News

POST TYPE

SATIRE

ရက်တစ်ရာ ဆုံးရှုံးမှုကြီး
31-Jul-2016
တစ်ရက်က မောင်ဗြိဆီကို လူငယ်စာရေးဆရာ ထုတ်ဝေသူ မြေမှုန်လွင် ရောက်ချလာသည်။
သူ့ကလောင်နာမည်က မြေမှုန်လွင် ဆိုသဖြင့် မြေအမှုန့်လေးလို ပိစိကွေးလေးဟု လူတွေက စိတ်ကူးထဲ ပြေးမြင်ကြရော့မည်။
အမှန်က မဟုတ်။
သူ့ရဲ့အပြင်ပုံစံက ရွှံ့စေးခပ်ဝါဝါကို လုံးပြီး မုတ်ဆိတ်မွေးသုံးပင်လောက် တပ်ထားပေးသလိုမျိုး ဟုဆိုလျှင် အပြင်မှာ သူ့ကို မြင်ဖူးသူတိုင်းက ထောက်ခံကြလိမ့်မည်။
သူ့ကလောင်နာမည်ကို မြေလုံးလွင်ဟု ပေးလိုက်လျှင်တော့ လူပုံစံနှင့် တော်တော်လိုက်ဖက်ညီ သွားလောက်သည်။

“ကိုဗြိ... ခင်ဗျားကို လုံးချင်းစာအုပ်တစ်အုပ်လောက် ရေးခိုင်းချင်လို့ဗျ”

အလိုလေး... ပင်တိုင်ရေးနေကျ မဂ္ဂဇင်းတွေ ရပ်ကုန်လို့ လူက ဘိုင်ပြတ်နေတဲ့အချိန်မှာ ဒီစကားကို ကြားရတာဖြင့် မီးပျက်နေတုန်း ပပဝတီ အိမ်လာလည်သလိုမျိုး ဝမ်းမြောက်စရာ ဖြစ်ပါဘိတောင်း။

“ဟား... အတော်ပဲဗျာ... လူလည်း ငတ်လုဆဲဆဲမှာ ခင်ဗျားဆီက ဒီစကားကြားရတာ ကျုပ်က ဘယ်လိုစာအုပ်မျိုး ရေးပေးရမှာတုံးဗျ”

“တစ်ခုတော့ ရှိတယ်... မရေးခင်... ခင်ဗျားရဲ့ ဗြိတိသျှကိုကိုမောင် ဆိုတဲ့ ကလောင်ကန့်လန့်ကြီးကို အရင်ပြောင်းရမယ်”
“ဟမ်...ဘယ်လိုဗျ”

“ဟုတ်တယ်... အခုခေတ်က အမျိုးသမီးစာရေး ဆရာမဆို... ဆိုရှယ်မီဒီယာဖြစ်ဖြစ်၊ ပရင့်မီဒီယာမှာ ဖြစ်ဖြစ် နာမည်အကြီး မြန်တယ်ဗျ။ ဒါကြောင့်... ခင်ဗျား ကလောင်နာမည်ကို ပြောင်းရမယ်... နေဦး... အမျိုးသမီး နာမည်ကျော် စာရေးဆရာမတွေ နာမည်လည်းပါအောင် ... ခင်ဗျားနာမည်လည်း ပါအောင် ဗြိထားခင်လို့ပြောင်းပြီး ထုတ်မယ်ဗျ... ဒါဆို ခင်ဗျား ဘတ်စ်ဆယ်လား ဖြစ်ပြီ”

အချိန်နှင့်ထုတ်ဝေသူသည် လူကိုမစောင့်ဆိုတဲ့ စကားကလည်း ရှိလေတော့ ဘတ်စ်ဆဲလားဖြစ်ဖို့ အရေး မောင်ဗြိကနေ ဗြိထားခင်အဖြစ် ပြောင်းဖို့ လက်ခံလိုက် ရလေသည်။

“ကိုင်း... နာမည်ပြောင်းတာတော့ ဟုတ်ပါပြီ... ကျုပ်က ဘယ်လိုရေးပေးရမှာတုံး... သရော်စာလား... ဟာသလား... အလွမ်းအဆွေးလား... ဘဝသရုပ်ဖော်လား”

“အို... ခင်ဗျားဟာ ခင်ဗျား ရေးချင်သလိုသာ ရေးထားဗျာ... ဗြိထားခင်လို့ ကလောင်နာမည်တပ်ထား ပြီးတာပဲ... ဒါပေမဲ့ ရက်တစ်ရာအတွင်းတော့ ပြီးအောင်ရေးထားဗျာ”

“ဒီမယ်... ကိုမြေမှုန်လွင်... ကျုပ်က စာရေးပြီဆို ရေးချင်သလို မရေးဘူးဗျ... ဇာတ်အိမ်ခိုင်ခိုင်နဲ့ အင်တာနေရှင်နယ် တန်းဝင်အောင်ရေးတာ သဘောပေါက်”

မောင်ဗြိသည် ပြောရင် ပြောသလို လုပ်တတ်သည်။ 
ထိုသို့နှင့် ဗြိထားခင် ကလောင်ခံ မောင်ဗြိသည် ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မြန်မာ့ ဘတ်စ်ဆဲလား အချစ်စာရေးဆရာမကြီးတို့၏ ထုံးကို နှလုံးမူကာ ဇာတ်အိမ်ခိုင်လွန်းလှသော ဘုတ်အုပ်ကြီးကို အောက်ပါအတိုင်း စတင်ရေးသားလေသည်။

“သူဌေးကြီး ဦးမိုးထက်မြင့်မားခိုင်မာ၏ သမီး ကျောက်ဆစ်ခိုင်မာသည် သံမဏိများဖြင့် ဆောက်လုပ် သော အထပ်ငါးဆယ်တိုက်ပေါ်၏ ကျောက်စလစ် လှေကားများပေါ်မှ ဆင်းလာပြီး ဒေါ်လာသန်းငါးဆယ်တန် လန်ဘော်ဂနီ ကားကြီးပေါ်သို့ တက်လိုက်စဉ် သူမ၏ စိန်ခြောက်ဆယ့်ငါးလုံးဖြင့် ကွပ်ထားသော ပလက်တီနမ် ဖိနပ်သည် ခွေးချေးပုံပေါ်သို့ တက်နင်းမိလျက်သား ဖြစ်လေသည်”

ကိုင်း...ဒီလောက်ခိုင်သည့် ဇာတ်အိမ် မြန်မာစာပေမှာ ဘယ်သို့ရှာတွေ့နိုင်မည်နည်း။

ဇာတ်လမ်းကို နိဒါန်းပျိုးပြီးနောက် ဇာတ်အိမ်တည်ဖို့ စဉ်းစားရသည်။
ထုံးစံအတိုင်း သူဌေးသားနှင့် သူဌေးသမီးသည် မာနချင်းပြိုင်ပြီး စီးပွားရေးချင်း ပြိုင်ကြတာကို မောင်ဗြိက ဇာတ်လမ်းဆင်ရေးသည်။ သူဌေးသားသည် နိုင်ငံခြားမှ ကားများတင်သွင်းသူ ဖြစ်ပြီး သူဌေးသမီးကလည်း ထိုလုပ်ငန်းကို လိုက်ပြိုင်ဆိုင်သည်။

ဇာတ်အိမ်လေးတည်ပြီးလို့ ခဏလေးနား သတင်းစာလေး ကောက်ကိုင်ပြီး ဦးနှောက်ဆေးဖို့ ပြင်လိုက်၏။
“အစိုးရ၏ မူဝါဒအပြောင်းအလဲ အဖြစ် ရန်ကုန်လိုင်စင် ကားတင်သွင်းခွင့် ပါမစ်များ ရပ်ဆိုင်း”

လခွမ်း... အစိုးရက မူဝါဒပြောင်းပြီဆိုမှတော့ ဒီကားသွင်းတဲ့ ဇာတ်လမ်းက ဘာမှ သုံးစားရတော့မည်မဟုတ်။ တည်ပြီးသားဇာတ်ကို ဆွဲဆုတ်ရုံသာ ရှိတော့သည်။

ကိုင်း... ဒါလည်း ဘာအရေးလဲ... နောက်ထပ်လူကြိုက်များမယ့် ဇာတ်တစ်ခု ထပ်စဉ်းစားတာပေါ့။ အချိန်က ရက်တစ်ရာကြီးများတောင် မှကိုပဲ။

နောက်တစ်လလောက်ကြာတော့ တူးပို့တူးပို့ သီချင်းသံတွေ ကြားလာတဲ့အခါ ဗြိထားခင်ရဲ့ ဘုတ်အုပ်လေးကို ဇာတ်လမ်းအသစ်ရေးဖို့ တွေးမိပြန်သည်။

မင်းသမီးက သြင်္ကန်မှာ မဏ္ဍပ်အော်ဂနိုက်ဇာ ဘဲကြီးတွေနဲ့ စပွန်ဆာ၊ မင်းသားက ရပ်ကွက်ထဲက သူခိုး၊ သြင်္ကန်တွင်းကျတော့ မဏ္ဍပ်မှာ မင်းသားက နေ့စားနဲ့ လုံခြုံရေးလုပ်၊ မင်းသားက လူလစ်တုန်း မီးစက်ကဆီတွေခိုး၊ မင်းသမီးက ဘီယာတွေအသောက်များလို့ မီးစက်နောက် ရှူးလာပေါက်ရင်း တွေ့သွား၊ ဝေစုတောင်း၊ သြင်္ကန်လေးရက်လုံး သူတို့နှစ်ယောက် ပေါင်းပြီး မီးစက်ထဲက ဆီတွေခိုး၊ အော်ဂနိုက်ဇာတွေ သိသွားတော့ သူတို့နှစ်ယောက်ကို လိုက်ဖမ်း၊ သူတို့ နှစ်ယောက်က ထွက်ပြေး။
ကဲ...ဒါမျိုးအက်ရှင်ဇာတ်က အခုခေတ်ဆို ရုပ်ရှင်တောင် တန်းရိုက်ကြမှာ ကျိန်းသေသည်။

အုတ်ကြားမြက်ပေါက်တို့၊ ခိုးဆိုးလုနှိုက်တို့လို ဇာတ်ကားနာမည်တွေ ခေတ်စားနေချိန်မှာ ဒီကားမျိုးကို စပွန်ဆာသူခိုးတို့၊ ဖိုးတွမ်တီးပိုင်းလုံးတို့ နာမည်တွေ ပေးလိုက်လို့ကတော့ အပေါက်ပဲ။
တောက်... ဇာတ်အိမ်လေးတည်ပြီး ရေးနေရင်း အရှိန်ရခါစရှိသေး။

“အခကြေးငွေဖြင့် ရေကစားသည့် သြင်္ကန်မဏ္ဍပ်များ ဖျက်သိမ်းရန် တိုင်းဒေသကြီးဝန်ကြီးချုပ် အမိန့်ထုတ်”

ကိုင်း... သွားပြန်ပြီပေါ့ တစ်ပုဒ်။ မဏ္ဍပ်တွေ ဆောက်ဖို့တောင် မသေချာမှတော့ ကိုယ့်မင်းသား သူခိုးက ဘယ်မီးစက်က ဆီသွားခိုးရမတုံး၊ ကိုယ့်မင်းသမီးလည်း ဘယ်နား ရှူးသွားပန်းရမတုံး။
ထားတော့။ အစိုးရမူဝါဒ အပြောင်းအလဲ ကာလကို။ နောက်တစ်ဇာတ်ရေးဖို့ စဉ်းစားရုံကလွဲလို့ မောင်ဗြိ ဘာတတ်နိုင်ဦးမည်နည်း။

သြင်္ကန်တွေ ဘာတွေပြီးသွားလို့ တစ်လလောက် နှပ်ပြီးမှ ဇာတ်လမ်းတစ်ပုဒ်ရေးဖို့ အကြံက ထပ်ထွက် လာသည်။ ဒီတစ်ခါ ဇာတ်ကတော့ ဆရာမင်းလူရဲ့ ချစ်မြားရှင် အစ ချစ်မြားရှင် အဆုံး ဆိုတဲ့ ဇာတ်လိုမျိုး ဘတ်စ်ကားပေါ်က ဇာတ်လမ်း။

စပယ်ယာကောင်လေးက စပယ်ယာလိုက်နေတုန်း ခါးပိုက်နှိုက်မလေးက လူတစ်ယောက်အိတ်ကို ဓားနဲ့ခွဲ။ လူတွေက ဝိုင်းဖမ်းတော့ စပယ်ယာလေးကို ကောင်မလေးက ဓားနဲ့ထောက်ပြီး ဓားစာခံဖမ်းခေါ်သွား။ ရဲတွေက လိုက်။ ပြေးရင်းနဲ့ သူတို့နှစ်ယောက်ကြိုက်သွား။
အလို... နိုင်ငံခြားက စတီဗင်စပီးဘတ်တို့တောင် ဒီလိုအက်ရှင်ကားမျိုး တွေးမိမည်မဟုတ်။
အဲ့ဒီလိုလေး ပီတိဖြစ်လို့မှ မဆုံးသေး။ သတင်းတစ်ပုဒ် ထပ်ကြားလိုက်ရပြန်သည်။
ဘာတဲ့။
“ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မထသ ယာဉ်လိုင်းများ ဖျက်သိမ်းမည်” တဲ့။

ဗြိထားခင် တစ်ယောက် စိတ်လေပြီ။
ဘယ့်နှယ် ဒီရန်ကုန်တိုင်းက လူကြီးတွေနှယ်... ငါတည်သမျှဇာတ်အိမ် လိုက်ဖျက်နေသလားပဲ။
ကဲ... ဒီတစ်ခေါက်တော့ အစိုးရမူဝါဒအပြောင်း အလဲတွေနဲ့ လွတ်ကင်းအောင် မင်းသားကို ပန်းရန်ဆရာ ပေးလုပ်လိုက်မည်။
ပန်းရန်ဆရာတွေကတော့ မူဝါဒအပြောင်း အလဲထဲ ပါမည်မထင်။

ဇာတ်လမ်းက မင်းသားပန်းရန်ဆရာသည် ရန်ကုန်မြို့လယ်ကောင်က အထပ်မြင့်တိုက် တစ်တိုက်တွင် ပန်းရန်လုပ်နေရင်း အောက်ဘက်သို့ ကွမ်းတံတွေး ထွေးချမိသည်။
အောက်ဘက်မှ ရွှေဆိုင်ပိုင်ရှင် မင်းသမီးနှင့် သူ့အစ်ကိုတို့စီးလာသော ကားပေါ်ကျသည်။
မင်းသားက ဆင်းတောင်းပန်သောအခါ သူ့အစ်ကို လူကြမ်းကတုံးကြီးက မင်းသားကို ဘီအာတီ လောက်စီးတဲ့ကောင် လူလိုနားမလည်ဘူးဟု ဆိုကာ မျက်ခွက်ကို ထိုး၏။

မင်းသမီးကလည်း နင်က ဘီအာတီပဲ စီးနိုင်တော့ ငါတို့ လန်ခရူဇာစီးနိုင်တာကို မနာလိုလို့ အာဃာတ နဲ့ ထွေးတာမဟုတ်လား။ ဂျပန်ကို ငါအိတ်စပို့ ပို့နေတဲ့ သရက်သီးတွေ ထုပ်ပိုးမှုမကောင်းလို့ ဟိုက လက်မခံဘူးဆိုတာ နင်သိလား။ အေး... ထုပ်ပိုးမှုဟာ အရေးကြီးတယ်။ နင်လည်း ကွမ်းတံတွေးကို အိတ်နဲ့ထုပ်ပိုးပြီးထွေး ဘာညာနင်ပဲငဆ ပြောသည်။
ဒီတော့ မင်းသားက ငါဒီလို အနှိမ်ခံရတာ အစိုးရမကောင်းလို့ဟု ဆိုပြီး  နိုင်ငံရေးထဲ ခြေစုံပစ်ဝင်သည်။
နောက်နှစ်အနည်းငယ်အကြာ မင်းသမီးတို့ မောင်နှမမှာ ရုတ်တရက်ဆင်းရဲသွားပြီး ကွမ်းယာ ရောင်းရသည်။
မင်းသားက ဝန်ကြီးချုပ်ဖြစ်ပြီး ကွမ်းယာဆိုင် တွေကိုဖျက်ဖို့ အသံလွှင့်၏။ မင်းသမီးက အသနားခံစာ တင်သည်။

နောက်ဆုံး မင်းသားက သူကလဲ့စားချေတာ မှားကြောင်းသိပြီး မင်းသမီးကို သွားတောင်းပန်သည်။
ကဲ... ဒီလောက်မိုက်သည့်ဇာတ်။ အစိုးရရဲ့ မူဝါဒ အပြောင်းအလဲ ဘာတတ်နိုင်မတုံး။

တောက်... အဲ့ဒီလို ပြောလို့မှ မပြီးသေးဘူး။
ရန်ကုန်မြို့က အထပ်မြင့်တိုက်တွေ ဆောက်လုပ်ခွင့်ရပ်ထားဖို့ ဆိုသည့် အမိန့်က ထွက်လာသည်။
အောင်မလေးဗျာ... ဒီလိုဆိုရင်ဖြင့် ကျုပ် ဗြိထားခင်လေးရဲ့ ပန်းရန်ဆရာမင်းသားဟာ ဘယ်အထပ်မြင့်က ကွမ်းတံတွေး ထွေးချရမတုံး။

တော်ပြီ။ ဘတ်စ်ဆဲလားမဖြစ်ရင်လည်း နေတော့။ ဗြိထားခင် မဖြစ်ရင်လည်းနေတော့။ နိုင်ငံတကာတန်း မဝင်ရင်လည်းနေတော့။
ဒီပြဿနာကို အစဖော်သွားသူ ဟိုမြေလုံးလွင် ဆိုလား မြေမှုန်လွင်ဆိုလား ထုတ်ဝေသူကို မောင်ဗြိ ဖုန်းခေါ်လိုက်သည်။

“ဒီမယ်ဗျာ... နောက်တစ်ခါ ဘယ်အစိုးရ တက်တက်... အစိုးရရဲ့ ရက်တစ်ရာစီမံကိန်း အတွင်းမှာ ကျုပ်ကို ဘယ်တော့မှ ဘုတ်အုပ်လာမရေးခိုင်းပါနဲ့ ဗျာ... ရှိကြီးခိုးပါတယ်ဗျာ... တောင်းပန်ပါတယ်ဗျာ...”

ထိုသို့နှင့် မြန်မာ့စာပေ လောကကြီးသည် အနာဂတ် မြန်မာနိုင်ငံတွင် ဘတ်စ်ဆဲလား ဖြစ်လာမည့် ဗြိထားခင်ဟူသော စာရေးဆရာမကြီးတစ်ယောက်အား အစိုးရ၏ ရက်တစ်ရာစီမံကိန်း အတွင်း ဆုံးရှုံးခဲ့ရလေ တော့သတည်း။
နာပေစွ။

ဗြိတိသျှကိုကိုမောင်



ABOUT AUTHOR

(ဗြိတိသျှကိုကိုမောင်)