News

POST TYPE

SATIRE

နတ်ကြီးလေးပါးနှင့် ဗိုင်းရပ်စ်အရေး ဆွေးနွေးခန်း
29-Jan-2020


မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊  ပြာသိုလဆုတ် ၁ ရက်နေ့ နံနက်ခင်းအခါသမယ ၊ ရန်ကုန်မြို့ ၊ ဆေးရုံ ကြီးရှေ့ တစ်နေရာဝယ် ရန်ကုန်မြို့၏ အထင်ကရ မြို့စောင့်နတ်ကြီးများဖြစ်ကြသော ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တထောင်ဘိုးဘိုးကြီး၊ ဥက္ကလာပဘိုးဘိုးကြီး၊ မှော်ဘီ ဘိုးဘိုးကြီးတို့သည်  အောက်ပါအတိုင်း စည်းဝေးပြောဆိုကြလေသည်ဟူ၏။

ဆူးလေနတ်ကြီး - နမောတဿဖြင့် လောကဓာတ်တစ်လွှားမှ စောနတ်များအား သောမနဿပွားလျက် ဝူဟန်ဗိုင်းရပ်စ် မကူးစက်စေလိုဟု နှုတ်ဆက်လိုက်ရပါသဗျာ။

ဗိုလ်တထောင်နတ်ကြီး - အလိုလေး...ကိုဆူးလေကြီးရယ်... ဘယ့်နှယ် ခင်ဗျားနှုတ်ဆက်နည်းကလည်း နှာခေါင်းစည်းကြီးတပ်၊ လက်ကြီးနှစ်ဖက် ကြက်ခြေခတ်ပြီးဘယ့်နှယ်ဟာတုံး။

ဆူးလေနတ်ကြီး - အလိုလေး...ဒါ လူ့ပြည်တစ်လွှား ခေတ်စားနေတဲ့ ဟိုဘဘကြီးကိုရှိခိုးနည်းလေးဗျာ...ဟိုဘဘကြီးကို သူ့တပည့်တွေ ရှိခိုးနည်းတဲ့ဗျ။

မှော်ဘီနတ်ကြီး - နို့...ကိုဆူးလေရယ်...ကျုပ်ဖြင့် မြင်မြင်ဖူးပေါင်ဗျာ...သူတော်ကောင်းသူမြတ်လောင်းများကို ရှိခိုးကြရင်ဖြင့် ကြာပုံဖူးငုံ လက်အစုံ မိုးရတယ်ပဲ မြင်ဖူးကြားဖူးတာပါ...အခုက ဘယ့်နှယ် ကြက်ခြေခတ်ရတယ်လို့။

ဆူးလေနတ်ကြီး - တယ်...ဒီဘိုးဘိုးတွေနှယ်... တယ်လည်း ခေတ်နောက်ကျတာပဲ...မျက်စိဖွင့်နားစွင့်ထားကြလေဗျာ...ဒါ ဟောင်ကောင်ဆန္ဒပြကျောင်းသားတွေရဲ့ စတိုင်လ်ကို တိုက်ရိုက်ကော်ပီကူးလာတာဗျ...ဟောင်ကောင်နည်း...ဟောင်ကောင်နည်း။

ဗိုလ်တထောင်နတ်ကြီး - သြော် ဟောင်ကောင်ဆိုတာ သုနက္ခောအမည်တွင်တဲ့ အကောင်ကိုပြောတာလားဗျ။

ဥက္ကလာနတ်ကြီး - အင်...ဒါဆို အာဝု အာဝုလို့ ဟောင်တဲ့အကောင်တွေဆီက ကော်ပီကူးတဲ့နည်း ပေါ့...ဖြစ်ရမယ်ဗျာ..အဟိတ်တိရစ္ဆာန်နည်းကိုများ ပေါက်ပေါက်ရှာရှာ အတုခိုးရတယ်လို့။

ဆူးလေနတ်ကြီး - အလိုလေး...အမယ်မင်းရဲ့...ခင်ဗျားကြီးတို့ အန်းဒိတ်နတ်ကြီးတွေ ခေတ်နဲ့မညီ နှုတ်ပလီချက်ကြောင့် လက်ကြက်ခြေခတ်မိတဲ့ ကျုပ်တောင် ခွေးလုံးလုံးဖြစ်ပါပေါ့လား... ကျုပ်ပြောတဲ့ ဟောင်ကောင်ဆိုတာ တရုတ်ပြည်နဲ့ အခုပြဿနာ တက်နေတဲ့ ဟောင်ကောင်ကျွန်းဗျ . . . ဟောင်ကောင်ကျွန်း။

မှော်ဘီနတ်ကြီး - နို့...သိမှသိပဲဗျာ... ဟောင်ကောင် ရောဂါကူးတာထက် ပြည်မက ဝူဟန်က ဒီမကူးဖို့ အရေးကြီးသဗျာ့။

ဆူးလေနတ်ကြီး - အို ကြံဖန်ကြောက်မနေပါနဲ့ ဘိုးဘိုးများရဲ့... ကျုပ်တို့ဆီက ဝန်မင်းများက ပြောပြီးသားပဲ ဝူဟန်လောက်တော့ အသာလေးကာကွယ်နိုင်တယ်ဆိုပဲ။

မှေင်ဘီနတ်ကြီး - ဟဲ...ဟဲ...အဲ့ဒီအပြောတွေကိုပဲကြောက်တာ...ဆူးလေရေ။

ဗိုလ်တထောင်နတ်ကြီး - အောင်မယ်လေး...ကြောက်မနေပါနဲ့...ကိုမှော်ဘီ... ဒီဝူဟန်ဗိုင်းရပ်စ် လောက်ကတော့ ကျုပ်တို့တိုင်းပြည်က ဓာတ်မြေသြဇာစား၊ ပိုးသတ်ဆေးစားပြီး ကြီးလာတဲ့လူတွေက ဥုံဖွ၊ ပလုံစွ ဗိုင်းရပ်စ်ပီးမတဲ့ဗျား။

ဆူးလေနတ်ကြီး - အိမ်း...ဥုံဖွ ပလုံစွပ်တာ ခဏထား၊ ကျုပ်တို့နိုင်ငံမှာ တကယ်ကုဖို့လိုနေတဲ့ ဗိုင်းရပ်စ်တစ်မျိုးက ဟိုးအရင်ကတည်းက ရှိနေသကိုးဗျ။

ဥက္ကလာနတ်ကြီး - ကဲ လုပ်လာပြီ ဆူးလေကတော့...ဆိုစမ်းပါဦးဗျ...ဘာဗိုင်းရပ်စ်များလဲ။

ဆူးလေနတ်ကြီး - ဘာဗိုင်းရပ်စ်ရယ်လို့တော့...နာမည်မပြောတတ်ပါဘူးဗျာ။သို့ပေတည့် ဒီဗိုင်းရပ်စ် ကထူးဆန်းတယ်ဗျ။ အစိုးရမင်းများ၊ ဝန်ကြီးမင်းများကိုချည်း ကူးစက်တာ။

ဥက္ကလာနတ်ကြီး - အလို အဆန်းပါလား။

ဆူးလေနတ်ကြီး - ဆန်းဆို ဒီလိုဗျ။အစိုးရ မဖြစ်ခင်ကမောင်ရင်လောင်းဘဝမှာတော့ ဒီမောင်များဟာ ကျန်းမာတာမှ ဟိုဘက်လွန်သဗျ။ အကြားအာရုံကြည့်မလား ပြည်သူက အီးပေါက်ရင်တောင် ကီးမှန် မမှန် နားစွင့်ပြီး စိုးရိမ်ပေးကြသကိုး။

ဟော့အမြင်အာရုံကြည့်မလား ပြည်သူ့ခေါင်းပေါ်က ဆံပင်ဖြူတောင် ဘယ်နှချောင်းလည်းတွက်ပြီး ကျုပ်တို့အစိုးရဖြစ်ရင် ဆံပင်တွေနက်အောင် ဆေးဆိုးပေးမယ်ဆိုပြီး တစ်ချောင်းစီရဲ့ ဘတ်ဂျက်တောင် တွက်ပြနိုင်အောင်စွမ်းပေရဲ့။

မှော်ဘီနတ်ကြီး - အလိုလေး စွမ်းလှချည်လားဗျာ။ လူလော နတ်လော မေးရမလိုပါလား...ခင်ဗျားဟာတွေက။

ဆူးလေနတ်ကြီး - သြော် ဘိုးဘိုးတို့နှယ်...လူလော နတ်လော အမေးမစောနဲ့လေ။ဟော အစိုးရလည်း ဖြစ်လာရော ဗိုင်းရပ်စ်ကူးလာပေရောဗျိုး။

အစိုးရဖြစ်လာပြီဆိုတာထက် မောင်မင်းကြီးသားများဟာ ပြည်သူကသွားဖြဲပြတာတောင် မှုန်ဝါးဝါး နဲ့ ရှေ့ကဘာတွေတုံး ဖြစ်ကုန်တယ်။

ပြည်သူက ဖင်ပြဲအောင်အော်လည်း ဘာတုံး ဘယ်လိုဆိုပြီး နားတွေထိုင်းကုန်ကြတာရယ်။သူတို့ ကြားမလား ကျယ်ကျယ်အော်ကြပြန်တော့လည်း ဒါ ယဉ်ကျေးမှုမရှိတာ။သက်သက်ခွတိုက်တာဆိုပြီး အပြောခံရပြန်တယ်ဗျ။

ဥက္ကလာနတ်ကြီး - ဟေ့ဟေ့...တော်ပြီ တော်ပြီ... တော်ကြာ အကြည်ညိုပျက်စေမှုနဲ့ ဆွဲစိနေမှ လုပ်သက်ရင့်ဝန်ထမ်းတွေကို ပေးမယ်ဆိုတဲ့ ကားပါမစ်လေးမရဘဲနေပါ့မယ်ဗျာ။

ဆူးလေနတ်ကြီး - သြော် ဘိုးဘိုးတို့နှယ်...ခက်တာပဲဗျ...အဲ့ဒီဗိုင်းရပ်စ်က အမြင်အကြားတင်မဟုတ်တော့ဘူး။အခုနောက်ပိုင်းဆို အရင်က ပြောခဲ့တာတွေပါ မေ့မေ့ကုန်တဲ့ အတိတ်မေ့တဲ့အဆင့်ပါ ရောက်လာပြီဗျိုး။

ဥက္ကလာနတ်ကြီး - ပြောလေကဲလေပါလား ကိုဆူးလေ၊ ကျုပ်တော့ လက်ကောက်ဝတ်တွေ ယားလာပြီဗျိုး။ဝူဟန်ဗိုင်းရပ်စ်ကနေ စလိုက်တဲ့ဇာတ်လမ်း အခုတကယ်မဟန်တဲ့ ဗိုင်းရပ်စ်ထိတောင် ဖြစ်လာပါ့လား။အရင်အစိုးရတွေတုန်းက ခင်ဗျားဒီလိုပြောရဲလို့လားဗျ။ အခု ဒီလိုပြောခွင့်ရတာ ကျေးဇူးတင်လိုက်စမ်းပါ။

ဆူးလေနတ်ကြီး - ခင်ဗျားတို့နှယ်...ခက်ပြီ။ ဒီလို ပြောချင်လို့ ဒီစနစ်ကို ထောက်ခံခဲ့ကြတာပေါ့ဗျ။အရင်လို မပြောရဲ မဆိုရဲ နေရတော့မှတော့ အရင်ဘုရားတွေ ပြန်ပင့်ပြီး ပါမစ်ထုတ်စားနေမှာပေါ့။ခင်ဗျားတို့ဟာက ဘီလူးကြီး အိမ်ဦးခန်းရှိတုန်းက လူသားစားတာ။တို့လူများ အိမ်ဦးခန်းရောက်တော့ လူသားမစားတာ ကျေးဇူးတင်ဆိုတဲ့ အကွက်တွေပါလား။အိမ်း ဒါတွေက တိုင်းပြည် က နိမ့်ကျ၊ ပြည်သူက ဆင်းရဲ၊ ပညာရေးက အားနည်းလို့ ဖြစ်ရသကိုးဗျာ။

ဗိုလ်တထောင်နတ်ကြီး - ကဲ ကိုရင်တတ်ပ ဆူးလေကြီးရယ်...ဒါဆို တိုင်းပြည်လည်း တိုးတက်၊ ပြည်သူလည်း ချမ်းသာ၊ ပညာရေးမြင့်မားစေမယ့်နည်း မစပါဦးဗျ။

မှော်ဘီနတ်ကြီး -  ကဲ လုပ်ပါဦး ကိုဆူးလေ။

ဆူးလေနတ်ကြီး - အိမ်း...ဒါများ အလွယ်လေးဗျာ...စင်ကာပူမပြောနဲ့ အမေရိကန်လို ဖြစ်သွားစေရမယ့် ပလန်တောင် ကျုပ်မှာရှိပြီးသား။

မှော်ဘီနတ်ကြီး - အလိုလေး ရန်ကုန်ဒေါင်းတောင်း ပီပီ လေကြီးတဲ့ ကိုဆူးလေ...ခင်ဗျား နည်းလမ်းလေး အလင်းပြလှည့်ပါဦးဗျာ။

ဆူးလေနတ်ကြီး - ဟေ့...ဟေ့...လွယ်ပါတယ်...မှော်ဘီရယ်...အမေရိကန်လို ဖြစ်ချင်တာများ...တစ်နိုင်ငံလုံး အမေရိကန်ကို တိတ်တိတ်လေးခိုးဝင်၊ တစ်နိုင်ငံလုံးနီးပါး အမေရိကန်ထဲရောက်ပြီဆို ပြည်နယ်တောင်းလိုက်တော့လေ...ဟဲဟဲ။

ဗိုလ်တထောင်နတ်ကြီး - အကောင်းမှတ်လို့ ဘိုးဘိုးနှယ်... မြန်မာနဲ့ အမေရိကန်များ မြောက်ဥက္ကလာ နဲ့ မရမ်းကုန်းလို ခုံးတံတားကျော်တာနဲ့ ရောက်ပြီမှတ်နေလားဗျ...အိမ်း...ပထဝီ ပြန်သင်ခိုင်းမှ ဖြစ်တော့မယ်...ကဲ စာမကြေတဲ့ ဆူးလေ...ကလေးတွေနဲ့ ကျောင်းပြန်တက်ပေရောဗျာ။

ဆူးလေနတ်ကြီး - အလိုလေး... အဲ့ဒါတော့ သည်းခံပါမောင်၊ အခု ကလေးတွေ မတ်လနွေရာသီ ပူပူလောင်လောင်အထိ ကျောင်းတက်ရမယ်လို့ ဝန်ကြီးဌာနက အမိန့်ထုတ်နေချိန် ကျုပ် အိုကြီးအိုမနဲ့ ပေါင်းအိုးထဲဝင်မထိုင်ပါရစေနဲ့ဗျာ။

တော်ပြီ...တော်ပြီ...ကျုပ် ပြန်တော့မယ်...ကြောက်တယ်။

ဗိုလ်တထောင်နတ်ကြီး - အိမ်း ဆူးလေဘိုးဘိုးလည်း ကလေးထိန်းဝန်ကြီးဌာနက ဒေါက်တာကလေးထိန်းကြီးကိုကျ တယ်ကြောက်တာပဲကိုး။

ဆူးလေနတ်ကြီး - အလို...အသံကြားတာနဲ့ အသားတုန်သမို့...ဒီကနေ့တော့ ဂလောက်ပဲ...ကျုပ်တော့ ပြေးပြီဗျိုး။

ထို့နောက်တွင်ကျန်ရစ်သူ  နတ်ကြီးသုံးပါးလည်း ပါမစ်၊ အနုမောဒနာ သုံးကြိမ်ခေါ်ဆိုပြီး အစည်းအဝေးအား ရုပ်သိမ်းလိုက်ကြလေတော့သတည်း။

ဗြိတိသျှကိုကိုမောင်