News

POST TYPE

SATIRE

စာအုပ်တွေကို စွန့်ခွာကြ
03-Jul-2019


အခုခေတ်ကြီးမှာ ဘယ်စာအုပ်မှ ဖတ်စရာမလိုတော့ဘူး။ စာအုပ် ဖတ်ပါ ဖတ်ပါလို့ ပြောနေသူတွေကို ကြည့်လိုက်။ ဘယ်သူတွေလဲ။ စာရေးဆရာတွေနဲ့ စာရေးဆရာအမျိုးတွေ။ ပြီးတော့ ထုတ်ဝေသူတွေ။

ဒီခေတ်မှာ အင်တာနက် အလွယ်တကူရပြီ။ သုံးသောင်းကျော်လောက်ရှိရင် ပွတ်တဲ့ဖုန်းလေးတွေ ရပြီ။ အဲ့ဒါဆို ဖေ့စ်ဘွတ်ခ်ဆိုတာ သုံးလို့ရပြီ။ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ကြည့်လို့ရပြီ။ စာတွေ ဖတ်လို့ရပြီ။ အပ်ဒိတ် ဖြစ်တဲ့စာတွေ။ စာအုပ်ထဲက စာအဟောင်းတွေမဟုတ်။ အဲ့တော့ ဘာလို့ စာအုပ်တွေ ဝယ်ပြီး ဖတ်နေဦးမလဲ။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ နိုင်ငံရေးသုံးသပ်ချက်တွေ ဖတ်ချင်လား။ ရေးနေသူတွေ အများကြီးရယ်။ စီးပွားရေး သုံးသပ်ချက်တွေ၊ ပညာရေး သုံးသပ်ချက်၊ လူမှုရေးသုံးသပ်ချက်တွေ။ အဲ့လို မဖတ်ချင်လို့ ပေါ့ပေါ့ပါးပါးလေးတွေ ဖတ်ချင်လား။ ဟာသရေးတဲ့လူတွေရှိတယ်။ စာနုရေးတဲ့လူတွေရှိတယ်။ 

စာဖတ်ရတာ ပျင်းတယ်။ ကာတွန်းပဲကြည့်ချင်တယ်ဆိုလည်း ကာတွန်းဆရာတွေ အများကြီး။ အဲ့လိုမဟုတ်ပဲ တစ်ခါတလေ ပျင်းလို့ ဝတ္ထုတိုတွေ ဖတ်ချင်သေးလား။ ရသေးတယ်။ စာရေးဆရာကြီးရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေကို ပြန်တင်ပေးနေတဲ့လူတွေရှိတယ်။ အေးအေးဆေးဆေးသွားဖတ်။ သတင်းတွေ သိချင်သလား။ 

သတင်းဌာနအစုံက သတင်းတွေကို တစ်ယောက်တည်း ဒိုင်ခံတင်နေတဲ့လူတွေလည်းရှိတယ်။ သူ့ဆီမှာသာ ဖတ်လို့ကတော့ တစ်ကမ္ဘာလုံး အပ်ကျတာကအစ သိရမယ်။ နိုင်ငံရေးသုံးသပ်ချက်တွေ ဖတ်ချင်သလား။ ဘယ်သူ ဘယ်ဝါမှန်းမသိပေမယ့် သူ့စာတွေဖတ်ရင် တစ်ခါတည်း နိုင်ငံရေးသွေးတွေကြွပြီး ရွေးကောက်ပွဲတောင် ဝင်ပြိုင်ချင်စိတ်ပေါက်သွားလိမ့်မယ်။ စီးပွားရေးသုံးသပ်ချက်တွေ ဖတ်ပြီးရင်လည်း တစ်ခါတည်း စီးပွားရေးဝန်ကြီးပါ လုပ်လို့ရနိုင်တယ်။

ဘာသာရေးလိုက်စားသူလား။ ဘုန်းကြီးတွေကို အက်မထားနဲ့။ သူတို့က နည်းနည်း စန်းစန်းတင့်ဖြစ်တယ်။ ဘာသာရေးပေ့ချ်တွေကိုပဲ လိုက်ခ်လုပ်ထား။ အခုခေတ်မှာ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ တိုက်ရိုက် သီလယူလို့ရတယ်။ တရားနာလို့ရတယ်။ အချိန်ကုန်ခံပြီး ဘုန်းကြီးကျောင်းသွားစရာမလိုတော့။ ပါရမီအခံရှိရင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ သောတာပန် ဖြစ်သွားနိုင်တဲ့အမျိုး။

ဗေဒင်ဝါသနာပါသလား။ ဗေဒင်အကြောင်းတွေ စုံလို့။ ဘယ်နေ့သားက ဘာဖြစ်၊ ညာဖြစ်။ ဘယ်လို တွက်ရင် ဘာရ။ နည်းနည်းလောက် အားထည့်ပြီး ကြိုးစားလိုက်ရင် ကိုယ်တိုင်တောင် ဗေဒင်ဆရာဖြစ်လာမယ်။

အဲ...။ မရိုသေ့စကားပေါ့။ 

ကိုယ်က နှာဘူးလား။ ကိစ္စမရှိဘူး။ ပေါက်ကရပေ့တွေ၊ ပေါက်ကရစာတွေ အများကြီးပဲ။ ရှာဖတ်။ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ လိုက်ကြည့်။ မိန်းမယူချင်စိတ်တွေ တဖွားဖွားပေါက်ကုန်မယ်။ ဖေ့စ်ဘွတ်ခ်ပေါ်က စာတွေဖတ်ပြီး သွေးကြွလာလို့ စာရေးချင်သလား။ ရေးသာရေး။ ဖတ်ချင်သူဖတ်မယ်။ မဖတ်ချင်သူ မဖတ်ဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အားလုံးက စာရေးသူတွေချည်းပဲ။ ရေးမယ့်စာက သတ်မှတ်ချက်တော့ရှိတယ်။ 

အခု ဖေ့စ်ဘွတ်ခ်ပေါ်မယ် ဘာဟော့နေသလဲ။ အဲ့ဒါကိုသာရေး။ ရပ်ကွက်ထဲမှာ ဟော့နေတဲ့ ကန်စွန်းရွက်ဈေးကြီးတာ မရေးနဲ့ စိတ်မဝင်စားဘူး။ အကြီးကြီးတွေသာရေး၊ ငြိမ်းချမ်းရေးက ဘယ်လို၊ လွှတ်တော်က ဘယ်ဝါ၊ အုပ်ချုပ်မှုဆိုတာ ဘာညာ စသဖြင့်ပေါ့။ ကိုယ်ရေးတဲ့စာက ပေါက်သွားရင် ကိုယ့်မှာ ဖရန့်တွေများလာမယ်။ ဖော်လိုဝါတွေ များလာမယ်။ 

အဲ့ဒါကို ကိုယ်လည်း တန်းဝင်တဲ့ စာရေးသူဖြစ်လာနိုင်တာပေါ့။ အဲ့လို တန်းဝင်ပြီး စာရေးဆရာဖြစ်လာရင် ဘာတွေရမလဲဆိုတော့

“မှန်လိုက်တာ ဆရာရယ်၊ အဲ့လို ပြောချင်တာ ဆရာလို မပြောတတ်လို့ရယ်။ ဆရာရေးတာနဲ့ ကျွန်မပြောချင်တာ ကွက်တိပဲ။ လေးစားပြီဆရာရယ်။ ကျွန်တော့်ကို ဆရာ့ပရိသတ်အဖြစ် သတ်မှတ်ပေးပါ။ Add ပေးပါဦးဆရာ။ မှန်လိုက်တဲ့သုံးသပ်ချက်ပါပဲ။အဲ့ဒါကြောင့် ဆရာ့ကိုလေးစားနေတာ။ အမှန်အတိုင်း ရေးရဲတယ်။ သတ္တိကို လေးစားတယ်” အဲ့လို အဲ့လို ကွန်မန့်တွေရမယ်။ 

ပျော်စရာကြီး။ စာရေးသူတွေ ကြွေစေတဲ့မန့်တွေပဲ။

အဲ့တော့ စာအုပ်တွေ ဝယ်ဖတ်နေရင် အပ်ဒိတ်မဖြစ်ဘူး။ ခေတ်နောက်ကျမယ်။ ပိုက်ဆံကုန်မယ်။ စာအုပ်တွေ မဖတ်နဲ့ ဖေ့စ်ဘွတ်ခ်ပဲသုံး။ 

ဗဟုသုတအစုံရတယ်။ ကံကောင်းလို့ ကိုယ် အွန်လိုင်းပေါ်မှာ ပေါက်သွားရင် စီးပွားလည်းရှာလို့ရတယ်။ အခုဆို အွန်လိုင်းပေါ်မှာ နာမည်ကြီးလို့ စီးပွားရေးအဆင်ပြေသွားသူတွေ တပုံတပင်။ ဈေးရောင်းမလား။ ကားရောင်းမလား။ အစုံရတယ်။ 

အခုဆို အစိုးရကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ နာမည်ကြီးတဲ့ကိစ္စကိုပဲ အရေးတယူရှိတော့တယ်။ ရဲတပ်ဖွဲ့ကလည်း ဖေ့စ်ဘွတ်ခ်မှာပါမှ အမှုကို ရေဆုံးမြေဆုံးလိုက်တော့တယ်။ နောက်ပိုင်း အစိုးရက ဖေ့စ်ဘွတ်ခ်ဝန်ကြီးဌာနတောင် ထောင်ချင်ထောင်တော့မှာ။ 

အဲ့တော့ သင်ဟာ ကံကောင်းရင် ဖေ့စ်ဘွတ်ခ်ဝန်ကြီးတွေ ဘာတွေတောင် ဖြစ်နိုင်သေးတယ်။

စိုပြေ