News

POST TYPE

SATIRE

ဗြိတိသျှကိုကိုမောင် ဖေဇော်ဂျီ ၊ ဖိုးဝိဇ္ဇာ ငြိမ်းချမ်းရေး ဆေးဖော်ခန်း
22-Jan-2020

'ဇော်ယောင် ဂျီယောင်...ဆေးကြိတ်တဲ့တောင်... သင်ဇာသူယောင်...ချစ်တဲ့ လုအောင်'

"အလိုလေး...ဖေဇော်ဂျီရယ်...သီချင်း တကြော်ကြော်နဲ့ အတင်းကို ပျော်နေပါရော့လားကွဲ့"

"အို...ဘယ်သူများမှတ်တယ်...လိပ်စာမရှိတဲ့ ဝိဇ္ဇာငတိပါလား...ပျော်ပါတယ်ဗျ...ပျော်သဗျ...ပျော်ဆို လောကပါလနတ်မင်းကြီးများက တာဝန်ကျရာ လူတို့ဌာနီ မြန်မာပြည်ကြီးဆီကနေ ခွင့်တစ်ရက်ပေးလိုက်သမို့...သူယောင်လေးတွေဆီ အတူကြောင်ဖို့ သွားရမယ်ကိုးဗျ"

"အယ်လဲ...တယ်လည်း ထူးဆန်းနေပါလား...ပြည်တွင်းစစ်ကြီးကို စောင့်ကြည့်နေတဲ့ ဖေဇော်ဂျီ နှစ်ပေါင်းခုနစ်ဆယ် တစ်ခါမှ ခွင့်ရတယ် မကြားဖူးပါဘူး...အခုများ... ဘယ့်နှယ်ဖြစ်ရပါလိမ့်"

"သြော်...ဘယ့်နှယ်ဖြစ်ရမတုံး ဖိုးဝိဇ္ဇာရယ်... နှစ်ပေါင်းခုနစ်ဆယ်လုံး ဟိုအဖွဲ့ ဒီအသင်းတွေ သေနတ်ကိုင်ဗျင်းလာကြတာ ဒီကနေ့တော့ သေနတ်သံတစ်ချက်မှ မထွက်အောင် ငြိမ်သက်တိတ်ဆိတ်နေလို့ ကျုပ် ခွင့်ရတာဗျိုး...ရှင်းပလား"

"ဟယ် ကျားသားမိုးကြိုး၊ ထူးပါပေ့၊ ဆန်းပါပေ့ ရယ်ဗျာ...ဘယ့်နှယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခါပြီးတိုင်း လက်နက်ကိုင်တစ်ဖွဲ့တိုးပြီး ပစ်နေခတ်နေကျဟာ ဘယ့်နှယ်ရုတ်တရက်ကြီး ငြိမ်ကျသွားရသတုန်း..ထူးတော့ ထူးပြီ ထင်ရဲ့"

"ထူးဆို ဖိုးဝိဇ္ဇာရယ်...ဒီနေ့ဟာ အရှေ့ဘက် စိန့်တိုင်းပြည်က ပေါက်ဖော်သခင်ကြီးရှီ ရွှေပြည်ကြီးထံ ခြေစကြာဖြန့်ခင်း ြွကချီလာတဲ့သမယပေကိုးဗျ"

"အလို... ဒါ့ကြောင့်ကို... ဆရာကြောင်သိုးကြီးလာတော့ ရန်ဖြစ်နေတဲ့ ြွကက်ဆိုးလေးတွေ မျက်လုံးကလေးပြူး၊ နားရွက်ကလေးထောင်၊ အမြီးလေးတွေ ကုပ်နေသလိုမျိုးပေကိုး...အိမ်း...ကောင်းပါလေ့ ဖေဇော်ဂျီ...ကောင်းပါလေ့"

"ကောင်းပါလေ့ဆိုတာ ခင်ဗျား ကြောင်သိုးကြီး ရှိနေတုန်းပဲကောင်းမှာ...ဖိုးဝိဇ္ဇာရ၊ ကြောင်သိုးကြီး ပြန်ရင် ြွကက်ဆိုးလေးတွေက အချင်းချင်း ဒချိ ဒချိ ဝုန်းဒိုင်း ဂလိုင်းကြဦးမှာ...ကျုပ်က အဲ့ဒီအခါကျ အသည်းအသန် ပြန်ပြေးရဦးမယ်ဗျာ"

"အင်း...ဂလိုဆိုတော့လည်း ဟုတ်ပေသား...ဖေဇော်ဂျီရဲ့...ဒီတော့ ရွှေပြည်ကြီးထဲ အပစ်အခတ် တွေရပ်စဲပြီး အမြဲ ငြိမ်းချမ်းအောင် မလုပ်ချင်ဘူးလားဗျ"

"ဘယ့်နှယ်ပြောပါလိမ့်...ဒီလို ပညာရှိမျိုးရှိလို့ကတော့ ဖေဇော်ဂျီတို့က အပြေးအလွှား သွားပင့်လိုက်မှာဗျိုး"

"ရှိပါသည်ကောဗျာ... အသူရာတစ်ဂျားနဲ့ ရွှေပြည်တော်တစ်လွှားမှာ ပြိုင်ဘက်မရှိ ပညာအရာအကုန်ပြီးတဲ့ ပရော်ဖက်ဆာ ဒေါက်တာဗြိနောစကီး ဆိုတာ မကြားဘူးပေလားမောင်"

"ဒေါက်တာဗြိနောစကီး ဟုတ်လား... ဂလောက် အူကြောင်ကြားနိုင်တဲ့ နာမည်မျိုး ဆရာဝန်ထဲမကြားဘူးပေါင်ဗျာ"

"ဖေဇော်ဂျီနှယ့်...ဒေါက်တာပါတိုင်း ဆရာဝန် မှတ်သကိုးဗျ...မှတ်ထားဗျ...ဒေါက်တာပါတိုင်း ဆရာဝန်မဟုတ်ဘူး...ဝန်ကြီးဗျ ဝန်ကြီး...အာ မဟုတ်ဘူး...ပညာရှိဗျ ပညာရှိ"

"ကဲ ဟုတ်ပါပြီ မောင်ဝိဇ္ဇာ ဒီတော့ဖြင့် ကျုပ်က အဲ့ဒီ ဒေါက်တာဗြိနောစကီးဆီ ဘာသွားလုပ်ရမတုံး"

"ပြည်တွင်းစစ် မဖြစ်တဲ့နည်း...ငြိမ်းချမ်းရေးရမယ့်နည်း သွားတောင်းပေါ့ဗျ'

"အလိုလေး...တယ်ဟုတ်ပါလား...ကဲ...လာဗျာ... ဖိုးဝိဇ္ဇာ...မြှောက်ချုပ်ဆောင်းစာအရ မျောက်ဥခေါင်း ပမာပဝါရဏသီသော် ဆီလျော်အောင် ပြည်တော် အထိ ပညာရှိဆီ မြန်းပို့စေဗျား"
                                                                       . . . . . . .
ဖေဇော်ဂျီနှင့် ဖိုးဝိဇ္ဇာတို့ကား ဒရုန်းအသွင်နှလုံးဆင်လျက် လေပေါ်ပျံဝဲလာရာမှ ဆင်မင်းဈေးအနောက်ဘက် ကိုးသုံးလုံး ဘီအီးဆိုင်ရှေ့နားအရောက်တွင် ပရော်ဖက်ဆာ ဒေါက်တာဗြိနောစကီးကို ရှာဖွေတွေ့ရှိလေတော့သည်။

ပရော်ဖက်ဆာ ဒေါက်တာဗြိနောစကီးသည် ပညာရှိသူတော်ကောင်းပီပီ ဘီအီးကို စပါကလင်ဖြင့်ရောလျက် သံပရာသီးတစ်စိတ်ကို ဆားတို့ကာ မြုံ့နေလေ၏။

"ဒေါက်တာဗြိနောစကီးလား...ခင်ဗျ"

"ဟုတ်ပါတယ်...ဒါပေမဲ့ ကထိန်ကာလလည်း ပြီးပါပြီ။ ခင်ဗျားတို့ အလှူလိုက်ခံတာ မပြီးကြသေးဘူးလား"

"မဟုတ်ပါဘူး...ပညာရှိမင်းရယ်...ကျုပ်တို့က တကယ့်ဇော်ဂျီနဲ့ ဝိဇ္ဇာပါ။ အလှူခံလိုက်တဲ့ အပူခံငမိုက်တွေ မဟုတ်ရပါဘူး"

"အိမ်း...ဟုတ်ပြီလေ...ဇော်ဂျီနဲ့ဝိဇ္ဇာက ကျုပ်ကို ဘာကြောင့်များ လာရှာရသတုံး"

"အကြံအဉာဏ်လေး တောင်းချင်လို့ပါ...ပညာရှိမင်းရယ်"

"ကဲ...ဟုတ်ပြီ...ဒါဆို အလကားတော့မရဘူးဗျ။နိုင်ငံခြားမှာဆို အကြံပေးခတွေ ဘာတွေယူကြတာ။ကျုပ်လည်း ယူမှဖြစ်မယ်။ အများကြီးတော့ မဟုတ်ပါဘူး။ဒီမှာသံပရာသီးကြီး လှိမ့်ကိုက်နေရတာဆိုတော့ အီးပါရင် ဖင်ဝတောင်ချဉ်လာပြီ...ပဲခြမ်းသုပ်လေး တစ်ပွဲ တော့ ဝယ်ကျွေးဗျာ"

"စားပါ စားပါ ပညာရှိမင်း...သုံးဆောင်ပါ...သြော်...ဒါနဲ့ ခုနပဲ ကျုပ်နဲ့ဇော်ဂျီနဲ့ ငြင်းလာကြတာ...ပညာရှိမင်းရဲ့ နာမည်ရှေ့က ဒေါက်တာဘွဲ့က ဆရာဝန်တော့ မဟုတ်ပါဘူးနော်"

"ထပ်သရီး...ကျုပ်လား ဆရာဝန်ဖြစ်မှာ... ဆယ်တန်းကို ခြောက်ဆယ့်ငါးခါဖြေပြီးရတဲ့အမှတ် အကုန်ပေါင်းရင်တောင် ဆေးမှတ်မမီဘူးဗျ"

"နို့ ဒါဆို ဒေါက်တာဘွဲ့က"

"ဘာမှမဟုတ်ဘူးဗျ...အခုနေခါ အစိုးရက နာမည်ရှေ့ ဒေါက်တာပါရင်ကို အမတ်ဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ် ခန့်တယ်ဆိုလို့ပါ။အဲ့ဒါတွေ မဖြစ်လည်း အစိုးရကဖွဲ့တဲ့ ဟိုကော်မတီ ဒီကော်မတီတွေမှာ လူကြီးဖြစ်ရလည်း နည်းလားဆိုပြီး နာမည်ရှေ့ ဒေါက်တာတပ်ထားတာပါ ဟဲ ဟဲ ဟဲ ဟဲ"

ဇော်ဂျီနှင့်ဝိဇ္ဇာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

"နေပါဦး ပညာရှိကြီးနာမည်က ဗြိနောစကီး ဆိုတော့ဘာလူမျိုးများတုံး"

"ဘာရယ်မဟုတ်ဘူး...တစ်ချိန်က ဆရာဇဝန က ပရော်ဖက်ဆာ ဇဝနောစကီးဆိုပြီး သရော်စာရေးဖူးတာကို အားကျတာရယ်၊ နောက်တစ်ခုက လီနင်တို့၊ ထရော့စကီးတို့ဆိုတာ ရုရှားနာမည်တွေလေ၊ ဒီနာမည်ဆို အဘတွေကတောင် ကိုးကွယ်ကြောက်ရွံ့ရတာ မဟုတ်လားဗျ။ဒါကြောင့်ပါ ဟဲ ဟဲ ဟဲ ဟဲ...ကဲ...မေးစရာရှိတာ မေးဗျာ။ကြာရင် ကျုပ် ဝက်ခေါင်းသုပ်တစ်ပွဲပါ ထပ်မှာမိတော့မယ်နော်"

ဝိဇ္ဇာနှင့် ဇော်ဂျီ အလန့်တကြားဖြစ်သွားသည်။ဘယ့်နှယ် ဝက်ခေါင်းသုပ်က တစ်ပွဲရှစ်ရာကိုး။

"ဟုတ် ဒီလိုပါ ပညာရှိမင်း...ဒီက ဖေဇော်ဂျီဟာ ပြည်တွင်းစစ်စောင့်ကြည့်ရတဲ့ တာဝန်ကို ထမ်းဆောင်ရပါတယ်။ဒီနေ့တော့ တိုက်ပွဲတွေ တစ်နိုင်ငံလုံး မဖြစ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ စိန့်တိုင်းပြည်က သခင်ကြီးရှီ ရောက်နေတဲ့အတွက် ြွကက်ကလေးများ ငြိမ်ဝပ် ပိပြားနေတာပါ။ဒီလို အမြဲတိုက်ပွဲတွေမရှိ ငြိမ်းချမ်းအောင် ဘယ်လိုလုပ်ရမလဲလို့ ဖေဇော်ဂျီက သိချင်တာပါ"

ပညာရှိ ဒေါက်တာဗြိနောစကီးသည် ဘီအီးခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

"ဘာများလဲလို့ဗျာ...ဒါများ အလွယ်လေး...ကဲ ဖေဇော်ဂျီ ခင်ဗျားမှာ တန်ခိုးရှိတယ်မဟုတ်လား"

"ရှိတယ်လေ"

"ကဲ ဒါဆို ဒီနားလာ...အပစ်အခတ်တွေရပ် ငြိမ်းချမ်းစေမယ့်နည်း...တိုးတိုးလေးပြောပြမယ်"

ဒေါက်တာဗြိနောစကီးက ဖေဇော်ဂျီကို တိုးတိုးလေးကပ်ပြော၏။

ထို့နောက် ဖေဇော်ဂျီနှင့် ဖိုးဝိဇ္ဇာတို့သည် ဒေါက်တာ ဗြိနောစကီးအား ဆလံအကြိမ်ကြိမ်ပေးကာ ကောင်းကင်သို့ ပျံတက်သွားကြလေသည်။

သခင်ကြီးရှီ ပြန်သွားပြီး နောက်တစ်နေ့။

"ဝုန်း ဒိုင်း ဒက် ဒက် ဒက်"

အနောက်ပိုင်းပြည်နယ်ဆီမှ သေနတ်သံ ဗုံးသံများ ထွက်လာချိန် ဖေဇော်ဂျီ အမြန်ရောက်သွား၏။

ထို့နောက် ဒေါက်တာဗြိနောစကီး ပေးသည့် အကြံအတိုင်း နာနာရုပ်အတတ်ဖြင့် သခင်ကြီးရှီပုံစံ အသွင်ပြောင်းကာ နှစ်ဖက်တိုက်ပွဲအတွင်း ဝင်ရပ်လိုက်လေသည်။

"ဟာ...သခင်ကြီးရှီ... ရှီးဖော်ရှီ ဟေ့... ဟေ့ကောင်တွေ မပစ်ကြနဲ့တော့ ရှီးဖော် ရောက်နေတယ်...ရှီးဖော်"

တစ်ဖက်မှ သေနတ်သံများ တိခနဲရပ်သွား၏။

"ဟေး...ရှီကောကော ရောက်နေတယ်ဟ...အပစ်ရပ်...အပစ်ရပ်"

တစ်ဖက်မှလည်း တိတ်ဆိတ်သွားလေသည်။

ဇော်ဂျီကား...ရှီကောကောအစွမ်း အံ့မခန်းပေတည်းဟု ရေရွတ်မိလိုက်သည်။

ထိုစဉ် မြောက်ပိုင်းပြည်နယ်ဆီမှ ဝုန်းဒိုင်းဂွမ်း အသံများထွက်လာပြန်သည်။

ဇော်ဂျီလည်း အမြန်ပြေးပြီး ရှီကောကော အယောင်ဆောင်ကာ တိုက်ပွဲကြား ဝင်ရပ်ရပြန်၏။

တိုက်ပွဲဖြစ်နေသည့် နှစ်ဖက်လုံးမှ သေနတ်သံများအစား ဝမ်ဆွေ့ ဝမ်ဆွေ့ ဝမ်ဝမ့်ဆွေး ဟူသော ဆုတောင်းမေတ္တာသံများ ထွက်လာ၏။

သာယာပေစွ။

ဖေဇော်ဂျီ...ကြာကြာမသာယာနိုင်အား။ အရှေ့မြောက်ဆီမှ အသံထွက်လာပြန်သဖြင့် ပြေးရပြန်လေပြီ။

အရှေ့မြောက်ဆီရောက်နေတုန်း အနောက်တောင်က ချကြပြန်ပြီမို့ ပြေးရပြန်သည်။

ဖေဇော်ဂျီတစ်ယောက် သခင်ကြီးရှီ အယောင်ဆောင်ကာ အရပ်ရှစ်မျက်နှာ ပတ်ပြေးပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေရစဉ် အကြံပေးသုခမိန် ဒေါက်တာ ဗြိနောစကီးကား ထုံးစံမပျက် ဘီအီးကလေးမျို၊ သံပရာသီးလေး မြည်းလျက်။

ဗြိတိသျှကိုကိုမောင်