News

POST TYPE

SATIRE

စစ်ပွဲခွန်
12-Jan-2020


စိတ်ရှည်မှဖြစ်မည်။ 

စစ်တို့မည်သည် ရပ်ကွက်ထဲ ရန်ဖြစ်သလို ချက်ချင်းဖြစ်၊ ချက်ချင်းပြီးသွားသည့်အမျိုးမဟုတ်။ တမြည့်မြည့်လောင်ကျွမ်းရင်း မီးစာကောင်းချိန်တွင် ဝုန်းခနဲထတောက်သည့်အမျိုး။ လောင်ပြီးလျှင်လည်း မြန်မြန်မငြိမ်း။ မီးခဲတွေ ပြာဖုံးနေတတ်သည်။ ဒါကြောင့် မို့ ကမ္ဘာစစ်ဖြစ်ရန် စိတ်ရှည်ရှည်စောင့်မှဖြစ်မည်။

စိုပြေတို့မြန်မာလူမျိုးကား သွေးဆူလွယ်သည့် လူမျိုးဖြစ်သည်။ စိတ်ကလည်း မရှည်တတ်။ ပူနွေးစိုစွတ်သောအရပ်ဒေသတွင်နေသည့် လူမျိုးများမို့ထင်သည်။ 

ဖြစ်လာလျှင် မြန်မြန်ချ၊ မြန်မြန်ပြေး၊ မြန်မြန် သွေးအေးသွားတတ်သည်။ ဒါကြောင့်လည်း မြန်မာတွေသည် ခေတ်အဆက်ဆက် စစ်ပွဲတွေတိုက်ခဲ့သည်။ ရှုံးတာလည်းရှိသည်။ နိုင်တာလည်းရှိသည်။ နိုင်လျှင်လည်း အဲ့တိုင်းပြည်ကို အကြာကြီးသိမ်းထားလေ့မရှိ။ ရသလောက်ဖျက်ဆီးပြီး ပြန်တာများသည်။ ဥရောပကိုလိုနီတွေလို အကြာကြီးအုပ်ချုပ်တာမျိုးမလုပ်တတ်။ 

ကိုယ်နှင့်သင့်မြတ်သည့် လူတစ်ယောက်ယောက်ကို ဘုရင်တင်ပြီး ကိုယ့်အိမ်ကိုယ် အေးဆေးပြန်နေတော့သည်။ နောက်ပိုင်းကိစ္စများကို အကြာကြီးမစဉ်းစား။ ဒါကြောင့် မြန်မာတွေက နယ်ပယ်အကျယ်ကြီးကို မသိမ်းပိုက်နိုင်ခဲ့။ ယခုလက်ရှိ မြန်မာပိုင်နက်အဝန်းအဝိုင်းမှာပင် ကျင်လည်ခဲ့သည်။ 

အခြားနိုင်ငံတွေကတော့ ဒီလိုမဟုတ်။ ဒေသတစ်ခုကို အကြာကြီးသိမ်းပိုက်သည်။ ဓားပြတိုက်သလို ရတာကို ချက်ချင်းမယူ။ သိမ်းပိုက်သည့်ဒေသကို ပြုပြင်သည်။ ထွက်ရှိပစ္စည်း အကုန်ယူလို့ရအောင်လုပ်သည်။ ဘာမှမထွက်လျှင်လည်း ထွက်အောင်ပြုပြင်ပြီးယူသည်။ အဲ့ဒါကို မြန်မာတွေက စိတ်မရှည်။ 

ဘာပဲဖြစ်ဖြစ် မြန်မာတွေကား စစ်ကို မျှော်တတ်သည်။ မဖြစ်ခင်အထိတော့ စစ်ဖြစ်မှာကို အကြောက်အလန့်သိပ်မရှိ။ သူများနိုင်ငံတွေမှာ စစ်ဖြစ်လျှင် အားကျတတ်သည်။ 

ပထမကမ္ဘာစစ်ဖြစ်တော့ မြန်မာပြည်နယ်နိမိတ်က စစ်ထဲမှာမပါ။ အရှေ့အလယ်ပိုင်းတို့ ဥရောပတို့မှာသာဖြစ်သည်။ ဒါကို မြန်မာတွေက မကျေနပ်။ အင်္ဂလိပ် စစ်တပ်ထဲဝင်ပြီး သွားတိုက်ကြသည်။ အဲ့လို စစ်သွားတိုက်သူတွေကိုလည်း အားကျကြသည်။ ဂုဏ်ယူကြသည်။ 

ဒုတိယကမ္ဘာစစ်မှာတော့ မြန်မာပြည်သည် စစ်ထဲပါခဲ့သည်။ ကိုယ်တိုင်လည်းဝင်တိုက်သလို အခြားနိုင်ငံတွေကလည်း မြန်မာပြည်ထဲ ဝင်တိုက်ကြသည်။ စစ်တွေ ဖြစ်လို့ စိတ်ညစ်တာ မြို့ပေါ်ကလူတွေလောက်ပဲရှိသည်။ ဒါတောင် သူတို့လည်း ခပ်ပျော်ပျော်သာ။ ဗုံးခိုကျင်းထဲ ဝင်ရလည်း ပျော်ပျော်ပဲနေကြသည်။ 

တောနယ်တွေမှာ ဂျပန်တွေကို ပြန်တိုက်တော့လည်း ပျော်ပျော်ကြီးတိုက်ကြသည်။ စစ်ပြီးတော့လည်း ဂျပန်တွေကို ကယ်တင်စောင့်ရှောက်ထားတာတွေရှိကြပြန်သည်။ 

စစ်ပြီးချိန်မှာ ဘယ်သူ့ကိုမှ အပြစ်တင်တာမလုပ်။ ကိုယ့်ဘာသာကိုယ် ပြန်လည်တည်ဆောက်သည်။ မြို့ပေါ်က အိမ်အလွတ်တွေမှာ ဝင်နေကြသည်။ အချို့ကတော့ စစ်ကြီးပြီးသွားတာကို မကျေနပ်။ 

ဒါကြောင့် စစ်ဆက်တိုက်ကြသည်။ အခုထိ တိုက်နေတုန်း။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အခုထိ မြန်မာပြည်အနှံ့တွင် နေ့စဉ်တိုက်ပွဲတွေဖြစ်နေတုန်း။ သွေးဆူသော လူမျိုးများဖြစ်သည့်အတွက် တိုက်လိုက်၊ နားလိုက်။ ပျင်းလျှင် ပြန်တိုက်လိုက်နှင့်။ ကမ္ဘာစစ်လောက်ကတော့ သနားသည်။ 

အခုဆို အီရန်နှင့် အမေရိကန် အပြန်အလှန် စကားတွေ စစ်ထိုးနေသည်။ ဒုံးကျည်တွေနှင့် ပစ်သည်။ ဒရုန်းတွေနှင့် တိုက်သည်။ ကမ္ဘာစစ်ဖြစ်တော့မည်ဟု တွေးကာ ပျော်ကြသည်။ အီရန်ကဖြစ်ဖြစ်၊ အမေရိကန်ကဖြစ်ဖြစ် တရားဝင်တိုက်စေချင်ပြီ။ သို့သော်လည်း နိုင်ငံနှစ်ခုက ဝေးလွန်းသည်။ ပြီးတော့ လမ်းစရိတ်တွေ မရှိကြလို့လားမသိ။ တရားဝင် မတိုက်ကြသေး။ လေလှိုင်းနှင့် အွန်လိုင်းမှာသာ လေကျယ်နေကြသည်။ အပြင်မှာ တကယ်မချ။ မြန်မာတွေက အားမလို အားမရဖြစ်။ ကမ္ဘာစစ်ကို ဖြစ်စေချင်ပြီ။ 

ဒါကြောင့် မြန်မာတွေသည် အငြိမ်မနေ။ ကမ္ဘာစစ်ဖြစ်စေရန် အမေရိကန်ကို သွားစိန်ခေါ်သည်။ အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုစိန်ခေါ်နေခြင်း ဖြစ်သည်။ မြန်မာမှာ နျူကလီးယားရှိတယ်။ မင်းတို့ သတ္တိရှိရင် လာတိုက်လိုက်ဟု ဒေါ်နယ်ထရမ့်ကို သွားသွားပြောကြသည်။ သတ္တိမရှိတဲ့ အီးပေါလောတွေဟုလည်း သွားပြောကြသည်။ သဘောကတော့ အမေရိကန်အနေနှင့် အီရန်ကို ဝင်မတိုက်တောင် မြန်မာပြည်ကို လာတိုက်စေချင်လို့ဖြစ်သည်။ ဒါပေမဲ့ အမေရိကန်ကတော့ ဘယ်တိုက်ရဲမလဲ။ မြန်မာပြည်မှာ အမေစုရှိတာကိုး။ 

ထားပါတော့လေ။ 

လက်ရှိမှာတော့ အမေရိကန်နှင့် အီရန် စစ်ဖြစ်ဖို့ ပြင်နေပြီ။ သို့သော်လည်း ဉာဏ်ရှိသူတို့ ထုံးစံအတိုင်း စစ်သိပ်မတိုက်ရဲ။ သေမှာကြောက်သလို နိုင်ငံပျက်စီးမှာလည်း ကြောက်ကြသည်။ ဒီတော့ ဘယ်သူမှ တရားဝင် စစ်မကြေညာရဲပေ။ 

ဒါကြောင့်မို့ စစ်ဖြစ်မှာကို လိုလားသည့် စိုပြေကတော့ အမေရိကန်ကိုရော၊ အီရန်ကိုရော မြန်မာပြည်သို့ ဖိတ်ခေါ်ချင်သည်။ သူတို့နိုင်ငံတွေစစ်ဖြစ်လို့ ပျက်စီးမှာကိုကြောက်လျှင် မြန်မာပြည်မှာလာတိုက်။ ကြက်ဝိုင်းလိုပေါ့။ မြန်မာပြည်ကိုတော့ အကောက်ပေးရမည်။ အခုအစိုးရကလည်း အခွန်ကောက်တာ အရမ်းတော်သမို့ စစ်ပွဲခွန်ဆိုပြီးကောက်။ အခြား စစ်ဖြစ်ချင်သူတွေလည်း မြန်မာပြည်မှာလာဖြစ်။ စစ်သားတွေလိုလျှင် မြန်မာပြည်မှာ ငှားလို့ရသည်။ မြန်မာပြည်မှာက စစ်သားတွေ ဈေးပေါသည်မဟုတ်လား။ 

စစ်ပွဲကြောင့် အထူးအထွေပျက်စီးမှာကိုလည်း စိုးရိမ်စရာသိပ်မလို။ ဆယ့်နှစ်ရာသီတိုက်ပွဲတွေဖြစ်နေသလို ပျက်စီးစရာလည်း သိပ်မရှိတော့။ 

စိုပြေ