News

POST TYPE

SATIRE

ဘိုးသိကြားနှင့် နတ်ငယ် မုဒိမ်း
07-Jul-2019


အရှေ့အနောက် ယူဇနာတစ်သောင်း၊ တောင်မြောက် ယူဇနာတစ်သောင်းရှိသော မဟာသုဒဿနအမည်ရှိ တာဝတိံသာနတ်ပြည်က ရွေးကောက်ခံသိကြားမင်းအစိုးရ၏ နှစ်ပတ်လည် နတ်သဘင်ညီလာခံကြီး စတင်လေပြီ။

“တို့သိကြားမင်းရဲ့ ညီလာခံနတ်ကြီးများရဲ့ ညီလာခံ” ဆိုသော သီချင်းသံများက ပင်လယ်က သစ်ပင်အနီး ညီလာခံကျင်းပရာ သုဓမ္မာသဘင်ဇရပ်အတွင်းမှ ပျံ့လွင့်လျက်ရှိလေသည်။

ရောင်ဝါမျိုးစုံတောက်ပနေသော ပင်လယ်က သစ်ပွင့်တို့၏ ရနံ့ကလည်း ယူဇနာတစ်ရာတိုင်တိုင် ပျံ့နှံ့မွှေးကြိုင်နေ၏။

၃၁ ဘုံအတွင်း တာဝန်ရှိကြကုန်သော နတ်ကောင်း၊ နတ်မြတ်၊ နတ်စမတ်များမှသည် နတ်ကျိုး၊ နတ်ပျက်၊ နတ်ဒုက္ခိတများပါမကျန် ညီလာခံတက်ရောက်ရန် ရောက်ရှိကြပေပြီ။

“သောင်းခန်းလုံးကေသာ၊ ဘုန်းတန်ခိုးကြီးကြောင်း၊ သောင်းခန်းလုံးကေသာ၊ ဘုန်းတန်းအဦး၊ တေဇာ ကြေညာ ကျော်သဲ၊ မို့မို့ဝေဆာ အာကာဘုံထဲ”

နတ်တို့သနင်း သိကြားမင်းကြီး ထွက်ခါနီးပြီမို့ တစ်သိန်းမျှရှိသော နတ်လော်စပီကာအပေါင်းမှ ညီလာခံသီချင်းကိုပိတ်ကာ သိကြားပင့်နတ်ချင်းကို ဖွင့်ကြလေတော့သည်။

ယခုညီလာခံတွင် ဘိုးတော်သိကြားမင်းကြီး အဘယ်အရာကိုစီးပြီးထွက်မည်ကို နတ်အပေါင်းက သိလိုစိတ်စောနေကြသည်။

ယခင့် ယခင် ညီလာခံများတွင်တော့ သိကြားမင်းသည် သဘင်ထွက်စံရာတွင် ဧရာဝဏ်အမည်ရှိ ဆင်ကို စီးတော်မူလေ့ရှိ၏။

သို့သော် တိချစ်သူနတ်အုပ်စုက တိရစ္ဆာန်ညှဉ်းပန်းမှုဖြင့် တရားစွဲမည်ခြိမ်းခြောက်သဖြင့် သိကြားမင်းလည်း ဧရာဝဏ်ဆင်ကြီးအား သစ်တောဌာနသို့ ခဏပြန်အပ်လိုက်ရသည်ဟူ၏။

မျက်လုံးပေါင်းတစ်ထောင်ရှိသူ၊ အသူရာတို့ကို အောင်နိုင်ခဲ့သူ၊ ဝရဇိန်လက်နက်ကို ပိုင်ဆိုင်သူ ဘိုးတော်သိကြားကြီးကား တိချစ်သူနတ်တို့ကို ကြောက်လှသဖြင့် နတ်သဘင်သို့ ခြေလျင်ပင် ကြွရောက်လာလေတော့သည်။

နကင်းကြီးကားကား၊ ဝတ်ဖြူစင်ကြယ်ဖြင့် ဘိုးသိကြားကြီးသည် မျက်မှောင်ကို ကြုတ်လျက် ညီလာခံထဲဝင်လာလေတော့၏။

“ဟဲ့ ... သုဇိတာတို့၊ သုမာလာတို့ ... ဒီ လော်စပီကာတွေ ဘယ်အကောင်က ဖင်ယားပြီး ဖွင့်သလဲကွယ် ဒီလောက် မီတာခတွေ သုံးဆလောက် တက်နေချိန်မှာ လော်တွေ အပြိုင်ဖွင့်ပြီး ငါ့ကို ဒေဝါလီခံအောင် လုပ်နေကြသလားဟေ့၊ အခုပိတ်ခိုင်းစမ်း”

သုဇိတာ၊ သုမာလာ၊ သုနန္ဒာ အစရှိသော သိကြားကတော် သုသုလေးတို့ကား ဘိုးသိကြား၏ အလိုမကျသံကြောင့် ပျာယာခတ်ကြကုန်၏။

မကြာမီ လော်စပီကာများ ပိတ်သွားပြီးနောက် ဝိဇယုတ္တရခရုသင်းသံ ထွက်ပေါ်လာလေသည်။

နတ်ညီလာခံကား စပေပြီ။

ဝသဝတ္တီ၊ နိမ္မာနရတိ၊ တုသိတာ၊ ယာမာ၊ တာဝတိံသာ၊ စတုမဟာရာဇ် စသော နတ်ပြည်ခြောက်ထပ်မှ ကိုယ်စားလှယ်အသီးသီးမှ အဆိုများ တင်သွင်းကြ၊ နတ်ဝန်ကြီးများက ရှင်းလင်းကြဖြင့် ညီလာခံကြီး အသက်ဝင်လှုပ်ရှားနေတော့၏။

မကြာမီ ညီလာခံကြီး ပြီးစီးတော့မည်။

ဘိုးတော်သိကြားကိုယ်တိုင်သာမက နတ်အပေါင်းတို့ကလည်း နန္ဒဝန်ဥယျာဉ်တော် မဟာနန္ဒာ ကန်တော်ကြီးဘေးတွင် ကျင်းပမည့် နတ်ဒင်နာပါတီကိုသာ စိတ်စောနေကြသည်။

ငြိမ်းချမ်းရေးလာရောက်ဆွေးနွေးသော အသူရာ ပြည်မှလည်း အသူရာပြည်ဖြစ် အသူရာဝေါကာ အရက်များ လာရောက်ဆက်သထားသည်ဆိုသည့် သတင်းက ရှကီသမား စတုမဟာရာဇ်နတ်တို့အတွက် လေချဉ်များပင် ပြို့စေတော့သည်။

ထိုအခိုက် စည်းဝေးသူ နတ်ထုကြီးထဲမှ ကလေး ငိုသံများ ဗြဲခနဲ စီနေအောင် ထွက်လာလေတော့သည်။

နတ်ဆောက်လုပ်ရေးဝန်ကြီး၏ ရှင်းတမ်းကြီးဖတ်ပြချိန်တွင် အိပ်ငိုက်နေသော ဘိုးတော်သိကြားမှာ ကလေးငိုသံများကြောင့် အလန့်တကြားဖြစ်သွားလေ၏။

“ဟဲ့ ... ဟဲ့ ... ညီလာခံထဲ ကလေးမခေါ်ရဘူးလို့ ငါ အမိန့်ထုတ်ထားတယ်လကွယ်၊ ဘယ်က ငိုသံတွေတုံး”

“အစိမ်းအုပ်စုကပါ ဘုရား၊ အစိမ်းအုပ်စုကပါ”

“ဟဲ့ ... ပလုတ်တုတ်”

အစိမ်းအုပ်စုဟု အသံကြားသည်နှင့် ဘိုးတော်သိကြားသည် သူထိုင်နေသော ဗဏ္ဍုကမ္ဗလာ မြကျောက်ဖျာကို လက်နှင့်ဖိကာ စိုးရိမ်တကြီး ဖြစ်သွားလေ၏။

“စိုးရိမ်တော်မမူပါနဲ့ဖျာ့၊ လူ့ပြည်က အစိမ်းအုပ်စုကို ပြောတာမဟုတ်ပါဘူး။ လူ့ဘုံမှာ တည်ရှိတဲ့ ၃၇ မင်း နတ်စိမ်းအုပ်စုကို ပြောတာပါဖျာ့”

ထိုအခါမှ သိကြားလည်း သက်ပြင်းကို နာနာချနိုင်တော့၏။

“အိမ်းလကွယ်၊ လူ့ပြည်အစိမ်းအုပ်စုဆိုရင်တော့ ငါသိကြားလည်း ကြောက်သကွဲ့၊ တော်ကြာ တာဝတိံသာအာဏာသိမ်းမလား၊ နတ်ထုထဲ အစိတ်သားထည့်ပေးပါ ခြိမ်းခြောက်မလား ကြောက်လို့ပါကွယ်၊ ကြောက်လို့ပါ။ ကဲ ... ကဲ ... ဟုတ်ပါပြီ။ ဒါနဲ့ နတ်သဘင် အစည်းအဝေးထဲ ကလေးမခေါ်လာရလို့ စည်းကမ်းထုတ်ထားပါလျက် ကလေးခေါ်လာတာ ဘယ်နတ်စိမ်းတွေများတုံးဟဲ့”

“ဘယ်သူမှ ခေါ်လာတာမဟုတ်ပါဘူး.ဖျား၊ သူတို့ဟာသူတို့ လာတက်ကြတာပါ။ အဲ့ဒါကို နတ်တာဝန်ထိန်းတွေက အတင်း လူ့ပြည် ပြန်ဆင်းခိုင်းလို့ ငိုနေကြတာပါဖျာ့”

“ဟင်၊ ဘယ်သူတွေတုံး။ ငါ့ တစ်ယောက်ချင်းထရပ်ပြကြစမ်း”

ထိုစဉ် ကြက်တောင်စည်းကလေးနှင့် အသက် ၂ နှစ်အရွယ်ကလေးတစ်ဦး မတ်တတ်ထရပ်လေတော့သည်။

“ဟဲ့၊ ကလေးဆိုတော့ သေချာမမြင်ရဘူး။ ဘယ်သူများလဲကွယ်”

“မီးမီးက မင်းမဟာဂီရိနတ် ပန်းပဲ ဦးတင့်တယ်ရဲ့ တူမ၊ သုံးပန်လှ မဒွေးလှရဲ့ သမီး ရှင်နှဲမိ ခေါ် မနှဲလေးနတ်ပါ ဘိုးဘိုးသိကြားကြီးရှင့်”

“အေး၊ မနှဲလေး ... မနှဲလေး အင်း သိပြီ။ တကောင်းအုပ်စုကပဲ။ ဒါနဲ့ ညည်းဘေးက ကလေးမ ကရော”

“ဒါက မီးမီးရဲ့ တပည့် နတ်သူငယ်မ မကြာဥပါ ဘိုးဘိုးသိကြားကြီးရှင့်”

“အောင်မယ် ၂ နှစ်သမီးက တပည့်တွေဘာတွေနဲ့ပါလားဟ”

“ဘိုးဘိုးသိကြားရဲ့ မွေးစားသားလေး ကျွန်းမောင်မောင်လည်း တွန်းလှည်းထဲမှာ ပါလာပါသေးတယ် ဖျာ့”

“အလို၊ ကလေးနတ်တွေ အစုံအလင်ပါလားဟဲ့၊ အသက် ဆယ့်ရှစ်နှစ်မကျော်သေးဘဲ နတ်ပြည်တာဝန်ထမ်းခိုင်းရင် လေဘာလောနဲ့ ငြိမှာစိုးလို့ အသက်မပြည့်တဲ့ ကလေးနတ်တွေကို ဘိုးဘိုးသိကြားက ညီလာခံလွတ်ငြိမ်းခွင့်ပြုထားပြီးသားလေကွယ်၊ ဘာကြောင့် ရောက်လာရသလဲ ကလေးတို့ လျှောက်တင်ကြစမ်းဒဒ

“လူ့ပြည်မှာ မနေရဲကြတော့လို့ပါဖျား”

“ဟဲ့၊ ညည်းတို့ ညည်းတို့တွေ လူပြည်နေလာတာပဲ လူ့သက်နဲ့ဆို နှစ်ရာချီနေကြပြီ၊ ဘယ့်နှယ့် အခုမှ မနေချင်ရတာလဲ၊ ဘာလဲ လူတွေက ဘဲဥပြုတ်မဆက်ကြတော့လို့လား”

“ဘဲဥပြုတ်ငတ်တာက အရေးမဟုတ်ပါဘူး။ ဘိုးဘိုးသိကြား၊ အခုဟာက လူ့ပြည်မှာ သက်ငယ်မုဒိမ်းဆိုတာတွေ ခေတ်စားနေပါတယ်ဖျား။ ခေတ်စားနေပါတယ်”

“အလို၊ သက်ငယ်မုဒိမ်း၊ အင်း ... ဟုတ်ပ ဟုတ်ပ၊ အခုတောင် လူ့ ပြည်က နေပြည်တော်ဆိုတဲ့ အစိုးရမင်းတို့ ဌာနီကြီးက မူကြိုကျောင်းတစ်ခုမှာ သက်ငယ်မုဒိမ်းဖြစ်လို့ဆိုကွဲ့”

“မှန်ပါ့ဖျား၊ သက်ဆိုင်ရာဌာနတွေက တရားခံ ကု စုံပြီး စမ်းနေကြပါတယ်ဖျား..ဒါပေမဲ့ တရားခံက တော်တော်နဲ့ မပေါ်နိုင်ဘူးဖျား”

“ဩ၊ ဒီကလေးမနှယ် စကားမတတ် တတတ်၊ မပီကလာနဲ့ပြောရော့မယ်။ စုံပြီးစမ်းတာ မဟုတ်ဘူး။ စုံစမ်းတာလို့ ပြောစမ်းပါကွယ်”

“မဟုတ်ပါဘူး ဘိုးဘိုး၊ သူတို့က ဒီနှာခေါင်းပေါက်လောက်ကျောင်းလေးကနေ အိမ်အပြန်လမ်းကကိစ္စကို အာဏာ၊ ပါဝါ၊ အသပြာအားတွေအစုံနဲ့ ပြည်သူကို သွေးတိုးစမ်းသလို လုပ်နေကြလို့ စုံပြီးစမ်းတယ်လို့ ပြောတာပါဖျား”

“အိမ်း၊ ကြားတယ် ကြားတယ်၊ ဘိုးဘိုးလည်း ဒီသတင်းကြားပြီး တယ်လည်း စိတ်ထဲ မသက်သာလှဘူး။ ဒါနဲ့ အမှုက တရားခံဖမ်းနိုင်သွားပြီဆိုကွဲ့”

“ပြည်သူအများစုကတော့ ဒွိဟနဲ့ပါဖျား။ စစ်ဆေးပြီး အပြစ်မရှိပါဘူးဆိုပြီး ပထမတစ်ခါ လွှတ်လိုက်တဲ့ တရားခံကို ဒုတိယအကြိမ်ကျ တရားခံဆိုပြီး ပြန်ဖမ်းတယ်ဆိုတော့ ထင်ကြပြီပေါ့ဖျား”

“အေးပေါ့ ... အေးပေါ့၊ ဒါနဲ့ ညည်းလေးတို့ကရော ကျုပ်တာဝတိံသာကို ရောက်လာကြတာ ဒီကိစ္စနဲ့ ဘာဆိုင်သတုံး”

“ဆိုင်တာပေါ့ ဘိုးဘိုး။ မီးမီးတို့က ကလေးတွေလေဖျား”

“ဟဲ့၊ ကလေးပေမယ့် ညည်းတို့က လူမဟုတ်ဘူး။ ကလေးနတ်လေကွယ်”

“နတ်လည်း နတ်နတ်ပဲ ဖျား၊ လူမင်း ဘုန်းကြီး နတ်မင်း မနေသာ ဆိုတဲ့ စကားကြားဖူးတယ်မဟုတ်လားဖျား၊ အခု လူမုဒိမ်းသမားဘုန်းကြီးရင် နတ်ကလေးတွေလည်း ဘယ်နေနိုင်မတုန်းဖျား။ တော်ကြာ သက်ငယ်မုဒိမ်းပြီးလို့ နတ်ငယ်မုဒိမ်းဖြစ်လာရင် ကိုယ်ကျိုးနည်းမှာဖျား၊ ဒါကြောင့် လူ့ပြည်ကနေ နတ်ပြည်ကို ပြောင်းရအောင် ထရန်စဖာလာတင်တာပါဖျား”

ဘိုးသိကြား ခေါင်းစားလေပြီ။

“အိမ်း၊ နတ်သူငယ်တွေနဲ့တော့ ခက်တာပဲ”

“မခက်ပါဘူးဖျား၊ လုံခြုံပါတယ်ဆိုတဲ့ မူကြိုထဲတောင် ဒင်းတို့က ဝင်ဒိမ်းသေးတာ။ မီးမီးတို့ နတ်ကွန်းတွေဆိုတာ တံခါးတွေဘာတွေရှိတာမဟုတ်ဘူးဖျား။ ဘဲဥဝင်ဆက်သလိုလိုနဲ့ ဒိမ်းသွားမှာ စိုးပါတယ်ဖျား”

“ကဲ၊ ကဲ ဒီကိစ္စ ဘိုးဘိုးသိကြား ဖြေရှင်းပေးပါ့မယ်။ စတုမဟာရာဇ်ဘုံအောက်က နတ်စိမ်းတွေကို ရာထူးတိုးပေးဖို့က မလွယ်ဘူး မီးမီးတို့ရဲ့။ ဒီတော့ မီးမီးတို့နေတဲ့ လူ့ဘုံကို အခု စတုမဟာရာဇ်က နတ်လူကြီးတွေနဲ့အတူ ဘိုးသိကြားကြီးဆင်းမယ်။ မီးမီးတို့ လုံခြုံရေးအတွက် သက်ဆိုင်ရာနတ်တွေကို တာဝန်ပေးပေးမယ်။ ကဲ၊ ကဲ ကလေးတို့ မငိုကြနဲ့တော့ လူပြည်ပြန်ဆင်းဖို့သာပြင်”

“ဟင်အင်း၊ ပြန်ဝူး ပြန်ဝူး။ လူတွေကို ကြောက်တယ်။ သက်ငယ်မုဒိမ်းသမားတွေကိုကြောက်တယ်။ နတ်ပြည်မှာပဲ နေမယ်”

“ကဲ၊ ကလေးတို့ရယ် တိတ်ပါ၊ တိတ်ပါ။ ဟဲ့ ... မာတလိ ဝေဇယန္တာရထားကို အခုချက်ချင်းပြင်စမ်း။ ငါ လူ့ပြည်ကို ဒီကလေးတွေနဲ့အတူ အခုဆင်းမယ်။ ဪသာ် ဒါနဲ့ နတ်တိချစ်သူတွေကို ရှင်းပြထားဦး။ ဝေဇယန္တာရထားကိုဆွဲတဲ့ သိန္ဓောမြင်းတစ်ထောင်ဆိုတာ တကယ့်မြင်းမဟုတ်ဘူး။ ငါ့တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့ ဖိုက်ဒီမြင်းတွေလို့၊ နို့မဟုတ် ... မြင်းချစ်သူတွေက ငါ့ဆဲကြဦးမယ်”

သိကြားမင်း၏ အမိန့်ဆုံးသည်နှင့် မာတလိ မောင်းနှင်သော ဝေဇယန္တာရထားသည် သုဓမ္မာသဘင် ဇရပ်ရှေ့ ဝုန်းခနဲ ပေါ်ပေါက်လာလေတော့သည်။

ဘိုးတော်သိကြားမင်းနှင့် စတုမဟာရာဇ် နတ်အရာရှိအပေါင်းလည်း မနှဲလေး၊ မကြာဥတို့ ကလေးမလေးနှစ်ယောက်ကို ချီပိုး၊ လေးကျွန်း မောင်မောင်၏ တွန်းလှည်းလေးတွန်းလျက် ရထားပေါ်သို့ တင်ပြီး လူ့ပြည်သို့ ခရီးဆက်ရန် ပြင်ကြလေသည်။

ရထားထွက်ခါနီးတွင် သိကြားမင်းက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ရုတ်တရတ် ယခုလို ထအော်လိုက်လေသည်။

“ဟေ့၊ ဒရိုင်ဘာ မာတလိ..လူ့ပြည်ကို မင်းမလိုက်နဲ့၊ မင်းမလိုက်နဲ့ မဖြစ်ဘူး။ ငါတို့ ရထားကို ဖြစ်သလိုပဲ မောင်းသွားကြမယ်။ တော်ကြာ ဟိုမှာ တရားခံရှာမရတာနဲ့ မင်းကို တရားခံနာမည်တပ်နေမှဖြင့် နတ်ပြည်နာမည်ပျက်ရချည်ရဲ့ကွယ်” ဟူ၏။

ဗြိတိသျှကိုကိုမောင်