News

POST TYPE

SATIRE

M-150 တိုက်ပွဲခေါ်သံ
26-Nov-2016 tagged as

“စက္ကူဈေးတွေ တက်တယ်ဗျာ”

ထုတ်ဝေသူက ထို့နှယ်ညည်း လာလျှင် မောင်ဗြိတို့ စာရေးစားတဲ့ ငတိတွေ မျက်ခုံး ခပ်လှုပ်လှုပ်။ စာရေးဆရာအတွက် စက္ကူဈေး တက်တာဟာ ရွှေကုန်သည်တွေ ရွှေဈေး တက်သလို ပျော်စရာ မဟုတ်တာတော့ အသေအချာ။ ဒေါ်လာဈေး တက်တာတွေ၊ စတော့ ရှယ်ယာဈေး တက်တာတွေကို ကိုယ်တွေ ဖွတ်ညီနောင် ဂရုတွေက ဝါရီမထား။ အခုတော့ တက်လာပြီတဲ့ စက္ကူဈေး။ ထုတ်ဝေသူက ဒီလို ညည်းလျှင် ကိုယ့်ဘက်က မသိခြင်ယောင်ဆောင်ပြီး အကွက်လေး ပြန်နင်းပုံက ရူးသလို ပေါသလို...ဒီဂလို။

“ဒါဆို တုတ်နဲ့ကုန်းပေါ့ ဆရာကြီးရ”

ထိုထုတ်ဝေသူ ငတိလား... စာရေးဆရာရင့်မ (မှတ်ချက် ကိုယ်ဝန်ရင့်မာ မဟုတ်) ကနေ ပတ်ဘလစ်ရှာ ဖြစ်လာတာပေပဲ။ သူကလည်း မခေ... ရသလောက်လေး ပြန်သရော်ပုံများလေ။

“ဘယ့်နှယ် သွားကြားထိုးတံလောက် တုတ်တောင် တရုတ်ဘက် ထုတ်ရောင်းလို့ ကုန်နေမှဗျာ ... အခုဆို ရေအိမ် ငါးခါလောက် တက်ပြီးမှ ရေတစ်ခါ ပေါင်းဆေးနေရတဲ့ဘဝ”

“ကိုင်း ... မပူနဲ့ကိုယ့်ဆရာ ... မကြာခင် ရန်ကုန်မြို့ကြီးထဲ ရေခဏ ပြတ်မယ်လည်း ကြားနေတယ်၊ ဆယ်ခါ တစ်ခါလောက် ပေါင်းပြီးမှသာ ဆေးဖို့ ကြောဖို့ ကြံပေးတော့ ... ကြားထဲ အဆင် မပြေလည်း အိမ်သာ အထွက်မှာ ခွေးဝဲစား တစ်ကောင်ကို ကြိုးနဲ့ချည်ပြီး အငတ်သာ ထားပေတော့ ... ဒါ ရေမကုန်ဘဲ သန့်စင်တဲ့ နည်းလမ်း အသစ်ပေပဲ”

မောင်ဗြိက ကောလာဟလကို သတင်းအဖြစ် ခပ်တည်တည် လွှင့်ထုတ်တော့ ထုတ်ဝေသူမှာလည်း ငေါင်စင်းစင်း။

နဂိုကမှ စာဖတ်သူ နည်းနည်း အရုပ်ကြည့်သူ များများ စာပေ လောကကြီးမှာ ဒီအခြေအနေဖြင့် ဘယ့်နှယ် ဘယ်လို ... လုပ်ကြရပါ့။

မကြာပါဘူး ... ထိုမှတစ်ဖန် ... ဟိုး နေပူတော် ရပ်ဆီက နာမည်ကြီး ဘာသာပြန် စာရေးဆရာက တလွှာပါးသေးတာက “ကုန်ဈေးနှုန်းတွေ တက်လိုက်တာကွာ ... ငါတို့ တောင့်ခံနိုင်ပါ့မလား”တဲ့။

ဟောဒီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာ ဖွတ်ကလိဒင်္ဂါး ရှားပါးပြီး ချွတ်ခြုံကျနေတာ ကိုယ်တွေ စာပေသမား အာဝါဒါးတွေလည်း အပါအဝင်။

ဒါနဲ့

နိုင်ငံရေး ကြည့်မလား။

ဖေ့ဘွတ်ပေါ် တက်ကြည့်။ ဒီကနေ့ အစိုးရဆိုတဲ့ လူတွေလောက်တော့ မပြောနှင့်။ စတေးတပ်စ် တစ်ပုဒ်နဲ့တင် ယူအက်စ်ကိုမီတဲ့ ဒီမိုကရေစီ တိုင်းပြည် ထူထောင်ပေးမယ့် ပညာရှင်တွေ အများသား။

အောင်မယ် .... စီးပွားရေးလား။

မယှဉ်နဲ့ ကိုယ့်လူ။ 

နိုင်ငံတကာမှာ မရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို မြန်မာပြည်က ပထမဆုံး မွေးထုတ်ပေးနိုင်နေပြီ။

ဘာတဲ့ ...။ အို ဘာတဲ့။

အလှူခံ လုပ်ငန်းရှင် ... တဲ့။

နိုင်ငံတကာက အိုင်တီ လုပ်ငန်းရှင်၊ အင်တာတိန်း မန့်လုပ်ငန်းရှင်၊ ဘဏ်လုပ်ငန်းရှင်၊ ရေနံလုပ်ငန်းရှင်တွေ နားထားစမ်းပါ...နားထား။

အလှူခံ လုပ်ငန်းရှင်တဲ့ဟ။

ဟုတ်ပေသားပဲ။

မရှိလို့ မလှူ၊ မလှူလို့ မရှိဆိုတဲ့ ပြည်တွင်းဖြစ် သီအိုရီကြီးအရ မရှိတဲ့လူတွေ ရှိလာစေဖို့ လှူဖို့ လိုသကိုး။ လှူချင်တယ်ပဲ ထားဦး ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ဝန်ဆောင်မှု ကောင်းတဲ့ အလှူခံမျိုးလည်း ရှိဦးမှပေပဲ။

ကိုင်း ... မွန်တို့ဌာနေ ရာမညတိုင်းဆီက ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတစ်ဝိုက်မှာ နိုင်ငံတကာမှာ မရှိသေးတဲ့ လုပ်ငန်းရှင် အမျိုးအစား တစ်ခု ပေါ်ပေါက်ခဲ့တာဖြင့် အလှူခံ လုပ်ငန်းရှင်တဲ့လေ။

ကိုင်း ... ကိုင်း ... ကိုင်း။

ငဗြိတို့သာ ဆန်စက်နား နေပြီ ကံကွက်ကြား ငတ်နေတဲ့ ငတိတွေဖြစ်လို့။ သူတို့များမှာ လုပ်ငန်းရှင် အမျိုးအစား အသစ်တွေတောင် ပေါ်နေပြီမှကော့။

လူမှုရေး ဆိုသည်ကကော့ဖြင့် ဘယ်ပုံ ဘယ်လမ်းတုံး။

အဲ ... ဒါတော့လားဗျာ ...။ ကားစပယ်ယာဆီ ငွေပြန်အမ်းဖို့ သတိပေးရင် မဆဲမဆိုဘဲ မျက်စောင်းလေး ထိုးပြီး ပြန်အမ်းရင်ကို မောင်ဗြိတို့မှာ ဖရဏာပီတိ ဂွမ်းဆီလေးတွေ ထိလို့။

ဒီလောက် သံတုတ် အာဏာ စက်ကိုတောင် မုဒိတာ ပွားတတ်တဲ့ လူမှုရေးပါဆိုနေ။

နို့ ... စစ်ရေးဗျူဟာ ... ဘာညာသာရကာကတော့ဖြင့် ဘယ့်နှယ်အဆင့် ရောက်ပြီတုံး။

အောင်မလေး ... တစ်တိုင်းပြည်လုံး အုံးအုံးထအောင် ဆော်နေ ပစ်နေ ခတ်နေကြတာ စစ်ရေးမှာ တိုးတက်လွန်းပေလို့သာ မဟုတ်လား။

ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့လူတွေတောင် ဝှီးချဲ ပြောင်းစီးဖို့ ကြံနေကြပေမှပဲ ... ဘယ့်နှယ် ... ချိုးငှက်တွေ ... ခိုဖြူတွေဆို ဘီယာဆိုင် အကင်အဖြစ် တွေ့ရရင်တောင် ကံကောင်း။

အောင်မလေး ... ကိုယ့်လူမျိုး ကိုယ်ကာကွယ်ရေးအတွက် တော်လှန်ရေး သမားကြီးတွေ၊ ကာကွယ်ရေး သမားကြီးတွေက မဖြစ်မနေ ပစ်လိုက်ရတဲ့ ကျည်ဆန်ကြောင့် မာလကီးယားကုန်တဲ့ ကားသမား မသာတွေပဲကြည့်။

ဒါလောက် စစ်ရေးမှာ တက်ကြွ တိုးတက်တာမျိုး ဘယ်နိုင်ငံ သွားရှာမတုံး။

ဒါတွေ အသာထားပါဗျာ။

မောင်ဗြိတို့ မြေသနင်းသား ငနင်းပြား အုပ်စုက ဘယ့်နှယ် ဘယ်လို ကြီးပွားအောင် လုပ်ကြမလဲ။

အလိုလေးဗျာ ... ။

မခက်ပါဘူး ... ။

ရှေးအတီတွေအဆက်ဆက်ကို ကြည့်လိုက်ကြစမ်း။

လက်နက်ကိုင်ပြီး ခြိမ်းနိုင်ခြောက်နိုင်၊ တိုက်နိုင် ခွဲနိုင်ကြတဲ့ ခေါင်းဆောင် ဆရာကြီးတွေ အားလုံးလိုလိုဟာ အစပိုင်းသာ ဆင်းရဲ ငတ်ပြတ်ချင် ငတ်ပြတ်မှာ နောက်ပိုင်းကျ သူ့ဟာသူ ဟန်ကျကုန်တာချည်း မဟုတ်လား။

သူတို့ ချမ်းသာပြီး ... မွဲတာက ဘယ်သူတွေတုံး။ ပြည်သူတွေပဲလေ။

ကိုင်း ... ဟုတ်ပြီ ... ဒါဖြင့် ငနင်းပြား လုပ်တိုင်းခံ ဖွတ်ဖွာလန် တို့ပြည်သူတွေ ကြီးပွားအောင် သူတို့လို လက်နက်ကိုင်ပြီး တိုက်ရမှာလား။

တိုက်ရမပေါ့။ တိုက်တာမှ ဓားပြကို တိုက်ရမှာ။

နို့ ... ဘယ်သူ့တိုက်ရမတုံး။

ဟ ... ဟိုမှာ စွန့်ဦးတီထွင် အလှူခံ လုပ်ငန်းရှင် ဆိုတဲ့ သူဌေးကြီးတွေ ရှိနေမှပဲ။ သူတို့ သွားတိုက်မပေါ့။

ကိုင်း... ဟုတ်ပါပြီ... အဲ့ဒီ အလှူခံကော်ပိုရေးရှင်းလုပ်ငန်းရှင်ကြီးတွေကို ဓားပြတိုက်ဖို့ လက်နက် က ဘယ်မတုံး။

အလိုလေး ... ဒီလောက်တုံးလို့လည်း မောင်ဗြိတို့ ပြည်သူတွေ မွဲနေတာ။ နီးစပ်ရာ စတိုးဆိုင်ပြေး...။ M 150 အချိုရည် ရသလောက် ဝယ်။ အဲ့ဒီ အလှူခံ လုပ်ငန်းရှင်ကြီးတွေဆီ သွားပြီး အချိုရည်ပြ ဓားပြတိုက် ပစ်လိုက်။ ရုတ်ရုတ် ရုတ်ရုတ်ဆို ဖောက်ခွဲလိုက်ရမလားလို့ ခြိမ်းခြောက်။

အဲဒါ လက်နက်ပဲ ...။ ရန်ကုန်မြို့ထဲ ဒီရက်ပိုင်း ဗုံးပေါက်တယ် ဆိုသမျှ ဒီထိုင်းလုပ် M 150 တွေချည်း မဟုတ်လား။ တစ်လုံး ငါးရာကျပ်တန် ဗုံးမျိုး ဘယ်မှာများ ရလိုက်မတုံး။

နောက်ဆုံး ဓားပြမှု မအောင်မြင်ရင်တောင် အချိုရည်ကို ဘီအီးနဲ့ ရောသောက်ရင် သောက်၊ ဒါမှမဟုတ် အိမ်က ကလေးတွေ တိုက်လို့ ရသေးတာမို့ အရှုံး မရှိပါဘူးလေ။

ဟာဗျာ ... ဓားပြတိုက်တယ်ဆိုတာ မတရားမှုကြီးဗျ ... ကောင်းပါ့မလား မတွေးနဲ့။

ဟို တစ်နိုင်ငံလုံးက လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးဆိုတာ ပြည်သူ့ချွေး၊ ပြည်သူ့သွေးတွေကို နင်း၊ သယံဇာတတွေကို အရည်ဖျော်ပြီး ဒေါ်လာ သိန်းချီရင်းပြီး လက်နက်တွေ ကိုင်ပြီး ဒီလိုပဲ အေးဓားပြတိုက်လာကြတာ။

တို့က တစ်လုံး ငါးရာတန် အချိုရည်လေး ကိုင်ပြီး ဓားပြတိုက်တာ။

ဒီတော့ ... လုပ်မနေနဲ့ ... ရရာ အချိုရည် ဝယ်ပြီး တိုက်သာ တိုက်ပေတော့။

ဗြိတိသျှကိုကိုမောင်

  • TAGS