News

POST TYPE

SATIRE

ကျွန်တော်နှင့် ဝက်ခြံ
14-Jul-2019


၁၆ ရာစုနှစ်က အာရှတိုက်တွင် အင်အားအတောင့်တင်းဆုံး ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သည့် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင် အနော်ရထာလည်း လူပျိုပေါက်ဘဝက ဝက်ခြံပေါက်ဖူးခဲ့မည်။

ထို့နှယ် စကားလုံးကွန်တိန်နာကြီးဖြင့် အစချီထားပြီး နောက်ပိုင်းကျမှ ဝက်ခြံပေါက်သည့်ကိစ္စဖြင့် အဆုံးသတ်ထားသဖြင့် ကျွန်တော့်အား မဆဲကြပါနှင့်။ တကယ်တော့ ဝက်ခြံသည် ကျွန်တော်တို့ အားလုံးနှင့် မကင်းရာမကင်းကြောင်း ဖြစ်ခဲ့သည်။

Pimple သို့မဟုတ် Acne ဟု အင်္ဂလိပ်လိုခေါ်သော ထိုအဖု၏ မြန်မာနာမည်က အဘယ့်ကြောင့် ဝက်ခြံဟု ဖြစ်သွားသည်ကိုလည်း ကျွန်တော်တွေးကြည့်မိဖူးသည်။ ဝက်ခြံသည် အရေပြားပေါ်မှ ချွေးပေါက်ကလေးများတွင် အဆီအိတ်များ ပိတ်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု ဖတ်ဖူးသည်။ ဝက်ဆိုသည်က အဆီများသည့် သတ္တဝါ။ ခြံကတော့ ဝက်တွေကို လှောင်ခတ်ထားသည့်နေရာ။

ဒါကြောင့် အဆီအိတ်တွေပိတ်ပြီး ဖြစ်လာတဲ့ အဖုကို ဝက်ခြံဟု ရှေးမြန်မာကြီးများက တင်စားခေါ်ဝေါ်ခဲ့လေသလားဟု ကြံဖန်တွေးကြည့်မိသည်။ ကျွန်တော်တွေးသည့်အတိုင်းမှန်လျှင်တော့ ရှေးခေတ်မြန်မာကြီးများသည် ဝက်ခြံရေးရာကျွမ်းကျင်သူတွေဖြစ်မှာ သေချာသည်။

ဝက်ခြံသည် အသက်အရွယ်အလိုက် ပြောင်းလဲတတ်သောလူ့စိတ်ကိုပင် ကိုယ်စားပြုနေသည်ဟုလည်း ကျွန်တော်ထင်သည်။ ကျွန်တော် အသက် ၁၃ နှစ်သားလောက်တွင် ဝက်ခြံပေါက်ချင်သည့်ရောဂါ ထခဲ့ဖူးသည်။

ဝက်ခြံပေါက်ခြင်းသည် လူပျိုဖြစ်လာခြင်းဟု လူကြီးမိဘများကလည်း သတ်မှတ်ကြသည်။

“ဟာ...ဒီကောင်ကြီးတောင် ဝက်ခြံတွေ ဘာတွေပေါက်နေပြီ ... လူပျိုပေါက်ဖြစ်ပြီပေါ့” စသဖြင့် ပြောသံကို ကြားရသည့်အခါ ကိုယ့်ကိုယ်ကိုယ် ငါကလေးမဟုတ်တော့ဆိုသည့်အသိနှင့် မြောက်ကြွကြွဖြစ်ရသည်။

ကိုယ့်ထက် စီနီယာကျသည့် အစ်ကိုကြီးများက မျက်နှာမှ ဝက်ခြံအဖုလေးကို သနပ်ခါးသော်လည်းကောင်း၊ ထုံးသော်လည်းကောင်း တို့ထားသည့် စတိုင်လ်ကို သဘောကျသည်။

ကျွန်တော် ထိုအရွယ်တွင် ဝက်ခြံက တော်တော်နှင့် မပေါက်။ ကျွန်တော်တို့ အတန်းတူ ယောကျာ်းလေးများထဲတွင် အချို့ကောင်တွေ ဝက်ခြံပေါက်ကြပြီ။ ဒီကောင်တွေက သူတို့ ဝက်ခြံမဖြစ်စလောက်လေးကိုပင် ထုံးအထူကြီးတို့လာပြီး ဟန်ရေးပြကြသည်။

ထိုထဲတွင် အဆိုးဆုံးက ဖြိုးကို ဆိုသည့်ကောင်။ ဒီကောင်က တရုတ်သွေးစပ်။ အသားက ဖြူဖြူ မျက်နှာက အဆီပြန်ပြန်ဆိုတော့ ဝက်ခြံအလွန်ပေါက်ကောင်း သည့် မျက်နှာမျိုး။ ဝက်ခြံငါးဖုလောက် နဖူးပတ်လည်မှာပေါက်တော့ ဒီကောင့်နဖူးတွင် ထုံးစက်တွေတို့ကာ ကျောင်းကိုလာသည်။ ကျွန်တော့်မျက်စိထဲတော့ ဒီအကောင်ဟာ ဝက်ခြံလေးသုံးလေးဖုလောက်နဲ့ မြောက်ကြွမြောက်ကြွဖြစ်နေသည်ဟုမြင်ကာ ကြည့်မရဖြစ်မိသည်။ နောက်ထပ် အတန်းထဲက သုံးလေးယောက်ကလည်း ဝက်ခြံလေးတွေ ဖြစ်လာကြပြီ။

အတန်းထဲတွင် ကျွန်တော်ချိန်နေသည့် တင်ဇာလွင် ဆိုသည့် ခပ်ထွားထွားကောင်မလေးဆိုလျှင် နှုတ်ခမ်းအပေါ်တွင် ရင့်မှည့်သော ဝက်ခြံအနီကြီးကိုပင် ပိုင်ဆိုင်နေချေပြီ။

ကျွန်တော့်မျက်နှာ ကျွန်တော် မှန်ထဲပြန်ကြည့်သည်။ ဝက်ခြံနှင့်တူတာ တစ်ခုမှမတွေ့။

ကျောင်းပိတ်ရက်က နေပူထဲ စွန်လွှတ်ထားသဖြင့် ပေါက်နေသည့် မိတ်ဖုတွေသာရှိသည်။ သူများတွေက ဝက်ခြံကိုယ်စီပေါက်နေပြီး ကိုယ်က မပေါက်။ ဒီတော့ ရွယ်တူတွေက လူပျို၊ အပျိုဖြစ်ကုန်ကြပြီး ကိုယ်က ကလေးဘဝမှာပဲ ကျန်ရစ်သည်ဟု ထင်လာသည်။

ဝက်ခြံမပေါက်သည့်အတွက် သိမ်ငယ်လာသည်။ ခက်တာက ဝက်ခြံပျောက်ဆေးဆိုတာသာရှိသည်။ ဝက်ခြံပေါက်ဆေးဆိုတာ မရှိ။ ဒီဆေးပညာရှင်ဆိုတဲ့ ဘဲတွေက ဘာလို့ ဝက်ခြံပေါက်ဆေးကို မတီထွင် ခဲ့ရတာလဲဟုတွေးပြီး မကျေမနပ်ပင် ဖြစ်မိသည်။ ဝက်ခြံ မပေါက်သဖြင့် အတန်းထဲမှ သူငယ်ချင်းများကြား မျက်နှာငယ်ခဲ့ရသော ကျွန်တော့်အတွက် စိတ်သက်သာရာတစ်ခုတော့ ပေါ်လာခဲ့သည်။ ထိုအရာကား ယောကျာ်းလေးအိမ်သာထဲတွင် ဖြစ်လာခဲ့ခြင်းပင်။

ကျောင်းမုန့်စားဆင်းချိန် ယောကျာ်းလေး အိမ်သာထဲရှိ ရှူးတန်းစီပေါက်သည့်နေရာတွင် ကျွန်တော်က ဟိုအကောင်တွေထက် သာသွားလေ၏။

မရိုသေ့စကား။ ကျွန်တော်သည် သူတို့လို မျက်နှာတွင် ဝက်ခြံမထွက်သေးသော်လည်း ဟိုနေရာတွင်တော့ ကျွန်တော်က သူတို့ထက် အမွေးအတောင် သွားစုံနေခြင်းဖြစ်သည်။

အခုခေတ်စကားနှင့်ဆိုလျှင် ရှူးပေါက်ခန်းတွင်တော့ ကျွန်တော်က အကောင်ဖြစ်ခဲ့သည်။ သို့သော်ငြား...ထိုအကောင်ဖြစ်မှုက ယောကျာ်းလေးချင်းသာ ကြွားစရာဖြစ်ခဲ့ပြီး ဝက်ခြံလိုမျိုး မိန်းကလေးတွေရှေ့ ထုံးလေးတို့ပြီး လမ်းသလားပြလို့ ကောင်းသည့်ကိစ္စမဟုတ်။

“ဟဲ့...တင်ဇာလွင်...ငါမှာ ဝက်ခြံမပေါက်ပေမယ့်...ဟိုဟာတော့ ပေါက်နေပြီ... မယုံရင် နင်လိုက်ကြည့်ပါလား” ဟု သွားပြောလျှင် ပါးကျိုးရုံမက ကျောင်းပါထုတ်ခံရမည့်အပေါက်။

ဒီလိုနှင့် ကျွန်တော့်မှာ မနက်မိုးလင်းသည်နှင့် မှန်ရှေ့မတ်တတ်ရပ်ပြီး ကိုယ့်မျက်နှာမှာ ဝက်ခြံ ထွက် မထွက် ပြူးပြဲရှာရသည်မှာ ရှစ်တန်းတစ်နှစ်လုံးပင်။

ကိုးတန်းကျောင်းဖွင့်ခါနီးမှသာ မေးစေ့ပေါ်တွင် ဝက်ခြံတစ်လုံးကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပါတော့သည်။

အခုရော။

ဆယ့်ငါးနှစ်ကျော်ကြာပြီးတဲ့နောက်...အခု ကျွန်တော် အသက်သုံးဆယ်ကျော်အချိန်။ ကျွန်တော့် နှာခေါင်းထိပ်တွင် ဧရာမဝက်ခြံကြီးထွက်လာသည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ကာလက အသည်းအသန်ပေါက်ချင်ခဲ့ဖူးသော ဝက်ခြံသည် ယခုအခါ တကယ့်ပြဿနာကြီးတစ်ခု ဖြစ်နေပြန်ချေ၏။

ဝက်ခြံသည် အခြားနေရာတွင် ပေါက်သည်က ပြဿနာမဟုတ်။ နှာခေါင်းထိပ်တွင် ပေါက်သည်ကတော့ ပြဿနာ။ နဂိုကမှ နှာခေါင်းကြီးသော ကျွန်တော့် အတွက် ဒီဝက်ခြံကြီးပါ ထပ်ဖြည့်လိုက်သောအခါ မှန်ထဲတွင်ပင် ကိုယ့်ကိုယ်ကိုယ် နှာဘူးရုပ်ကြီးဟု ထင်လာသည်။

ဘတ်စ်ကားပေါ်တွင်လည်း ဒီနီရဲပွရောင်းနေ သောဝက်ခြံဖြင့် ကြံ့နှာခေါင်းကို ကောင်မလေးများက ကြည့်ပြီး ဟယ်...နှာဘူးကြီးထင်တယ်...တွယ်ချိတ် အသင့်ပြင်ထားမှ ဆိုသည့်အကြည့်မျိုးဖြင့် ကြည့်နေ ကြသည်ဟု ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်လာသည်။

အိမ်သူသက်ထား လေဒီဗြိကတော့ အားပေးရှာပါသည်။

“ယောကျာ်းရယ်...ရှင့်ဥပဓိရုပ်က နှာခေါင်းမှာ ဝက်ခြံမပေါက်လည်း...နှာဘူးရုပ်ပါပဲ...မထူးပါဘူး” တဲ့။

သို့ပေတည့်...သူ့ခမျာ မနေသာပါ။

ကျွန်တော့်အတွက် ဝက်ခြံပျောက်ဆေးကို သူညွှန်ကြားသလို လိုက်နာရတော့သည်။ ကျွန်တော်တို့ ကလည်း အလှအပရေးရာမှာကျတော့ ဘာမှမသိသည့် ငတိတွေကိုး။

ရေချိုးခန်းဝင်ပြီး နှာခေါင်းက ဝက်ခြံကြီးအပါအဝင် မျက်နှာတစ်ပြင်လုံးကို သူဝယ်လာပေးသော ဝက်ခြံပျောက်ဆပ်ပြာဖြင့် အမြုပ်ထွက်သည်အထိ သစ်ရသည်။ ပြီးတော့ ရေခြောက်သောအခါ ဝက်ခြံပျောက် ဆေးဆိုသောအရာ လိမ်းရ၏။

ယင်းသို့ အဆင့်ဆင့်အတွက် ငွေသုံးထောင်ကုန်ခဲ့သည်ဟုလည်း ဇနီးသည်က ဆိုသည်။ ထိုသို့ဖြင့် ဇနီးသည်၏ ကုသမှုကိုခံယူရင်း သံဝေဂတစ်ခု ရလိုက်ပါသည်။

ကျွန်တော် တစ်ချိန်က အရမ်းပေါက်ချင်ခဲ့သော ဝက်ခြံကို ယခုတော့ ငွေသုံးထောင်အကုန်ခံပြီး ရှင်းထုတ်နေရပါ၏။ ဝက်ခြံပေါက်ဆေး လိုချင်ခဲ့ဖူးသော ကျွန်တော်သည် ဝက်ခြံပျောက်ဆေးကို သုံးနေရပါသည်။ ကျွန်တော် ကျိတ်ကြိုက်ခဲ့သော တောင့်တောင့်ထွားထွား တင်ဇာလွင်ကြီးသည်လည်း ကလေးနှစ်ယောက်အမေ ဝတုတ်ကြီးဖြစ်နေသည်ဟု သတင်းရထားပါသည်။

ကျွန်တော်တို့ တစ်ချိန်တစ်ခါက အလွန်လိုချင်ခဲ့သောအရာများသည် အချိန်ကာလတစ်ခုကျလျှင် ကျွန်တော်တို့ မလိုချင်ဆုံးသောအရာများ ဖြစ်နေတတ်ပြန်သည်။

ဪသာ်...ဝက်ခြံကပေးတဲ့ သင်္ခါရတွေပါလား ကွယ်ရို့။

ဗြိတိသျှကိုကိုမောင်