News

POST TYPE

SATIRE

မိုတီဗိတ် မောင်ဗြိ
15-Jan-2020

"ဆရာမိုတီဗိတ်မောင်ဗြိ ဦးစီးသော အလုံးစုံမြှင့်တင်ရေးသင်တန်းကြီး စိတ်ရောလူပါ တောင်ကြီးမီးပုံးပျံလို ဖောင်းကားပြီးအထက်သို့ ချက်ချင်းရောက်စေရမည်"

အဲလဲ... ဘယ့်နှယ်တုံး...မနှိပ်ဘူးလားဗျ။

ကိုယ့်ဟာကိုယ်တော့ ဒီဆိုင်းဘုတ်ကြီးဖတ်ပြီး ပီတိတွေဖြစ်နေတာပဲ။

ခုနေခေတ် ခုနေခါ လူငယ်များအကြားမှာ ဒီပရက်ရှင်ဝင်မှ ခေတ်မီသလို မိုတီဗိတ်ဆရာတွေကလည်း အင်မတန်မှ မျက်နှာပွင့်ရေလျှံတဲ့ ကာလကိုဗျ။

ဒီတော့ မောင်ဗြိတစ်ယောက်လည်း စာတိုပေစပေါက်တတ်ကရတွေရေးပြီး ကိုယ့်ဟာကိုယ်မွဲနေမယ့်အစား မိုတီဗိတ်ဆရာဘွဲ့ကို နေ့ချင်းညချင်းခံယူလိုက်ပါပြီလေ။

ဟာ...မောင်ဗြိနှယ့်။

ဟိုမိုတီဗိတ်ဆရာတွေဆို နိုင်ငံတကာက ဟိုဘချလာ၊ ဒီဘချလာ ဘွဲ့တွေ ဆုတွေ နောက်မြီးတွေ တစ်သီးကြီးနဲ့ ဆရာကြီးလုပ်နေကြတာ။

မင်းက ပဲခူးမြို့စွန် ဖွတ်လမွဲစာကလေးကွင်းကောလိပ်က မြန်မာစာဘွဲ့နဲ့ နိုင်ငံခြားဆိုလို့ မြဝတီကနေ ဟိုဘက်ကမ်းကို ဆိုင်ကယ်ကယ်ရီလောက်နဲ့ ရောက်ဖူးတဲ့ကောင်။ဘယ့်နှယ် မိုတီဗိတ်မတုံးဆို။

အမယ်လေး... လွယ်သမှ သိပ်လွယ်။

ဗမာပြည်က လူတွေကရှေ့မှာ အေဘီစီဒီလို့ ကြိုက်တာရေးပြီး နောက်ကယူနီဗာစီတီလို့သာထည့်လိုက်။

ဘာတက္ကသိုလ်၊ ဘာဘွဲ့ဆိုတာ လေ့လာနေမှာမဟုတ်ဘူး။ပညာဘုရင် ဆရာသခင်ကြီးဆိုပြီး တန်းရှိခိုးတတ်တဲ့အမျိုးဗျ။

ဒီတော့ မောင်ဗြိလည်းကိုယ့်နာမည်မှာ ဒီလိုထည့်မှာပေါ့။

ဂျပန်နိုင်ငံ ၊Hashima Island တွင် အမှတ်အများဆုံးနှင့် အထူးချွန်ဆုံး လူငယ်ခေါင်းဆောင်ဆု ကို ငါးနှစ်ဆက်တိုက်ရရှိခဲ့သူ ဆရာမိုတီဗိတ်မောင်ဗြိ (Bachelor of Arrlupudi, University of Somalia) ဆို ဂေါ်ပြီလေဗျာ။

Hashima Island ဆိုတာက ဂျပန်မှာလူမနေတဲ့ကျွန်းလေ။လူမနေတဲ့ကျွန်းမှာ ဘာဖြေဖြေ အမှတ်အများဆုံး၊ အထူးချွန်ဆုံးဆု ရထားတာ။ဆိုမာလီတက္ကသိုလ်က အာလူးပူရီဘွဲ့ဆို အိုကေပြီမဟုတ်လား။

ပြီးတော့ မိုတီဗိတ်၊ မိုတီဗေးရှင်းဆိုတာ ဗမာလို ဘာသာပြန်တော့ လှုံ့ဆော်မှု၊ လှုံ့ဆော်ခြင်းလို့ အဓိပ္ပာယ်ရတယ်လေ။

ဒီတော့ ကျွန်တော့်ဟာကျွန်တော် လှုံ့ဆော်ချင်ရာ လှုံ့ဆော်မှာပေါ့။ဘာလှုံ့ဆော်ဆော်လေ။

ခုနဆိုင်းဘုတ်မှာတောင် ရေးထားပြီးပြီ လူရောစိတ်ပါ တောင်ကြီးမီးပုံးပျံလိုဖောင်းကားပြီး အထက်ဘဝဂ်သို့ မျက်မှောက်ပြုနိုင်ရမည် ဆိုထားတာကော ဗျာ။

နို့ မင်းက စီးပွားရေးမှာရော ဘယ်လောက်အောင်မြင်နေလို့ သူများကိုသင်တန်းပေးမှာလဲဆို။

ရော်... ခက်ပြီ။

ရုပ်ရှင်တစ်ကားကို ဖြစ်ဖြစ်မြောက်မြောက် ဇာတ်ညွှန်းမခွဲဖူးဘဲ ဇာတ်ညွန်းသင်တန်းဖွင့်တဲ့သူတွေ၊ ရပ်ကွက်ပြဇာတ်ထဲက ရာမဇာတ်မှာ ရွှေသမင်နေရာက ပါဖူးရုံနဲ့သရုပ်ဆောင်သင်တန်းဖွင့်တဲ့သူတွေ၊ ဂစ်တာကြိုး ဘယ်နှချောင်းရှိမှန်းတောင်မသိဘဲ ဂစ်တာ သင်တန်းဖွင့်တဲ့သူတွေ တစ်ချိန်ကရှိခဲ့တာပဲလေ။
မောင်ဗြိပဲဗျ။ဒါမျိုး ဘယ်ရမလဲ။

ကိုယ့် သောက်ဖော်သောက်ဖက် ရောင်းရင်းတွေထဲ စီးပွားရေးအောင်မြင်နေတဲ့သူတွေရှိပ။

သူတို့ကို စင်ဂယ်မော့ဝီစကီ တစ်ယောက်တစ်လုံးပေးပြီး သင်တန်းဆရာတွေအဖြစ် သိမ်းသွင်းလိုက်တယ်လေ။ဘကြီးမူးမြင့်အောင်ဗျာ။ နာမည်ကျော် ယာဉ်လိုင်းကြီးရဲ့ ဥက္ကဋ္ဌ။

ဘကြီးကြည်စိုး။ပြည်မြို့က နာမည်ကြီးထမင်းဆိုင်ပိုင်ရှင်ဗျာ။

အနောက်လေးလို့ ခေါ်တဲ့ ဆရာမြေမှုန်လွင်ဗျာ။မြန်မာပြည်ရဲ့ နာမည်ကြီး ထုတ်ဝေသူ။ပန်းဗမာဆိုလား ပန်မြန်မာဆိုလား အဖွဲ့ရဲ့ အတွင်းရေးမှူးကြီး။

ကဲ... ဒီသုံးယောက်ဆို လုံလောက်ပြီပေါ့။

သင်တန်းကြေးကလည်း ဆရာသော်တာဆွေရဲ့ ဂေါ်တက္ကသိုလ်ကို အမှီယူပြီး သင်တန်းဝင်လိုသူတိုင်း ဝင်ကြေးအဖြစ် စင်ဂယ်မော့ဝီစကီတစ်လုံး သတ်မှတ်လိုက်ပါတယ်။

တခြားမိုဒီဗိတ်ဆရာတွေက အနောက်တိုင်းဝတ်စုံအပြည့်နဲ့ ဘွတ်နဲ့ ရွှတ်နဲ့ ဟောကြပြောကြတယ်ပေါ့။

ကျွန်တော်တို့ ဆရာများကတော့ ရုပ်ခံ ရည်ခံ ပညာဉာဏ်ရင့်သန်ပြီးသားလူတွေမို့ သူများတွေလို ရှိုးစမိုး မလိုပေါင်ဗျာ။

ဘကြီးကြည်စိုးဆို သူ့စတိုင်လ်အတိုင်း အင်္ကျီရင်ဘတ်ဟပြဲ၊ ပုဆိုးဖင်ကွဲနဲ့ ထိုင်ရာမထဘဲ သင်ခန်းစာတွေ တစ်ခွက်တစ်ဖလား ပို့ချပါလိမ့်မယ်။

ဆရာမြေမှုန်လွင်ဆိုလည်း သုံးထောင်တန် ချည်အင်္ကျီခါးတိုနဲ့ ဘောင်းဘီချက်ပြုတ်ဝတ်ပြီး ပရိုဂျက်တာဖွင့်ရှင်းပြတဲ့အခါ သူ့အင်္ကျီနဲ့ ဘောင်ဘီချက်ပြုတ်ကြား လက်လေးသစ်လောက် ဟသွားတဲ့အခါ ပေါ်လာတဲ့ အမြွှာအမြောင်းလေးပြပြီး ရင်ခုန်ဖွယ်ရာတွေ သင်ကြား ပေးမတဲ့ဗျာ။

ဘကြီး မူးမြင့်အောင်ကတော့ သူ့စတိုင်လ်အတိုင်း ကော်လံကတုံးရယ်၊ ဘောင်းဘီတိုရယ် တွဲဖက်ဝတ်ဆင်ပြီး မိန်းမနိုင်နည်းကိုပါ အဆင်ပို့ချပေးဦးမှာ။

သင်တန်းဝက်ဝက်ကွဲအောင်မြင်လာတဲ့အခါ ဆရာမိုတီဗိတ်မောင်ဗြိ ရေးသားသည့်စာအုပ်များဆိုပြီး တစ်ရက်တစ်အုပ်နှုန်းလောက် ထွက်ဖို့လည်းရှိပါတယ်။

'သုံးစက္ကန့်အတွင်း သူဌေးဖြစ်နည်း'
'အခုပဲ...အောင်မြင်ခြင်းကို ချိတ်ဖြုတ်ပြီး ဆုပ်ကိုင်လိုက်စ'
'အရက်ဖိုးမစိုက်ခြင်း အနုပညာ'
'အာကာသအထိ စိတ်ဓာတ်မြှင့်တင်နည်းလမ်းများ'
'စွန့်ဦးတီထွင် ပုလင်းရှင်'
'မြန်မာ့နည်း မြန်မာ့ဟန် ကလိန်ကျနည်း'
'ပေါက်စီထဲမှ မားကက်တင်းလျှို့ဝှက်ချက်များ'

အဲ့ဒီလိုစာအုပ်တွေ ထွက်ပြီးတဲ့အခါမှာလည်း စာပေဟောပြောပွဲတွေလည်း သမိုင်းပေးတာဝန်အရ လိုက်ဟောပြောပေးရဦးမှာပါ။

အောင်မြင်ချင်တဲ့ လူငယ်တွေအတွက်၊ အမြင့်ရောက်ချင်တဲ့ လူငယ်တွေအတွက် ဆိုမာလီပြန်အောင်မြင်ရေးနည်းတွေ ဟောပေး ပြောပေးဦးမှာပါ။

ချောက်ထဲကျနေတဲ့ မြန်မာပြည်ကြီးကိုပါ မိုတီဗိတ်မောင်ဗြိက မိုတီဗိတ်ပေးဦးမှာပါ။

နောက်ဆုံး နည်းမျိုးစုံနဲ့ မိုတီဗိတ်အပြီးမှာတော့  နောက်ဆုံးပေါ် မိုတီဗိတ်နည်းကို ဆက်လက်ချီတက် လိုက်ပါပြီ။

"ဆိုမာလီပြန် ဆရာမိုတီဗိတ်မောင်ဗြိ ဦးဆောင်ပြီး မိုတီဗိ်တ်ဆရာများဖြစ်တဲ့ ဆရာမူးမြင့်အောင်၊ ဆရာဦးကြည်စိုး၊ ဆရာမြေမှုန်လွင်တို့ ဦးဆောင်သော မိုတီဗိတ်ခရီးစဉ်ကိုလိုက်ပါနိုင်ပြီ။ခရီးစဉ်တစ်လျှောက်လုံးအတွက် ဝီစကီတစ်လုံးနှင့် စည်တော်ကြီးလက်ဖက် ငါးဆယ်တန် တစ်ထုပ်ကျသင့်ပါမယ်။နေ့ချင်းပြန်ခရီးစဉ်ဖြစ်ပြီး ဒလ - ရန်ကုန်ကြား အထူးစပယ်ရှယ် သမ္ဗန်စီစဉ်ထားမည်ဖြစ်ပြီး ဆရာများနှင့်အတူ သမ္ဗန်တစ်စင်းတည်းအတူစီးရင်း ဆရာများ၏ မိုတီဗိတ်ဟောပြောမှုများကို နားထောင်သွားရမည့်ခရီးစဉ်။ အထူးအစီအစဉ်အနေနှင့် စိတ်ရောလူပါ အထက်အမြင့်သို့ အမြန်ဆုံးရောက်စေရန် ဆရာများကိုယ်တိုင် ရန်ကုန်မြစ်ထဲသို့ ကန်ချပေးမည်"

ကိုင်း... အခုပဲ ဆရာ မိုတီဗိတ်မောင်ဗြိ ဦးစီးတဲ့ ခရီးစဉ်မှာ စာရင်းပေးလိုက်ကြပါတော့။

ဗြိတိသျှကိုကိုမောင်