News

POST TYPE

SATIRE

ကိုယ်ပျောက် ဝိဇ္ဇာ
16-Jun-2019



(က)

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်းသည့် နိုင်ငံတော်နေ “ရွှေမြန်မာတွေ”ကား “လောကီပညာ” မှာ တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့ကြသူတွေဖြစ်၏။ ယနေ့ယခု ၂၁ ရာစုအရောက်မှာတော့ ဟိုးယခင် ကထက်ပို၍ ပေါက်မြောက်ခဲ့ပြီဖြစ်၏။

ပုံပြင်တွေ ဒဏ္ဍာရီတွေထဲမှာသာ ကြားသိမှတ်သားခဲ့ရပါသည့် မြေလျှိုးမိုးပျံ ကိုယ်ဖျောက်ခြင်းအတတ်ကို ယခုအခါ ကျွန်ုပ်တို့ အဟုတ်ကိုမြင်တွေ့ကြရလေပြီ။ မျက်လှည့် လက်လှည့်ပညာဖြင့်မဟုတ်ဘဲ ကျင့်ကြံအားထုတ်တော်မူခဲ့ကြသည့် သမာဓိစွမ်းအားများဖြင့်၊ အင်းအိုင်လက်ဖွဲ့များဖြင့် “ကိုယ်ဖျောက်” ပြနေကြလေပြီတကား။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူမြင်ကွင်းဗြောင်ကြီးမှာ ဥပဒေပညာရှင်ဦးကိုနီကို သေနတ်နှင့် တေ့ပစ်ဖို့ခိုင်းစေသူ ဒုတိယဗိုလ်မှူးကြီး အငြိမ်းစားအောင်ဝင်းခိုင်ကား “ကိုယ်ဖျောက်ဝိဇ္ဇာ” တစ်ပါးတည်း။ နေပြည်တော်ပရဆေးဥယျာဉ်ရှေ့ CCTV များကြားမှာပင် “အပ်ချလောင်း” ဆိုကာ ကိုယ်ပျောက်သွားတာကြာလှပေပြီ။ ရက်ကိုလစား၊ လကိုနှစ်စား ကာလလျားခဲ့ပေပြီ။ 

(ခ)

ဟိုဘက်လက တောင်ဒဂုံမှာ ဘာသာရေး 

အဓိကရုဏ်းဖြစ်အောင်လှုံ့ဆော်ခဲ့သူ “အမျိုးသားရေး ဘာညာသာရကာ” မိုက်ကယ်ကျော်မြင့်မှာလည်း ပြည်ထဲရေးလက်နက်ကိုင်တပ်ဖွဲ့ယူနီဖောင်းဝတ်များ အကြားမှ “ဖျတ်” ခနဲ ကိုယ်ရောင်ဖျောက်သွားခဲ့တာ အံ့ဩစရာပါ။

၎င်းတို့၏ သီလ၊ သမာဓိ၊ ပညာနှင့် စရဏ ကျင့်ကြံအားကား လက်ဖျားခါလောက်၏။ ဒီလောက်လူတွေကြားကနေ ကိုယ်ပျောက်သွားတာကား ကမ္ဘာ့အံ့ဖွယ်ပါတကား။ မိုက်ကယ်ကျော်မြင့်ကား “ကျောက်စိမ်းဘုရား“ အနားမှာတင် “ပျောက်”သွားတာဆိုပါ ကလား။ စွမ်းပါပေ့ကိုယ့်ဆရာ။

(ဂ)

ယခုနောက်ထပ် “ကိုယ်ဖျောက်ကျွမ်းကျင်သူ”ကား ရဲဘော် “ဝီ” ပေတည်း။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အသက် ၇၄ နှစ်အရွယ် အမယ်အိုကို ပျစ်ပျစ်နှစ်နှစ် ညစ်ညစ်ပတ်ပတ် စုတ်တီးစုတ်ပဲ့ ဆဲရေးကာ “စွာစွာစွာစွာ” လုပ်နေသူဖြစ်ပြီး နီညိုရောင် ယူနီဖောင်းကိုမှ အားမနာသူ ပုဂ္ဂိုလ်ကျော်ပါ။

သူ၏ အယုတ္တအနတ္တ“စကားလုံး”များနှင့် မထီမဲ့မြင် မိုက်တိမိုက်ကန်း အမူအရာများကား မြင်ရသူတို့အဖို့ အော့နှလုံးနာစရာ၊ “ဝီ” ကား “ကမ္ဘာကျော်” ဖြစ်၏။ ယခင်တစ်မြန်မနှစ်က Times မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်ဖြစ်ကာ ၎င်းကြောင့် ကျွန်ုပ်တို့၏ဘာသာသာသနာလည်း ကမ္ဘာမှာ အရှက်ရခဲ့လှပြီ။ အထင်သေးခံခဲ့ကြရလေပြီ။ 

သူ့ကို ကြိုးရှည်ရှည်နှင့်လှန်ထားခဲ့ရာမှ ယခု နောက်ဆုံးတော့ “ဖမ်းဝရမ်း” ထုတ်ကာ “ဖမ်းတော့မည်”ဟု ကြေညာလိုက်ပါ၏ခင်ဗျာ။ ဟုတ်ကဲ့။

“အဖမ်းခံရဲတယ်ကွ၊ ငါ့ကိုဘာမှတ်နေလဲ” ဟု တရားဝင်ပြောကြားခဲ့သူ “ဝီ” မှာ တကယ်တမ်းလည်း ဖမ်းမယ်ဆိုတော့။ အရင်မစိုးရိမ်ခဲ့ရာမှ ယခုစိုးရိမ်လာပြီး ၎င်း၏ရှေ့မှ ဒကာတော်များနည်းတူ “ကိုယ်ဖျောက်တော်မူခဲ့လေပြီ ဖြစ်ပါ၏။ “စွမ်းအားရှင်တွေ”ပါကလား အရပ်ကတို့။

အဆိုပါ “အမျိုးသားရေးဝါဒီ” ဆိုသူများကား “စွမ်းလှ” ပါပေ၏။ ဒီလောက်လူတွေအများကြီးကြားထဲမှာ “ကိုယ်ပျောက်ဝိဇ္ဇာတွေ” အဖြစ် ပညာစွမ်းလှပါပေ၏။ လူရှေ့သူရှေ့မှာတင် “ဝုန်းခနဲ” ဖျတ်ခနဲ ကိုယ်ဖျောက်နိုင်စွမ်းရှိလှပါပေ၏။

(ဃ)

များသောအားဖြင့် ဆိုရပါမူ “ကိုယ်ဖျောက်စွမ်းသူ” ကိုယ်တော်မြတ်တွေကား “ပျောက်”သွားသည့် အချိန်မှစကာ လုံးဝကို စုပ်စမြုပ်စဖြစ်သွားပြီး “ကိုယ်” နည်းတူ “အသံ” လည်း “ပျောက်” သွားကြတာဖြစ်ပါ၏။ ပြန်ကိုပေါ်မလာကြတော့။

ယခုနောက်ဆုံး “ကိုယ်တော်” ကြီးကား “ကိုယ်” ပျောက်သွားပြီးနောက် မကြာမီမှာပင် “အသံ” ပြန်ထွက်တော်မူလာပါလေ၏။ VK ဟူသည့် အွန်လိုင်းမီဒီယာပေါ်မှနေ၍ “မှာတမ်းတွေ” ခြွေနေပါလေ၏။ “ဓမ္မစက်” နှင့် အဆုံးအမခံယူပြီးမှ “အာဏာစက်”နှင့် တွေ့ပါရစေ၊ ဘာစေလုပ်နေ ဈေးဆစ်နေပြန်ပါ၏ ခင်ဗျား။

လုံခြုံစွာပုန်းအောင်းနေပြီး TV တွေ၊ အွန်လိုင်းတွေကနေ မိန့်ခွန်းတွေခြွေခဲ့သည့် “ဘင်လာဒင်”ကိုပင် အမှတ်ရမိ၏။ ပြီးတော့ ကာတွန်းမောင်ဝဏ္ဏ၏ “သမိန်ပေါသွပ်” ကို သတိရမိ၏။

“ပေါသွပ်” မှာ မဟုတ်တာတွေ တက်ကြမ်းလုပ်ခဲ့ပြီ။ “ကိုယ်ပျောက်” သွားချင်၍ “ကိုယ်ပျောက်ဆေးကြီး” ကို သောက်လိုက်ရာ ကိုယ်ပျောက်သွားပါ၏။ သို့ပင်သို့ငြား အနှီ “ကိုယ်” ပျောက်သွားပေမယ့် “ခေါင်း” ကား မပျောက်ဘဲ ကျန်ခဲ့လေရာ သူ့ကို လူအများက ဝိုင်းဝန်းဖမ်းဆီးချုပ်နှောင်လိုက်သည့် အဖြစ်ပါ။

ဆာသော်ဒိုး

(၃-၆-၂၀၁၉)