစ်ကြောင်း ထောက်ခံပြောဆိုကြသည်။ 

တကယ်တော့ ကျောင်းသားများသည် ၁၉၂၀ ခုနှစ် မတိုင်မီကလည်း အစိုးရကို ဆန္ဒပြခဲ့သည်။ အဲ့တုန်းကလည်း အင်္ဂလိပ်အစိုးရကိုပေါ့။ လွတ်လပ်ရေးရတော့လည်း ကျောင်းသားများ ဆန္ဒပြကြသည်။ မဆလခေတ်မှာလည်း ကျောင်းသားများ ဆန္ဒပြသည်။ ဆန္ဒပြခြင်းကြောင်း ၈၈ အရေးတော်ပုံကြီးပေါ် ပေါက်လာကာ အစိုးရပြောင်းလဲသွားသည်။ စစ်အစိုးရခေတ်မှာလည်း ဆန္ဒပြသည်။ ဦးသိန်းစိန်လက်ထက် မှာလည်း ဆန္ဒပြသည်။ အမေစုလက်ထက်မှာလည်း ဆန္ဒပြကြသည်။ 

သို့သော်လည်း ထိုဆန္ဒပြကျောင်းသားများကို ထောက်ခံသူများက ပြောင်းလဲသွားကြပေပြီ။ ယခင်က ကျောင်းသားများဆန္ဒပြလျှင် ဒီမိုကရေစီလိုလား သူဟုဆိုသည့် အနီရောင်ချစ်သူများက ထောက်ခံကြသည်။ အားပေးကြသည်။ အစားအသောက်လည်း မလွတ်စေရ။ စစ်တပ်ကိုလိုလားသည်ဟုဆိုသည့် ယခင်အစိုးရကို ထောက်ခံသူများကတော့ ကျောင်းသားများ ဆန္ဒပြခြင်းကို အားမပေး။ အလုပ်ရှုပ်အောင် ဆန္ဒပြတဲ့ ကောင်တွေ၊ လမ်းပိတ်တယ်၊ ကုန်ဈေးနှုန်းတက်တယ်၊ ထောင်ထဲကို ဖမ်းထည့်ထားလိုက်ဟု ဆိုကြသည်။ 

အခုတော့လည်း စစ်တပ်လိုလားသူများက ကျောင်းသားများ ဆန္ဒပြခြင်းကို ထောက်ခံ။ ဒီမိုကရေစီ လိုလားသူများက ကျောင်းသားများ ဆန္ဒပြခြင်းကို ကက်ကက်လန်ရန်တွေ့။ ပြောင်းပြန်တွေဖြစ်နေပြန်သည်။ 

ဟိုရက်ပိုင်းက အမေစုကို ကျောင်းသားများက ဆန္ဒပြလိုက်သည်ကို ဒီမိုကရေစီလိုလားသူ နီပေါများ အသည်းခိုက်အောင်နာကြသည်။ နိုဘယ်လ်ဆုရ ဂန္ထဝင်မေမေ၊ ကရုဏာမေမေကိုမှ ရာရာစစ မင်းတို့လို မလောက်လေးမလောက်စားတွေက ဆန္ဒပြရတယ်လို့ဟုဆိုကာ အသည်းပေါက်သွားခြင်းဖြစ်သည်။ အဲ့နောက်ပိုင်းတော့ ဒီမိုကရေစီလိုလားသူများက ကျောင်းသားများကို အောက်လုံးထိုးကာ တိုက်ခိုက်သည်။ အင်တာနက်ပေါ်တွင် အနိုင်ကျင့်သည်။ မအေနှမနှင့် ကိုင်တုတ်ကြသည်။ စစ်တပ်က မြှောက်ပေးထားသည်ဟု စွပ်စွဲကြသည်။ အဘတွေခေတ်က ဘယ်ရောက်နေလဲ။ အရင် အဘတွေနဲ့ စစ်တပ်ကို ဆန္ဒပြခဲ့တဲ့ ကျောင်းသားကြီးတွေနှင့် ကွာပဟု ဆိုကြသည်။ သတ္တိရှိရင် စစ်တပ်ကို ပြပါလားလို့ဟုဆိုကြသည်။ 

၂၀၁၅ ခုနှစ်ဝန်းကျင်နှင့် အဲ့မတိုင်မီကလည်း ကျောင်းသားများသည် အစိုးရကို ဆန္ဒပြခဲ့ကြသည်။ အခုလည်း ကျောင်းသားများသည် အစိုးရကိုဆန္ဒပြနေကြသည်။ ခေတ်အဆက်ဆက်ကလည်း ကျောင်းသား များသည် အစိုးရကို ဆန္ဒပြခဲ့ကြသည်။ အာဏာပိုင်များကို ဆန္ဒပြခဲ့သည်။ နိုင်ငံပြောင်းလဲရေးကို တောင်းဆိုခဲ့ကြသည်။ 

သူတို့သည် မပြောင်းလဲခဲ့။ ကျောင်းသားများသည် ဆန္ဒပြ၍ နိုင်ငံရေးအာဏာကို မယူ။ နိုင်ငံရေး အာဏာယူလိုသူတို့ကသာ ကျောင်းသားများဆန္ဒပြခြင်း အခွင့်ကောင်းယူကာ အသုံးချသည်။ 

အခုတင်မဟုတ်။ နောင်တွင်လည်း ကျောင်းသားများအနေနှင့် အစိုးရအဆက်ဆက်ကို ဆန္ဒပြကြပေဦးမည်။ ကျောင်းသားများ ဆန္ဒမပြစေချင်လျှင် နည်းလမ်းတစ်ခုတော့ရှိသည်။ ကျောင်းသားတွေကို အစိုးရလုပ်ခိုင်းလိုက်။ ဒါဆိုလျှင်တော့ အေးချမ်းသွားနိုင်သည်။ 

ပြဿနာတစ်ခုတော့ရှိသည်။ ကျောင်းသားအစိုးရအဖြစ်နှင့် ကုလသမဂ္ဂမှာ ဆန္ဒသွားပြနေလျှင်တော့ ကုလပါ စိတ်ညစ်သွားလောက်သည်။ ဒါပေမဲ့ ကုလကို ဆန္ဒပြလျှင်တော့ ကျောင်းသားများ အဆဲမခံရနိုင်။ အဘယ်ကြောင့်ဆိုသော် နီပေါသာရှိပြီး ကုလပေါဟူ၍ မရှိသောကြောင့်ဖြစ်သည်။ 

စိုပြေ