News

POST TYPE

SATIRE

ဝူဟန်ရှောင်ကျွန်း
02-Feb-2020


သင်တို့တွေ အခုစာကိုဖတ်နေချိန်မှာ စိုပြေဟာ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်နေလောက်ပြီ။ ဘာလို့လဲဆိုတော့ ဝူဟန် ဗိုင်းရပ်စ်ကို ကြောက်လို့။ ရန်ကုန်ကို ဝူဟန်ရောက်လာပြီဆိုတော့ ရှောင်ရမယ်လေ။ တရုတ်လိုနိုင်ငံမှာတောင် သေသူက နှစ်ရာကျော်ပြီမဟုတ်လား။ မြန်မာပြည်မှာဆို ဘယ်လိုဖြစ်မလဲတောင်မသိဘူးရယ်။ 

အဲ့ ဝူဟန်ကိစ္စကို မြန်မာပြည်သူတွေက မကျေနပ်ဘူး။ တရုတ်ပြည်တင်မက အိမ်နီးချင်းနိုင်ငံတွေအကုန် ဝူဟန်ဖြစ်ပြီ။ အမေရိကလည်းဖြစ်ပြီ၊ ဥရောပလည်းဖြစ်ပြီ။ ဒါတောင် တရုတ်တွေ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်နေတဲ့ မြန်မာနိုင်ငံက မဖြစ်သေးဘူးဆိုပြီး အားမလိုအားမရဖြစ်ကြတာပေါ့။ အစိုးရကိုလည်း မကျေနပ်ကြဘူး။ 

ဒါကြောင့်မို့လားမသိဘူး။ မနေ့ကတုန်းက ဝူဟန်သံသယရှိသူ ရန်ကုန်ကိုရောက်လာပြီ။ အချို့ကတော့ သံသယရှိသူလို့ မသုံးစေချင်ဘူး။ စမ်းသပ်စောင့်ကြည့်ခံရသူလို့ သုံးစေချင်တယ်။ ဒါပေမဲ့ အတူတူပါပဲ။ သံသယရှိလို့သာ စောင့်ကြည့်ခံရတာပေါ့။ အဲ့လူက မြန်မာတော့မဟုတ်ဘူး။ တရုတ်ပဲ။ အဲ့လူကို ခေါ်ထားလိုက်တယ်။ 

ဒီတော့ မြန်မာမှာ ဝူဟန်ဖြစ်ပြီလို့ ကြွေးကြော်လို့ရသွားတာ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေလည်း စိတ်ကျေနပ်သွားတာပေါ့လေ။ သူများနိုင်ငံတွေမှာ ဒီရောဂါဖြစ်နေပေမယ့် မြန်မာပြည်မှာ မဖြစ်သေးတော့ ဘယ်စိတ်ကောင်းမလဲ။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းချင်တာပေါ့လေ။ ဒါတောင် ဝူဟန်တွေ့တာ နောက်ကျတယ်ဆိုပြီး စိတ်ဆိုးနေကြသေးတယ်။ 

အဲ့ဝူဟန်တွေ့သူ စီးလာတဲ့လေယာဉ်ပေါ်မှာ ပါတဲ့လူတွေကိုတော့ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်တော့ အစိုးရကို ချီးကျူးတာပေါ့လေ။ ပြတ်သားတယ်။ သူများနိုင်ငံတွေတောင် မလုပ်ရဲဘူး။ ဘာညာနဲ့ ဖားကြတာပေါ့လေ။ တကယ်တော့ လေယာဉ်ပေါ်ကလူတွေကို မေးတာ။ မြန်မာပြည်မှာဆင်းရင် ဆေးရုံမှာ ၁၄ ရက် စောင့်ကြည့်ခံရမယ်။ အဲ့တော့ ဒီမှာနေမလား။ လာရာကို ပြန်မလားဆိုတော့ လာတဲ့နေရာကို ပြန်မယ်ဆိုပြီး ဖြစ်သွားရော။ မြန်မာပြည်ကနေ တရုတ်ပြန်မယ့်လူ ၃၀ လောက်ကိုတောင် ထည့်ပေးလိုက်သေးတယ်။ 

ဘယ်လောက်ကောင်းလိုက်သလဲ။ 

တရုတ်လေယာဉ်ကို ပြန်လွှတ်ရဲတဲ့ အစိုးရဆိုပြီး ချီးကျူးခံရ။ ဝူဟန်မရှိလို့ စိတ်ညစ်နေတဲ့ ပြည်သူတွေလည်း ဝူဟန်သမားတစ်ယောက်ရတော့ ပျော်ရွှင်။ 

အခုတော့ တရုတ်ပြည်ကနေ မြန်မာပြည်ကို လာသူတွေကို ဆိုက်ရောက်ဗီဇာပိတ်လိုက်ပြီ။ မြန်မာပြည်ရောက်မှ ဗီဇာလုပ်လို့မရတော့ဘူး။ မြန်မာပြည်ကိုလာချင်ရင် တရုတ်ပြည်က မြန်မာသံရုံးမှာ ဗီဇာသွားလျှောက်ပေတော့ပဲ။ 

မပိတ်ခင်ကတော့ တရုတ်လေယာဉ်က တစ်ရက်ကို အစင်း ၂၀ ကျော်ဝင်တယ်။ ဒီလူတွေကိုတော့ အပူချိန်တိုင်းစက် စစ်ဆေးတယ်။ အပူချိန်မြင့်ရင်တော့ ရိုးရိုးဖျားတာလား၊ ဘယ်လိုဖျားတာလဲ စစ်ဆေးမှာပေါ့လေ။ မဖျားတဲ့လူကတော့ အေးဆေးပဲပေါ့။ ကျန်းမာရေးကြေညာလွှာလေး ဖြည့်လိုက်။ ပြီးရင် အေးဆေးသွားလို့ရပြီ။ ဖျားရင် နာရင်တော့ ဆေးခန်းကိုသွားပြလိုက်ပေါ့လေ။ 

အဲ့ထဲမှာ ရောဂါပိုးပါသူရှိမလား၊ မရှိလားလည်း မပြောနိုင်ဘူး။ မြန်မာပြည်က အဲ့ရောဂါ ရှိ မရှိ စစ်တဲ့စက်လည်း ရှိတာမဟုတ်။ ဒီတော့ မြန်မာပြည်မှာနေပေမယ့် စိုပြေတို့လည်း ကြောက်တာပေါ့လေ။ ကိုယ့်ဘာသာကိုယ် ပိုးသတ်ဆေးများတဲ့ အစားအစာတွေ စားနေတာကတစ်ပိုင်း။ နိုင်ငံခြားရောဂါကြီးကျတော့ မဖြစ်ချင်ဘူးလေ။ 

ဒါကြောင့်မို့ စိုပြေဟာ ကျွန်းတစ်ကျွန်းပေါ်မှာ သွားရှောင်နေမှာ။ ကျွန်းဆိုလို့ ပင်လယ်ထဲကကျွန်းတွေမှာသွားနေမယ်လို့ မထင်လိုက်ပါနဲ့ဦး။ တကယ်က ပဲခူးမြစ်ထဲက ကျွန်းလေးတစ်ကျွန်းမှာ သွားနေမှာ။ သန်လျင်တံတားပေါ်ကနေဖြတ်တိုင်း မြင်နေရတဲ့ ကျွန်းလေးပေါ့။ အဲ့ကျွန်းမှာက မြွေပေါလွန်းလို့ ငါးဖမ်းသမားတွေတောင် သိပ်မကပ်ဘူး။ လူနည်းနည်းပဲနေတယ်။ လှေနဲ့ပဲသွားလို့ရမယ်။ သင်္ဘောကြီးတွေလည်း ကပ်လို့မရဘူး။ အဲ့ကျွန်းပေါ်ကို စိုပြေသွားနေမလို့ပါ။ 

စားစရာတွေဝယ်ပြီးပြီ။ ကျွန်းပေါ်မှာ အပင်လည်းစိုက်လို့ရတော့ မျိုးစေ့တွေလည်း ဝယ်ပြီးသွားပြီ။ ပြီးတော့ လေးတွေ၊ မြားတွေ၊ လေးခွတွေ၊ လောက်စာလုံးတွေရော ယူသွားမှာ။ ရွက်ဖျင်တဲတွေရော၊ ဆိုလာပြားတွေရော ရပြီ။ ငါးမျှားစားဖို့ ငါးမျှားတံတွေလည်းပါတယ်။ 

စိုပြေ ကျွန်းပေါ်ရောက်ရင် ဘယ်သူ့ကိုမှ ကျွန်းပေါ်ကို အကပ်မခံတော့ဘူး။ ကျွန်းနားကို ကပ်လာသူမှန်သမျှ လေးခွနဲ့ပစ်မယ်။ မြားနဲ့ပစ်မယ်။ မြားကိုမှ မီးတပ်ထားတဲ့မြားနဲ့ပစ်မှာ။ ဒါပေမဲ့တစ်ခုတော့ရှိတယ်။ 

စိုပြေ့မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေကိုတော့ ြွခင်းချက်ထားရမှာပေါ့လေ။ ဖုန်းတော့ကြိုဆက်။ မဖျားဘူးဆိုရင် ကျွန်းပေါ်မှာ နေခွင့်ပေးမယ်။ ဒါပေမဲ့ အလကားတော့မရဘူး။ နိုင်ငံခြားကဝယ်လာတဲ့ အရက်တစ်လုံးပေးရမယ်။ စိုပြေ့သူငယ်ချင်းမဟုတ်တဲ့လူဆိုရင်တော့ နိုင်ငံခြားအရက်နှစ်လုံးပေးရင် နေခွင့်ပြုမယ်။ ကျွန်းပေါ်မှာ ဝူဟန်ရှောင်ချင်ရင် ဆက်သွယ်ပေါ့။ 

အခုတော့ စိုပြေ လှေငှားနေပြီ။ လှေငှားခက ဈေးတအားကြီးနေလို့ ဈေးနည်းတဲ့လှေ လိုက်ရှာနေတယ်။ ဈေးနည်းတော့ လှေက သေးသေးပဲရတယ်။ ဝူဟန်ရှောင်မယ့်ကျွန်းပေါ်ကိုမရောက်ဘဲ မြစ်ထဲတင် လှေမြုပ်ရင်တော့ ပြဿနာပဲ။ 

စိုပြေ