News

POST TYPE

SATIRE

နတ်ကတော်သည် လူကြမ်းမဟုတ်
26-Jun-2019



“နတ်နှင့်နဂါး မလှည့်စားအပ်၊ လှည့်စားသမှု ပြုသည်ရှိလျှင်၊ ဘေးအန္တရာယ် ဖြစ်တတ်လွယ်၏”

ဒီအိမ်ရှေ့က ဖြတ်သွားတိုင်း၊ အဝတ်စအနီပေါ်မှာ သင်္ဘောဆေးနဲ့ရေးထားတဲ့ ဒီစာတန်းကြီးကို ဖတ်ရတိုင်း ကျီးအာသီးရွာသားတွေ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားခဲ့ရဖူးတယ်။

ငါတို့ရွာမှာ နတ်ကတော်ရှိသဟဲ့ဆိုပြီး ရင်ကော့ နေခဲ့ကြဖူးတယ်။ နတ်ကတော်ရှိလျှင် ဘာဖြစ်သတုံး။ နတ်ကတော်ရှိရင် နတ်ရှိတာပေါ့။ ရှိတာမှ ၃၇ မင်း အတွင်းရော အပြင်ရော။ ဘောလုံးနှစ်သင်းစာလောက်ရှိတယ်။

နတ်တွေရှိတော့ ဘာဖြစ်တုံး။ နတ်တွေက တန်ခိုးရှိတယ်လေ။ အစွမ်းထက်တယ်လေ။ နတ်တွေတန်ခိုးနဲ့ ရွာကလူတွေကို ကာကွယ်ပေးတယ်လေ။

အောင်မယ်...နတ်တွေကို လူတွေ ဒီလောက်ကြောက်မှတော့ နတ်တွေကို အိမ်ပေါ်ခေါ်တင်ထားတဲ့ နတ်ကတော် သက်သက်နိုင်လည်း တန်ခိုးထက်ပြီလေ။

တကယ့်နာမည်အရင်းက သက်နိုင်ပါ။ မိန်းမလျာ လုံးလုံးလျားလျားဖြစ်သွားမှ သက်သက်နိုင်ဖြစ်လာတာရယ်။ ရွာမှာလည်း မိန်းမလျာဆိုတာရှားတော့ သက်နိုင်ကို လူတွေက အမြဲအထူးအဆန်းပေါ့။

ကာလံ၊ ဒေသံအရတော့ အဲ့ဒီခေတ်၊ အဲ့ဒီအခါမှာ LGBT အခွင့်အရေးတွေ ဘာတွေ ဘယ်သူက သိမှာလဲ။

ဒီလိုပဲ နောက်လိုက် စလိုက်နဲ့။

ရွာမှာ ရှေးရှေးကလည်း နတ်ကတော်ကြီးတွေ ရှိခဲ့ပါတယ်။ တောင်ပြုန်းရွှေနန်းဆီက နတ်နေကြီး၊ နတ်ဝါကြီး၊ အမတ်ချုပ်၊ ဗောင်းချုပ်ကြီးတွေအထိ ပေါက်ရောက်လေးစားရတဲ့ နတ်ကတော်ကြီးတွေပေါ့။

နောက်တော့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက်မှာ သက်သက်နိုင် အလှည့်ရောက်လာတယ်။

သက်သက်နိုင်ဟာ နတ်ဝင်သည်တို့ရဲ့ မူလဘူတ အခြေခံဖြစ်တဲ့ “အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်တံငါကွန်၊ မြောက်ဓူဝံကြယ်၊ နယ်ပယ်အတွင်း ရှိရင်းများစွာ၊ နတ်ဒေဝတာတို့နှင့်တကွ...” အစချီတဲ့ ခံယူအပ်သောသစ္စာတွေ ဘာတွေလည်း သိတာမဟုတ်ဘူး။

လိပ်ပြာသိပ်၊ နတ်ပူး၊ နတ်ကပ်၊ နတ်အပ်၊ နတ်ချော့၊ စံခန်းဝင်၊ မင်္ဂလာထမင်းဟင်းခွံ့ ဆိုင်းနတ်အပ် စတဲ့ နတ်ဝင်သည်တို့ တတ်အပ်တဲ့ အဋ္ဌာရသတွေကိုလည်း ပရော်ဖက်ရှင်နယ် တတ်လို့ရယ်မဟုတ်။

တောင်ပြုန်းပွဲတုန်းက နတ်ကတော်တစ်ယောက်ဆီမှာ အရေးပေါ် နတ်ကတော်ပညာသင်ပြီး နတ်ရုပ်တွေဝယ် ရွာပြန်လာပြီး နတ်ကတော်ဘွဲ့ခံယူသူ။

ဒီလိုနဲ့ ]ဓာတ်ပိုင် နတ်ပိုင် သက်သက်နိုင် ဆိုပြီး ဟတ်ချလောင်း နတ်ကတော်ကြီး ဖြစ်စေသတည်းပေါ့။

ဓာတ်ပိုင် နတ်ပိုင်သက်သက်နိုင်ဟာ တောင်ပြုန်းပွဲတစ်ခါသွားလိုက်တာ ဓာတ်နဲ့နတ်တင် မဟုတ်ဘူး။ တပည့်ကလေးတစ်ယောက်ပါ ပိုင်လာတာ။ ကောင်လေးက ဇော်ဇော်တဲ့။ မိန်းမလျာတော့ ဟုတ်ပုံမရဘူး။

သက်သက်နိုင်လို့ ဟာမက မှန်စက်ရုံမှာ ငလျင်လှုပ်ခံမယ့်အမျိုးမှ မဟုတ်တာ။ မိန်းမလျာချင်းတော့ ဘယ်ခေါ်လာမလဲ။

ဘယ်လိုဖြစ်ဖြစ် ဓာတ်ပိုင် နတ်ပိုင် သက်သက်နိုင်က လက်ထဲက နတ်တွေ ပြပြပြီး ရွာမှာ ဩဇာတက်လာတယ်။ ရွာအုပ်ချုပ်ရေးမှာ သူကလည်း အရေးပါအရာ ရောက်လာတယ်။ မပါမဖြစ်။ ရွာလူကြီးတွေဆိုတာကလည်း နတ်တော့ ကြောက်ရတယ်လေ။

ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မတုံး။ ဓာတ်ပိုင် နတ်ပိုင် သက်သက်နိုင်က စီးပွားရေးမှာလည်း မပါဘဲ မနေပါဘူး။

ပထမဆုံး ရွာထိပ်က ညိုကြီးတက်နေတဲ့ ထန်းပင်တွေကို ကိုကြီးကျော်နတ်ပိုင်တာဆိုပြီး သိမ်းပစ်တယ်။ နတ်နဲ့ ခြောက်သိမ်းတော့လည်း ရိုးသားတဲ့ ညိုကြီးခမျာ ထန်းတောတစ်ဝက် ပေးလိုက်ရတာပါပဲ။

မဟုတ်လည်း သူ့မှာ ဒီထန်းတောပိုင်ကြောင်း ဘာအထောက်အထားမှ မရှိဘူးလေ။ ဘိုးစဉ်ဘောင်ဆက် ဒီထန်းတောထဲ တဲထိုးနေပြီး ထန်းတက်စားကြလို့သာ သူလည်း လုပ်နေတာ။

ညိုကြီးခမျာလည်း သက်သက်နိုင်လို နွဲ့တဲ့တဲ့ကို ယှဉ်နိုင်ပေမယ့်...သူကိုင်ထားတဲ့ ကိုကြီးကျော်ကိုတော့ ကြောက်ရတယ်လေ။

အဲ့ဒီလို လယ်တွေ၊ ယာတွေကိုလည်း နတ်ပြပြီး လုပ်စားတာနဲ့ အကုန်နီးပါး သူ့လက်ထဲ ရောက်လာတယ်။ နောက်လိုက်တွေလည်း များလာတယ်။ အများအားဖြင့် နွားခိုး၊ အမဲပေါ်၊ ဝက်ထိုး လူဆိုးအများစုပါပဲ။

ရွာထဲ ကျွဲပျောက်၊ နွားပျောက်ပြီဆို ဘယ်မှရှာ မနေနဲ့။ ဓာတ်ပိုင် နတ်ပိုင် သက်သက်နိုင်ဆီသွား။ နတ်မေးပြီး ငွေကလေး ကြေးကလေးဆက်လိုက်။ ရှိတဲ့နေရာ ဟောတာမှ ကွက်တိ။ ကွက်တိမှာပေါ့... သူ့တပည့်တွေ ခိုးပြီး သွားဝှက်ထားတာလေ။

သက်သက်နိုင်ဟာ ရွာသားတွေကို နတ်ပြပြီး ချော့စား၊ ခြောက်စားနဲ့ ရွာမှာ အချမ်းသာဆုံးဖြစ်လာတယ်။ ဒီအချိန်မှာ သက်သက်နိုင်အတွက် ပြဿနာရှိတာက ရွာဦးက မင်္ဂလာကန်ကျောင်းပဲ။ မင်္ဂလာကန်ကျောင်းမှာ ဦးနန္ဒိယဆိုတဲ့ ဆရာတော်ကြီးနဲ့ ဦးပဉ္စင်းသုံးပါး ကျောင်းထိုင်တယ်။

သက်သက်နိုင်က ရွာမှာ သူထင်သလို မစွက်ဖက်ရတဲ့အခါတိုင်း၊ ရွာလူကြီးတွေကို မကြည်လင်တဲ့အခါတိုင်း ရွာထဲမှာ နတ်ကနားပေးတယ်ဆိုပြီးလုပ်တယ်။ ဆိုင်းဆရာတွေခေါ်၊ နတ်ကတော်တွေခေါ်ပြီး ခုနစ်ရက် ခုနစ်လီ ထန်းရည်စတုဒိသာနဲ့ ပွဲတည်တာ။

ရပ်ထဲရွာထဲက လူဆိုးလူမိုက်တွေက သက်သက်နိုင် ကနားတဲမှာ ကိုကြီးကျော်ဝင်တယ်ဆိုပြီး တိုက်တဲ့ အရက်တွေသောက်၊ ပြီးရင် အရပ်ထဲကို လိုက်ဆူပူ၊ ပြဿနာရှာ လုပ်တတ်တယ်။ ဒီမှာတင်ပဲ သူ့ဟာသူ အေးအေးနေတဲ့ ဆရာတော်တွေက ဝင်ပြော ဝင်ရှင်းရတော့တာပေါ့။

သက်သက်နိုင်က လည်တယ်။ ဆရာတော်တွေနဲ့ ထိပ်တိုက်မတွေ့ဘူး။ ဆရာတော်ကြီးတွေ ဆုံးမတာကို လက်အုပ်ကလေးချီပြီး နာယူတယ်။ နာယူလို့မဝဘူး ထင်ပါရဲ့။ နောက်ရက်မှာ ကျောင်းကို ရောက်လာပါ လေရော။ သူ့လင်ကလေးလို့ လူတွေ သမုတ်နေကြတဲ့ ဇော်ဇော်လည်းပါလာတယ်။ လက်ထဲမှာလည်း သင်္ကန်းလေး တစ်စုံပိုက်လို့။

“တပည့်တော်ရဲ့ တပည့်ကလေး မောင်ဇော်ဟာ လောကီဘောင်ကို စိတ်ကုန်ပြီး ရဟန်းဝတ်ချင်တယ်ဆိုလို့ ဦးပဉ္စင်းတို့ကျောင်းကို လာအပ်တာပါဘုရားတဲ့”

တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ ဘုန်းကြီးတွေက ရိပ်မိတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ ရဟန်းဝတ်ချင်တဲ့သူကို ငြင်းပယ်ဖို့ကလည်း မဖြစ်ဘူးလေ။

ဒီလိုနဲ့ ရဟန်းဒကာ သက်သက်နိုင်ကောင်းမှုနဲ့ မင်္ဂလာကန်ကျောင်းမှာ ဦးပဉ္စင်းဇော်တစ်ပါး တိုးလာတယ်။

“ဒီကျောင်းလေးကကျဉ်းတော့ တပည့်တော်ရဲ့ မောင်ပဉ္စင်းကြောင့် ဦးပဉ္စင်းတို့ အနေကျပ်ပါမယ်။ ကျောင်းဝင်းထဲက မင်္ဂလာကန်ဘေးမှာ ဦးပဉ္စင်းဇော်ကို တဲကျောင်းလေးသက်သက်ထိုးပြီး သီတင်းသုံးခိုင်းပါရစေ...ဘုရား”

အဲ့ဒါနဲ့ သက်သက်နိုင် ကောင်းမှုနဲ့ မင်္ဂလာကန် ကျောင်းတိုက်ဝင်းထဲ ကျောင်းဆောင်လေး နှစ်ခုဖြစ်လာတယ်။ သုံးလေးလလောက်ကြာတော့ သက်သက်နိုင်က ဆရာတော်ကြီးဆီ ရောက်လာပြန်တယ်။

“အရှင်ဘုရား...ကျောင်းဝင်းထဲက မင်္ဂလာကန်ကြီးမှာ ဘေးမဲ့လွှတ်ထားတဲ့ငါးတွေကို ဖိုးထိန်တို့ အဖွဲ့ဝင်ဝင်ခိုးနေတယ်လို့ သတင်းရပါတယ်ဘုရား... ဒါကြောင့် တပည့်တော် အဲ့ဒီကန်ကြီးကို ခြံစည်းရိုးလှူချင်တယ်ဘုရား”

ရိုးရိုးအေးအေးနဲ့ သာသနာ့အရေးသာ ဦးထိပ်ထားတဲ့ ဆရာတော်ကြီးက ဘာပြောမှာလဲ။ ဒကာ့သဘောပေါ့။ 

အဲ့ဒီမှာ သက်သက်နိုင်က မင်္ဂလာကန်ကြီးနဲ့ အတူ သူ့ဦးပဉ္စင်းဇော်ရဲ့ ကျောင်းလေးကိုပါ ခြံစည်းရိုးထဲ ထည့်ခတ်လိုက်တော့တယ်။

“ဦးပဉ္စင်းဇော် ကျောင်းလေးက ခြံစည်းရိုးထဲရှိတော့ ကန်စောင့်လည်းရတာပေါ့ဘုရား”နဲ့ ပြီးသွား ပြန်တယ်။

ဘုန်းကြီးကျောင်းတစ်ဝင်းထဲမှာ ခြံစည်းရိုးဖြစ်သွားပြီး ကျောင်းဆောင်နှစ်ခု ဖြစ်ပြီးကတည်းက သက်သက်နိုင်နဲ့ အပေါင်းအပါတွေဟာ ဦးပဉ္စင်းဇော်ကျောင်းကိုပဲ ဝင်ထွက်တော့တယ်။ ဦးပဉ္စင်းဇော်ကိုပဲ လှူတော့တယ်။

မူလဘူတ ဆရာတော်ကြီးဦးနန္ဒိယတို့ကိုတော့ အဖတ်တောင်မလုပ်တော့ဘူး။

ဦးပဉ္စင်းဇော်ကျောင်းဟာ စီးပွားရေးကောင်းတဲ့ သက်သက်နိုင်ကောင်းမှုနဲ့ တဲကျောင်းကနေ အုတ်ကျောင်းဖြစ်လာတယ်။

နောက် သက်သက်နိုင်ပင့်လာတဲ့ ဘယ်ကမှန်းမသိတဲ့ အာဂန္တုကိုယ်တော်နှစ်ပါးကလည်း အုတ်ကျောင်းမှာ ခပ်တည်တည်လာနေတယ်။

သက်သက်နိုင်ဟာ ဦးပဉ္စင်းဇော်ကျောင်းကို တောင်မင်္ဂလာကန်ကျောင်းတိုက်ဆိုပြီး ဆိုင်းဘုတ်သက်သက်ရေးတင်လိုက်ပြန်တယ်။

အဲ့ဒီလိုဆိုတော့ ဒီဘက်က မူလပထမ ကျောင်းက မြောက်မင်္ဂလာကန်ကျောင်း မဖြစ်သွားဘူးလား။

ဒါ ရွာဦးကျောင်းဖြစ်တဲ့ မင်္ဂလာကန်ကျောင်းကို နှစ်ခြမ်းခွဲပစ်နေတာလို့ တချို့လူကြီးတွေက ဝေဖန်တော့ သက်သက်နိုင်က တစ်ရွာလုံးကြားအောင် ဟစ်တော့တယ်။

“ဟေ့...သက်သက်နိုင်တို့က သံဃာကို ရည်မှန်းပြီး လှူတာ...ဟတ်လား။ ဘယ်သူ ဘယ်ဝါရယ် မခွဲဘူး။ သံဃာကို ရည်စူးလှူတာ...ဟတ်လား...ဆန့်ကျင်ဘက် အနေအထားတွေဖြစ်ဖို့ အားပေးနေတာမဟုတ်ဘူး... သက်သက်နိုင်တို့ မှန်တယ်...ဒါကိုမှလာပြီး တောပြော တောင်ပြော မပြောနဲ့ဟဲ့... အကုန် မြို့ဂါတ်တိုင်ပြီး တရားစွဲပစ်မယ်”

ပြောလည်းပြောတယ်။ တကယ်လည်း မြို့တက်တရားစွဲတယ်ဗျာ။ 

သူ့မကောင်းကြောင်း စမိနောက်မိတဲ့ရွာက လူငယ်တချို့လည်း မြို့ဂါတ်မှာ အချုပ်ခံရတာရှိပ။

အခုတော့ ကျီးအာသီးရွာကလေးဟာ အရင်ကလို ငါတို့ရွာမှာ နတ်ကတော်ရှိတယ်ဟဲ့ဆိုပြီး ရင်မကော့နိုင်တော့ပါဘူး။ နတ်တွေကို မကြောက်ရပဲ နတ်ကတော်ကို ပိုကြောက်ရတဲ့ဘဝကို ရောက်နေပါပြီ။

နတ်ကတော်တင်လားဆိုတော့ မဟုတ်ပြန်ဘူး။ နတ်ကတော်တင်ထားတဲ့ စင်ပြိုင်ဘုန်းကြီးကျောင်းက ဦးပဉ္စင်းဇော်ကိုပါ လန့်နေရပြီ။

အခုဆို သက်သက်နိုင်ဟာ ငါးရံ့ခြောက်တွေကို မြို့ကိုသွင်းတဲ့ လုပ်ငန်းကြီးတောင် စလုပ်နေပြီ။

မင်္ဂလာကန်တော်ကြီးတစ်ခုလုံးကို ခြံစည်းရိုး ထဲကိုထည့်ထားတဲ့ ဦးပဉ္စင်းဇော်ကျောင်းမှာလည်း ငါးဖမ်းပိုက်ကြီးတွေ၊ ငါးမျှားတံကြီးတွေ ဟီးလို့။ ဆရာ ဒကာ ဆက်ဆံရေးပြေပြစ်လွန်းတော့ မင်္ဂလာကန်ထဲကငါးတွေ ငါးခြောက်ဖြစ်ကုန်တာပေါ့။

ဆရာတော်ဦးနန္ဒိယတို့မှာလည်း ကျောင်းတစ်ခြမ်းပေးလိုက်ရတာ မတောင်းရဲရှာဘူး။ မတော်၊ သူတို့ ပိုင်တဲ့ကျောင်းလေးကိုတောင် လှည့်ကွက်ဆင်ပြီး မောင်ပိုင်စီးနေမှဖြင့် တောထဲထွက်နေရတော့မယ့်ကိန်းလေ။

ဒါကြောင့် ရွာကလူတွေက တီးတိုးပြောကြတယ်။

“ငါတို့ရွာတော့ ဇာတ်ထဲကလို ဓားပြလူကြမ်းတွေ ဝင်စီးခံနေရပြီထင်ပါရဲ့တဲ့”

ဒီစကားကို နတ်ကတော်သက်သက်နိုင်ကြားတဲ့အခါ သူ့အိမ်ကနေ အခုလို ခုနစ်သံချီအော်ပြန်တော့တာပဲ။

“ဟေ့...နတ်ကတော်မရှိရင် ဘာဖြစ်သွားမယ်ဆိုတာ လူတိုင်းသိတယ်။ အခု ဒီရွာမှာ နတ်ကတော် မရှိအောင် နတ်ကတော်အင်အားချည့်နဲ့အောင် လုပ်နေပြောနေတာတွေ ရပ်နော်...ဟတ်လား။ နတ်ကတော်က ဒီရွာအတွက် ရိုးသားစွာ စွန့်လွှတ်အနစ်နာခံနေတာ။

နတ်ကတော်ဟာ လူကြမ်းမဟုတ်ဘူး။ လူချောဟဲ့...လူချောဟဲ့...လူချောတောင်မှ...မမချောဟဲ့...မမချော”

လူတွေလည်း ဘာမှ မတတ်နိုင်တော့ဘူး။ နတ်ထက် သူ့ကို ကြောက်နေရပြီကိုး။

ဒီတော့ ရွာထဲကလူတွေက သက်သက်နိုင်ကို ကွယ်ရာမှာ နတ်ကတော်မမချောလို့ပဲ အမည်သမုတ်ပြီး လှောင်ပြုံးလေး ခိုးပြုံးနေရုံမှအပ...။

ဘာလုပ်ရဲမှာလဲ...ဘာမှ မလုပ်ရဲဘူးလေ။

နို့မဟုတ် လူကြမ်းမဟုတ်လေသော...နတ်ကတော် မမချောက တရားလည်းစွဲတတ်တယ်လေဗျာ။
 
ဗြိတိသျှကိုကိုမောင်