News

POST TYPE

SATIRE

နွားဖြစ်ခွင့်ပေးပါ
22-Jun-2019
မြန်မာတွင် အမဲသားကား ရှားပါးပစ္စည်းဖြစ်သည်။ ဈေးထဲတွင် တစ်ဆယ်သားကို ၁၅၀၀ ကျပ်ပေးရ၏။ အချို့နေရာများတွင် ၁၈၀၀၊ ၂၀၀၀ အထိ ပေါက်သည်။ ထိုဈေးသည် တော်ရုံလူ မစားနိုင်သောဈေးပင်။ ဝယ်လျှင်လည်း အမဲသား တစ်ဆယ်သားဆိုပြီး ဝယ်၍မရ။ နှစ်ဆယ်သားလောက် အနည်းလေး ဝယ်ရသည်။ အဲ့လိုမှမဟုတ်ရင် မာမူက မကြည်ပါ။

ယခင်ကတော့ အမဲသား တော်တော်လေး ပေါခဲ့ဖူးသည်။ လွန်ခဲ့သည့် ၂ နှစ်က တစ်ဆယ်သားကို ၈၀၀ ကျပ်၊ ၉၀၀ ကျပ်။ အဲ့တုန်းကတော့ ဖောဖောသီသီ စားနိုင်သေးသည်။ အမဲခြောက်တွေ လှန်းနိုင်သည်။ အခုတော့လည်း အမဲသားကို ခပ်ဝေးဝေးက ရှောင်နေရသည်။ မာမူလှမ်းခေါ်ရင်တောင် “နောက်မှပဲ ဝယ်တော့မယ်”ဟု ဆိုရသည်။ အမဲရွတ်တွေတောင် ၈၀၀ ဈေးဖြစ်ကုန်တော့ ကျီးကန်းတွေကိုလည်း မကျွေးနိုင်။ ကိုယ်တိုင်လည်း ချက်မစားချင်တော့။ အရင်က အရွတ်ဆိုတာ ၃၅၀ ဈေး၊ ၄၀၀ ဈေး။

အကြောင်းရင်းကို သေချာလေ့လာလိုက်တော့ တရုတ်က နွားတွေဝယ်ရာကစသည်။ နွားတွေဝယ်တော့ နွားဈေးတွေ တက်သည်။ သားသတ်ဖို့ နွားတွေက မရှိတော့။ အဲ့တော့ အမဲသားဈေးပါတက်သည်။ အခုတော့ တရုတ်ကလည်း နွားတွေဝယ်ဖို့ ဆိုင်းငံ့ထားသလိုလို၊ မှောင်ခိုပဲ ပို့နေရသလိုလို ဘာတွေမှန်း သေချာမသိ။ ဒါပေမဲ့ အမဲသားဈေးကတော့ ပြန်မကျတော့။ ကြီးမြဲကြီးဆဲ။

ယခုအဖြစ်ချင်ဆုံး ဆန္ဒကတော့ အမဲသားတွေ ဈေးကျချင်စေမိသည်။ အမဲသားက အာဟာရတန်ဖိုးလည်း မြင့်သည်။ စားလည်းကောင်းသည်။ တစ်တုံးနှင့်ပင် ထမင်းတစ်ပန်းကန် စားလို့ရသည်။ ဒါကြောင့် ဈေးကျစေချင်မိတာ။ ဒါပေမဲ့လည်း ဈေးကမကျ။ ဆုတောင်းကားမပြည့်။

ဒီရက်ပိုင်းတော့ ဆုတောင်းပြည့်မည့် အရိပ်အယောင်တွေ မြင်လာရသည်။ ရွေးကောက်ပွဲလည်း နီးပြီကိုး။ ရွေးကောက်ပွဲနီးလျှင် နွားတွေ တော်တော် များလာတတ်၏။ နွားပေါက်နှုန်းကောင်းလာခြင်းမဟုတ်။ လူစင်စစ်က နွားဖြစ်ချင်သူ များလာခြင်းပင်။

အရင်တစ်ပတ်က ဟိုပါတီမှ လူကြီးများက သူတို့သာ အနိုင်ရလျှင် နွားများလို အလုပ်လုပ်ပေးမည်ဟု ဆိုသည်။ တကယ်တော့ သူတို့တင်မဟုတ်ပါ။ ရွေးကောက်ပွဲမဲဆွယ်ကာလရောက်လျှင် ပါတီတိုင်းလိုလိုက သူတို့ကို နွားတွေလို ခိုင်းဖို့ပြောတတ်သည်။ တစ်ပါတီတည်းမဟုတ်။ ပါတီတိုင်း ပါတီတိုင်း နွားဖြစ်ချင်ခဲ့ကြဖူးသည်။ ဒါပေမဲ့ ပါတီတိုင်း နွားဖြစ်ခွင့်မရ။ နွားဖြစ်ခွင့်ရဖို့ တော်တော်လေးခက်သည်။ နွားဖြစ်သွားလျှင်တော့ အဲ့နွားတွေကို နွားလို့ ခေါ်လို့မရတော့။ နွားလို့ခေါ်တာ အဲ့နွားတွေက မကြိုက်ကြ။ လိုက်ဝှေ့သည်။ ခြေထောက်နှင့်ကန်သည်။ ထားတော့ ...။ နိုင်ငံရေးတွေ ပါကုန်လျှင် နွားတွေ စိတ်ဆိုးကုန်ဦးမည်။

ဘာပဲဖြစ်ဖြစ် အခုလို နွားဖြစ်ချင်သူတွေ ပေါ် လာတာ တော်တော်ကောင်းသည်။ ဒီတစ်ခါတော့ ရွေးကောက်ပွဲနိုင်မှ နွားဖြစ်မည့်အစီအစဉ်ကို ပြောင်းလဲရမည်။ ပါတီတိုင်းကို နွားဖြစ်ခွင့်ပေးမည်။ ဒါမှ မြန်မာပြည်တွင် နွားအကောင်ဦးရေ တိုးမည်ဖြစ်သည်။ တကယ်တော့ ပါတီတိုင်းမှမဟုတ်။ လူတိုင်းကို နွားဖြစ်ခွင့်ပေးမည်ဖြစ်သည်။

ဘယ်လို နွားဖြစ်အောင် လုပ်မလဲ။ လူတိုင်း နွားဖြစ်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍ သိပ္ပံပညာရှင်တွေ၊ တိရစ္ဆာန်ပညာရှင်တွေကို အကူအညီတောင်းထားပါသည်။ လူစင်စစ်က နွားဖြစ်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လုပ်နေသည်။ ဘယ်တော့လောက် ဖြစ်လာမလဲတော့ မသိသေးပါ။

လူကြံလျှင် မြေပဲခွံတောင် ငရုတ်သီးမှုန့်ဖြစ်သေးတာ။ လူကနေ နွားဖြစ်ဖို့လည်း မခက်လှပါ။ ဆေးသောက်ရုံနှင့် နွားဖြစ်မလား၊ ဆေးလူးရုံနှင့် နွားဖြစ်မလား၊ ဆေးထိုးရုံနှင့် နွားဖြစ်မလားကတော့ လေ့လာနေဆဲဖြစ်သည်။ အဲ့လိုသာ လူက နွားဖြစ်သည့် ပရော့ဂျက်သာ အောင်မြင်လျှင် တိုင်းပြည်အေးချမ်းပြီ။ ချမ်းသာပြီ။

နွားဖြစ်ဆေး ဖော်ပြီးလျှင် နွားဖြစ်ချင်သည့်ပုဂ္ဂိုလ်တွေကို ရွေးချယ်မည်။ ပြီးလျှင် ထိုလူများကို နွားဘဝပြောင်းသော စက်ရုံထဲကိုထည့်မည်။ စက်ရုံအတွင်း ဆေးလူးပေးမည်။ ဆေးတိုက်မည်။ ဆေးထိုးမည်။ ဒါဆိုလျှင် အဲ့လူတွေ နွားဖြစ်ပြီ။

နွားဖြစ်သွားသောလူတွေကို ဘာလုပ်မည်နည်း။ လယ်ထွန်းခိုင်းရမလား။ နို့ညှစ်မလား။ ကြိုက်တာလုပ်ပါ။ သို့သော်လည်း ယခုခေတ်ကား နွားဖြင့် လယ်ထွန်သောခေတ် မဟုတ်တော့။ စက်မှုလယ်ယာသုံးသောခေတ်ကို ရောက်နေပြီ။ နွားကိုမလိုတော့။

ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်လိုသူတို့၏ ကြွေးကြော်သံဖြစ်သည့် နွားလိုရုန်းပြမည်။

ထိုနွားများလည်း သဘောကျမည်။

လူမှဖြစ်သောနွားများကို မြန်မာပြည်တွင်တော့ သတ်စားမည်မဟုတ်ပါ။

စိုပြေ