News

POST TYPE

SATIRE

အမေ့ကို ဘယ်သူကြိုမလဲ
19-Jan-2020


ရန်ကုန်မှာ ၀န်ကြီးချုပ်မရှိရင် ဘာဖြစ်သွားမယ်ထင်သလဲ။ ဝန်ကြီးချုပ်မရှိတော့ အမေစု လာရင်ဘယ်သူကြိုမလဲ။ အမေ့ကို ကြိုမယ့်လူမရှိဘူးဖြစ်သွားမှာပေါ့။ 

ပြည်သူတွေကရော အဲ့လိုအဖြစ်ခံမလား။ အမေ့ကို ကြိုသူမရှိ တစ်ဦးတည်းဘဝမှာ ရပ်နေခိုင်းမလား။ ဘယ်ရပ်ခိုင်းမလဲ။ ဒါကြောင့်မို့ အမေ့ကို အကြိုအပို့အတွက် ဝန်ကြီးချုပ်ရှိဖို့လိုတာပေါ့။ 

ဒါကြောင့်မို့လည်း ရန်ကုန်မှာ ဝန်ကြီးချုပ်ခန့် ထားတာပေါ့လေ။ နို့မို့ဆို ရန်ကုန်ဟာ ဝန်ကြီးချုပ်ကို လိုတောင်မလိုဘူး။ မြို့တော်ဝန်ကြီးနဲ့တင် အဆင်ပြေတယ်။ မြို့တော်ဝန်ကြီးကလည်း စီမံခန့်ခွဲမှုကောင်းလွန်းလို့ ထူးထူးထွေထွေ အုပ်ချုပ်စရာတောင်မလုပ်ဘူး။ သူ့အပိုင်နဲ့သူ။ သူ့လူမိုက်နဲ့ သူ့သားပေါက်တွေနဲ့ သူ့ဟာသူ အုပ်ချုပ်နေရုံပဲ။ 

ဒါပေမဲ့ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးဆိုတာလည်း ရှိရမှာမို့။ ဝန်ကြီးချုပ်ကတော့ ရှိပေးရတာပေါ့လေ။ အကြိုအပို့တာဝန်လည်းယူရင်း။ 

ဘာပဲဖြစ်ဖြစ် ဝန်ကြီးချုပ်ကတော့ အမြဲတမ်း တာဝန်ကျေပါတယ်။ အမေ ဘယ်အချိန်လာမလဲ။ ညဉ့်နက်သန်းခေါင်လား၊ နေပူကြဲတောက်ထဲလား။ အချိန်မရွေး၊ နေရာမရွေး ကြိုပြီးသားပဲ။ 

အလုပ်တွေပင်ပန်းလွန်းလို့ ဝန်ကြီးချုပ်ရဲ့ အပြုံးကိုတွေ့ရခဲတယ်။ ဒါပေမဲ့ အမေကိုတော့ ဝန်ကြီးချုပ်ဟာ အပြုံးလေးနဲ့ ကြိုရှာတယ်။ ဒီတစ်ခုနဲ့တင် ရန်ကုန်မှာ ဝန်ကြီးချုပ်ခန့်ထားတာ ကျေနပ်တယ်။ ဝန်ကြီးချုပ်ဟာ အမေ့ကို အကြိုအပို့လုပ်ဖို့ဆို အခြားအလုပ်တွေတောင် ဂရုမစိုက်ဘူး။ 

အမေ့အသံကြားတာနဲ့ အခမ်းအနားတွေကလည်း ထပြေးတာပဲ။ ဘယ်လောက်အရေးကြီးတဲ့ပွဲဖြစ်ဖြစ်။ တစ်ခါတလေ ပြည်သူတွေတောင် အံ့သြတယ်။ ဝုန်းဒိုင်းကြီးပြန်သွားလို့။ ဝန်ကြီးချုပ်များ စိတ်ဆိုးသလားပေါ့။ ရုံးမှာ သွားတောင်းပန်တာရမလား စဉ်းစားနေတာ။ နောက်မှ အမေလာတယ်ဆိုလို့ အပြေးလေး လေဆိပ်ကိုသွားတာဖြစ်နေတယ်။ 

တချို့ကတော့ ဝန်ကြီးချုပ်က ဝန်ကြီးချုပ်လိုမနေဘဲ ဧည့်ကြိုလုပ်နေတယ်ဆိုပြီး ပြောကြတယ်။ တကယ်လုပ်ရမယ့်အလုပ်ကို ဂရုမစိုက်ဘူးလို့လည်း ပြောကြတယ်။ သိပ်မကြည်ကြဘူးပေါ့။ အဲ့ဒါကလည်း အနည်းအကျဉ်းပါ။ အဘဘောမတွေ ဖြစ်မှာပေါ့လေ။ တကယ်တော့ မဟုတ်ပါဘူး။ လုပ်စရာရှိတာတွေလည်း လုပ်တယ်။ ကြိုစရာရှိတာကိုလည်း ကြိုတယ်။ 

ပြီးတော့ နိုင်ငံတော်ရဲ့ အကြီးဆုံးတစ်ယောက် ရန်ကုန်ကိုလာတာ သွားမကြိုလို့ဖြစ်မလား။ ဘယ်ဖြစ်မလဲ။ ကိုယ့်ကို ရာထူးပေးထားတဲ့လူ။ ကိုယ့်ကျေးဇူးရှင်၊ ကိုယ့်မိဘထက်တောင် လေးစားရသူကို ဘယ်သူက ပစ်ထားရက်မလဲ။ 

အခုဝန်ကြီးချုပ်မှ မဟုတ်ဘူး။ ခေတ်အဆက်ဆက်က ရန်ကုန်တာဝန်ယူသူအကုန်ဟာ နိုင်ငံတော်က အကြီးအကဲလာတိုင်း သွားကြိုရတယ်။ အဲ့တော့ အကြီးအကဲနဲ့ ပိုရင်းနှီးတာပေါ့လေ။ ဒါကြောင့်မို့ အခု ဝန်ကြီးချုပ်ဟာ အမေနဲ့ အရင်းနှီးဆုံးလို့ ဆိုရမယ်။ အခြားတိုင်းနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေဟာ ဒီလို အခွင့်အရေးဘယ်ရမလဲ။ 

ရင်းနှီးဆို အမေကလည်း ရန်ကုန်ကို တစ်လတစ်ခေါက်လောက်တော့ အနည်းဆုံးရောက်တာပဲ။ အမေ့အိမ်ကလည်း ရန်ကုန်မှာရှိတယ်။ ပြီးတော့ နိုင်ငံတကာကို သွားမယ်ဆိုရင်လည်း ရန်ကုန်ကနေတစ်ဆင့်သွားရတယ်။ ဧရာဝတီတိုင်းတို့ အခြားနယ်တွေကို ဆင်းရင်လည်း ရန်ကုန်ကိုဖြတ်ရတယ်။ 

အဲ့တော့ ရန်ကုန်ကိုဖြတ်တိုင်း ဝန်ကြီးချုပ်လည်း အငြိမ်နေလို့မဖြစ်ဘူး။ သွားကြိုရသပေါ့လေ။ ပြန်မယ်ဆိုတော့လည်း လိုက်ပို့ရပြန်တယ်။ အဲ့လိုကြိုတိုင်း အမေနဲ့ ပိုရင်းနှီးတယ်။ အမေ့အဆုံးအမတွေကို နာခံရတယ်။ အမေ့စိတ်ကြိုက်ဖြစ်လာတယ်။ 

အခုဝန်ကြီးချုပ်တင်မဟုတ် အရင်တိုင်းမှူးတွေ၊ ဝန်ကြီးချုပ်တွေကလည်း ဒီလိုကြိုရင်းနဲ့ ရာထူးတွေ တိုးသွားတယ်။ အခု ဒုသမ္မတဆိုရင်လည်း အရင်က ရန်ကုန်ဝန်ကြီးချုပ်ပဲမဟုတ်လား။ ဒါကြောင့်မို့ မသေချာသေးပေမယ့် နောက်သက်တမ်းမှာ အခုဝန်ကြီးချုပ်က သမ္မတမဖြစ်ဘူးလို့ မပြောနိုင်ဘူး။ အမေကိုယ်တိုင် အကြိုအပို့ခရီးစဉ်တွေမှာ နိုင်ငံတော်ကြီးကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ သေချာသင်ပေးမှာ။ 

လာမယ့် ရွေးကောက်ပွဲအပြီးမှာ ကိုဖြိုးမင်းသိန်းသာ သမ္မတဖြစ်မယ်ဆိုရင် စိုပြေ မအံ့သြဘူး။ ဝမ်းတောင်သာသေးတယ်။ တစ်ခုတော့ စိတ်မကောင်းဘူး။ အမေစုကို ဘယ်သူဆက်ကြိုမလဲဆိုတာပဲ။ 

နောက်တက်မယ့် ဝန်ကြီးချုပ်က အမေစုကို မလေးစားသူဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါကလည်း စဉ်းစားသင့်တယ်။ ဘာလို့လဲဆိုတော့ ဒီသက်တမ်းမှာ ၂၀၀၈ ခြေဥကို ပြင်မယ်လို့ လွှတ်တော်က ပြောထားတယ်။ ခြေဥကို ပြင်လိုက်လို့ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်မခန့်ရတော့ဘဲ တိုင်းလွှတ်တော်ကပဲ ရွေးရင်...။ အဲ့ဒါဆို အခြားပါတီတွေကလည်း ဝန်ကြီးချုပ်အရွေးခံရရင် ခံရမှာ။ 

ဒါဆို အမေ့စကားကိုနားမထောင်တဲ့ ဝန်ကြီးချုပ်တွေဖြစ်ကုန်မှာ။ အမေ့စကားကို နားမထောင်ရင် အမေ့ကို ဘယ်လေးစားမလဲ။ ဒါဆို အမေရန်ကုန်လာတဲ့အခါ အမေ့ကို ဘယ်သူကြိုမလဲ။

စိုပြေ