News

POST TYPE

SATIRE

ရန်ကုန် ဗိုင်းရပ်စ်
26-Jan-2020


တရုတ်ပြည်ဝူဟန်မှာတော့ ပြဿနာတက်နေပြီ။ ဗိုင်းရပ်စ်တွေပျံ့နေလို့တဲ့။ အဆုတ်ရောင်ရောဂါ ဆိုလားပဲ။ သေတဲ့လူတွေလည်း ဒီနေ့အထိဆို အယောက် ၄၀ ကျော်။ ကူးစက်ခံရတဲ့ လူက တစ်ထောင်ကျော်။ 

တရုတ်ပြည်ဝူဟန်မှာတင် ဖြစ်တာမဟုတ်ဘူး။ အခုဆို အာရှနိုင်ငံတွေကို ပျံ့လာပြီ။ အခြားနိုင်ငံတွေ မှာတော့ အများကြီးမဖြစ်သေးဘူး။ တစ်ယောက်စ နှစ်ယောက်စလောက်ပဲ ဖြစ်သေးတာ။ ကံကောင်းတာ က မြန်မာပြည်မှာတော့ မဖြစ်သေးဘူးပေါ့လေ။ 

မဖြစ်သေးတော့ တချို့ကလည်း ဝူဟန်ရောဂါ ကို မျှော်ကြတယ်။ ဘယ်သူတွေလဲဆိုတော့ သတင်းထောက်တွေ။ သတင်းရေးချင်လို့တဲ့။ 

သတင်းရေးစေချင်လို့လားတော့ မသိဘူး။ ဝူဟန်က ရန်ကုန်ကိုလာတဲ့လေယာဉ်တွေကို မြန်မာပြည်က လက်ခံတယ်။ သူများနိုင်ငံတွေကတော့ ဝူဟန်ကလာ တဲ့လေယာဉ်ဆိုရင် ပြန်လွှတ်တာပဲ။ မြန်မာပြည်ကတော့ အေးဆေးပဲ။ အခုနောက်ပိုင်းတော့ လေယာဉ်တွေကို လက်မခံတော့တာလား၊ ဝူဟန်ကပဲ မလွှတ်တော့တာ လားတော့မသိ။ မဆင်းတော့ပါဘူး။ 

မနေ့ကဆို ကျန်းမာရေးဝန်ကြီးကို သတင်းထောက်က မေးတယ်။ ဝူဟန်အတွက် ကျန်းမာရေး စစ်ဆေးမှု အစီအမံတွေ ညံ့နေတယ်ဆိုပြီး ဝေဖန်နေကြတယ်ဆိုတာ ဟုတ်လားတဲ့။ ဒါပေမဲ့ ဝန်ကြီးရဲ့အဖြေအောက်မှာတော့ တစ်နိုင်ငံလုံး ကျေနပ်သွားတယ်။ ဝေဖန်သူတွေကို လွှတ်လိုက်တဲ့။ အဲ့လူတွေ အကုန်ဖျားသွားမယ်တဲ့။ ဝန်ကြီးပြောတာပဲ။ 

ဒီလိုပြောပုံထောက်ရင်တော့ ဝန်ကြီးဆီမှာ အဖျားရောဂါပိုးတစ်ခု လက်ကိုင်ထားပြီထင်တယ်။ တရုတ် သိုင်းကားတွေလိုပေါ့။ အဆိပ်ကို အဆိပ်နဲ့ကုကြတာ။ အဲ့လိုပဲ အဖျားကိုလည်း အဖျားနဲ့ ကုတော့မယ်ထင်တယ်။ ဝူဟန်ဗိုင်းရပ်စ်ကို ရန်ကုန်ဗိုင်းရပ်စ်နဲ့ ကုကြမယ်ထင်တယ်။ 

လောလောဆယ်တော့ ဘယ်သူတွေ သတင်းဖြန့်မှန်းမသိ။ အရက်သောက်ရင် ဝူဟန်ဗိုင်းရပ်စ်သေသတဲ့။ အဲ့တော့ စိုပြေတို့ခမျာ နေ့တိုင်းသောက်နေရတယ်။ အခုမှမဟုတ်ဘူး။ ဟိုတစ်လောက H1N1 ဖြစ်ကတည်းကပဲ။ ပိုးတွေက အရက်ရဲ့ အပူချိန်အောက်မှာ သေကုန်တယ်ဆိုလား။ အဲ့တော့ အရက်တွေကို မသောက်ချင် လည်းသောက်၊ သောက်ချင်ရင်လည်း ဖျားမှာစိုးလို့ သောက်တယ်လို့ ပြောရတာပဲ။ 

နောက်တော့လည်း နားလည်သူတွေက ပြန်ရှင်းတယ်။ အရက်သောက်လည်း မကာကွယ်နိုင်ပါဘူးတဲ့။ အရက်နဲ့ ကာကွယ်လို့ရတယ်ဆိုတာ အရက်ရောင်းတဲ့ လူတွေ ဂျင်းထည့်တာဖြစ်မယ်တဲ့။ အင်းလေ။ မသိ လိုက်တော့လည်း အရက်တွေ သောက်လိုက်မိတာပေါ့လေ။ 

မြန်မာပြည်မှာလည်း မဖြစ်သေးတော့ ကာကွယ်လည်း သိပ်တော့ မထူးပါဘူး။ ရောဂါပိုးရှိမှ ကာကွယ်ရမှာ။ မရှိသေးတော့ ဘယ်လိုကာကွယ်မလဲ။ တကယ်တော့ အဲ့ရောဂါ မြန်မာပြည်ကို မရောက်အောင်လုပ်ရမှာ။ 

ဘယ်လိုလုပ်မလဲ။ 

မြန်မာပြည်ကို တံခါးတွေပိတ်လိုက်မလား။ အဲ့လိုဆိုရင် မဖြစ်သေးပါဘူး။ နိုင်ငံတကာကရော၊ ပြည်သူတွေ ကပါ ဝိုင်းပြောကြမှာ။ သူတို့လည်း မပြောနိုင်အောင်၊ ပြည်သူတွေလည်း လက်ခံအောင် တစ်ခုခုတော့ လုပ်မှဖြစ်မယ်။ 

ခုနက ဝန်ကြီးပြောခဲ့သလိုပဲ။ မြန်မာပြည်မှာလည်း ဗိုင်းရပ်စ်တစ်မျိုးထွင်လိုက်။ ဝူဟန်ထက်ဆိုးတဲ့ ဗိုင်းရပ်စ်ပေါ့။ အဲ့ဗိုင်းရပ်စ်ကူးရင် ဝူဟန်ထက်ဆိုးပြီး ချက်ချင်းသေတယ်။ ကုရာနတ္ထိဆေးမရှိဘူးဆိုပြီး သတင်းလွှင့်လိုက်။ 

တကယ်တမ်းတော့ အဲ့ဗိုင်းရပ်စ်က မရှိဘူး။ ဒါပေမဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ကြီးဌာန ပူးပေါင်းပြီးလုပ်ရမှာပဲ။ မြန်မာပြည်က သရုပ်ဆောင်တွေကလည်း ဂျင်းထည့်နေကျ။ ဝန်ကြီးဌာနတွေကလည်း လိမ်နေကျ (အရင်ခေတ်ကဌာနကိုပြောတာ) ဆိုတော့ ပြဿနာ မရှိလောက်ဘူးထင်တာပဲ။ 

အဲ့တော့ ဗီဒီယိုရိုက်ကြမယ်။ ဗီဒီယိုထဲမှာ ဗိုင်းရပ်စ် ဖြစ်တဲ့လူ တစ်ခါတည်း တန်းသေတာတို့၊ ဗိုင်းရပ်စ်ဖြစ် တဲ့လူ ဝေဒနာခံစားနေရာတို့ကိုပြမယ်။ ဒါပေမဲ့ ရုပ်ရှင်နဲ့မတူအောင်တော့ ရိုက်ရမှာပေါ့လေ။ 

ပြီးရင် အဲ့ဗီဒီယိုဖိုင်ကိုဖြန့်မယ်။ တစ်ဖိုင်တည်း မဟုတ်ဘူး။ အများကြီးရိုက်မှ ယုံမှာ။ အဲ့ဒါနဲ့ ဝန်ကြီးဌာနကလည်း ကမ္ဘာကို တစ်ပြိုင်တည်း ကြေညာလိုက်။ အဆိုးရွားဆုံးဗိုင်းရပ်စ် မြန်မာပြည်မှာ ဖြစ်နေပြီပေါ့။ အဲ့ဗိုင်းရပ်စ်နာမည်ကိုတော့ ရန်ကုန်ဗိုင်းရပ်စ်လို့နာမည်ပေးမယ်။ ကမ္ဘာကလည်းယုံမှာပဲ။ ရန်ကုန်ဟာ ခြင်ပေါ၊ ဖုန်ထ၊ ညစ်ပတ်နေတာ။ ဒီလို ဗိုင်းရပ်စ်ဖြစ်တာ နည်းသေးတယ်လို့ ထင်မှာပဲ။ ဒါဆို မြန်မာပြည်ကို ဘယ်သူမှ လာရဲမှာမဟုတ်တော့ဘူး။ အဲ့တော့ ဝူဟန် ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေလည်း မလာတော့ဘူး။ ဆိုတော့ မြန်မာပြည်ကို ဝူဟန်ဗိုင်းရပ်စ် မကူးတော့ဘူးပေါ့။ 

ဒီထက်ကံကောင်းရင် ကုလတို့၊ ICJ တို့၊ ICC တို့လည်း လာရဲမှာမဟုတ်ဘူး။ အဲ့ဒါဆို ဘင်္ဂါလီကိစ္စကို တောင် မေ့သွားကြဦးမယ်။ နောက်ပြီး လက်နက်ကိုင်တွေလည်း ဗမာတွေကိုသနားပြီးတော့ စစ်တိုက်တော့ မယ်မထင်ဘူး။ ဒီတော့ ငြိမ်းချမ်းရေးပါရဦးမယ်။ 

ပြဿနာတစ်ခုတော့ ရှိတယ်။ ဝူဟန်မြို့က ဗိုင်းရပ်စ် အကူးခံရတဲ့လူတချို့ဟာ သူတစ်ယောက်တည်း ရောဂါဖြစ်တာကို မကျေနပ်ဘူး။ အခြားလူတွေကိုပါ ကူးစေချင်တယ်။ သူတစ်ယောက်တည်း မသေချင်ဘူးပေါ့လေ။ အခြားလူတွေကိုပါ ကူးအောင်လုပ်ကြတယ်လို့ သတင်းတွေလည်း တက်လာတယ်။ 

ဒီတော့ အဲ့ရောဂါဖြစ်နေတဲ့ ခပ်ရွတ်ရွတ် ဝူဟန်သားတွေဟာ ရောဂါသစ် ရန်ကုန်ဗိုင်းရပ်စ်ကိုပါ မြည်း စမ်းချင်ရင်ပြဿနာပဲ။ ရောဂါတစ်ခုနဲ့ အားမရလို့ နှစ်ခု ဖြစ်အောင်ဆိုပြီး ရန်ကုန်ကို ရရာနည်းနဲ့ လာချင်လာကြမှာ။ အဆိပ်ကို အဆိပ်နဲ့ ကုတယ်လို့လည်း တရုတ်တွေက ယုံကြတယ်လေ။ ဝူဟန်ဗိုင်းရပ်စ်ကို ရန်ကုန် ဗိုင်းရပ်စ်နဲ့ ကုမယ်ဆိုရင် တရုတ်တွေ အုပ်လိုက်ရောက်လာရင်တော့ ဒုက္ခ။ 

စိုပြေ