News

POST TYPE

SATIRE

ဖေ့စ်ဘွတ်ခ် နိုင်ငံတော်
09-Jun-2019



ယခင်ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ဖေ့စ်ဘွတ်ခ်တည်းဟူသောအရာသည် ရေပေါ်ဆီလူတန်းစား၏ ဇိမ်ခံပစ္စည်းဖြစ်သည်။

အိုင်တီနည်းပညာနှင့် နီးစပ်သောလူငယ်အချို့ကား အင်တာနက်ဆိုင်လေးများတွင် တန်းစီတိုးဝှေ့ သုံးကြရသည်။

ပြတ်တစ်လှည့် ငတ်တစ်လှည့် ကော်နက်ရှင်လေးကို စိတ်ရှည်ရှည်စောင့်ကာ သုံးခဲ့ကြသည်။

အချို့သော အထက်တန်းလွှာများကတော့ အိမ်တွင် ကွန်ပျူတာဆင်ကာ အစိုးရထံမှ အင်တာနက်လိုင်းယူသုံးကြ၏။

ယခုတော့ ခေတ်ကားပြောင်းလဲခဲ့ပြီ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမဟုတ်တော့ဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးဖြစ်ပြီး နောက်ပိုင်း အင်တာနက်သုံးနိုင်သည့် လက်ကိုင်ဖုန်းတွေပေါ်လာသည်။ အင်တာနက်တစ်ခါတည်းပါသော ဖုန်းလိုင်းကတ်တွေ ဈေးပေါလာသည်။

ဒီတော့ လွှတ်တော်ဥက္ကဋ္ဌတွေလည်း ဖေ့စ်ဘွတ်ခ်သုံးပြီ။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း ဖေ့စ်ဘွတ်ခ်သုံးပြီ။ တပ်မတော်အရာရှိကြီးငယ်များ၊ အရပ်ဘက် ဝန်ထမ်းများလည်း ဖေ့စ်ဘွတ်ခ်သုံးကြပြီ။

စံပြဈေးမှ ငါးသည် မအုန်းကြည်လည်း ဖေ့စ်ဘွတ်ခ် သုံးပြီ။ လှိုင်သာယာမီးခွက်ဈေးက ဆိုက်ကားဆရာ ကိုတင်ဌေးလည်း ဖေ့စ်ဘွတ်ခ်သုံးပြီ။

ဟုတ်ပြီ။ လူတိုင်းဖုန်းကိုင်ပြီး ဖေ့စ်ဘွတ်ခ်သုံးနိုင်ကြပြီဆိုတော့ လူတိုင်း သတင်းအချက်အလက်တွေကို အချိန်နှင့်တစ်ပြေးညီ သိနိုင်ပြီပေါ့။

နဂိုကမှ တစ်နေ့နှစ်ထောင်နဲ့ မနည်းလောက်အောင် သုံးနေရသည့် ပြည်သူများမှာ အခုတော့ စားဝတ်နေရေးအပြင် ချက် ပွတ် ဆွဲ ရေး အတွက်ပါ ငွေရှာရတော့၏။ ချက် ပွတ် ဆွဲ ရေး ဆိုသည့်အတွက် တစ်မျိုးတော့ မထင်စေချင်။

ချက်တင်ထိုင်ရေး၊ ဖုန်းပွတ်ရေးနှင့် ဒေါင်းလော့ဆွဲရေးကို အတိုကောက်နာမည်ပေးလိုက်ခြင်းပင်။

ဖေ့စ်ဘွတ်ခ်ပေါ်တွင် တိုက်ပွဲဝင်သည့် တော်လှန်ရေးသမား၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် အတိုက်အခံလုပ်သည့် နိုင်ငံရေးသမား၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် စည်းရိုးထိုးသည့် အမျိုးသားရေးသူရဲကောင်းတွေ ပေါ်လာသည်။

တစ်ဖက်ကလည်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပရိသတ်ရှာသည့်အမတ်၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် သတင်းထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲလုပ်သောဝန်ကြီး၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် အစိုးရသဘောထားကို ထုတ်ပြန်သော ညွှန်ကြားရေးမှူးတွေပေါ်လာသည်။

နောက်တော့ ဖေ့စ်ဘွတ်ခ်ပေါ်တွင် သူဆဲ ကိုယ်ဆဲ ဆဲကြရင်း အစိုးရကို ဆဲမိသည့်လူအချို့ကို အရေးယူမည့်ကိစ္စများပေါ်လာသည်။

အရင်တစ်ခေတ်က အချို့ဝန်ကြီးများ၊ ညွှန်မှူးများဆိုလျှင် ဖေ့စ်ဘွတ်ခ်ပေါ်တွင်ပင် ရုံးထိုင်ကြသည်လားတော့မသိ။ တစ်နေကုန် တစ်နေကန်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် တွေ့ရသည်။

ဒီတော့ လူတွေက အကြောင်းကိစ္စတစ်ခုခုကို အထက်လူကြီးတွေ သိစေချင်လျှင် အရင်ကလို စာတစ်တန်၊ ပေတစ်တန်ဖြင့် ရေးတိုင်မနေတော့။ စတေးတပ်စ်တင်ခြင်း၊ Live တင်ခြင်းဖြင့် လူကြီးများကို သိစေသည်။

အထက်ဌာနများကလည်း ဖေ့စ်ဘွတ်ခ်တင်မှ တရားဝင်သည်ဟု ထင်သလားမသိ။ ဖေ့စ်ဘွတ်ခ်ပေါ်ပါမှ အရေးယူတာတွေ ဘာတွေ လုပ်ပေးသည်။

ဖေ့စ်ဘွတ်ခ် ဟာသသရုပ်ဆောင်လေးအမှုတွင်လည်း ဖေ့စ်ဘွတ်ခ်က ဝိုင်းအော်မှ လွှတ်ပေးလိုက်သော တရားခံများကို အရေးယူဖို့ ပြန်လုပ်ပေးသည်။ နောက် နာမည်ကျော်အမှုများလည်း ထို့နည်း၎င်းပင်။

နောက်ဆုံး ပညာရေးဌာနက ရှေးအမျိုးသမီးကဗျာစာဆို မယ်ခွေ၏ကဗျာကို သင်ရိုးညွှန်းတမ်းမှ ဖြုတ်ပစ်သည့်ကိစ္စကိုပင် ဖေ့စ်ဘွတ်ခ်က လူတွေတက်အော်မှ အစိုးရပြောရေးဆိုခွင့်ရှိသူက သိသည်ဟု ဆိုသည်။

ဒီတော့ လူတွေက ဖေ့စ်ဘွတ်ခ်ကို အားကိုးတာ မဆန်း။

ဈေးထဲ ငါးအလေးခိုးတာကအစ မီးသတ်ဌာနရှေ့ ကားပိတ်ရပ်မိတာကအစ ဖေ့စ်ဘွတ်ခ်အားကိုးပြီး မိုက်ကြသည်။ သမီးရည်းစား၊ လင်မယား စိတ်ကောက်တာတောင် ဖေ့စ်ဘွတ်ခ်တင်မှ တရားဝင်သည်အထိ ဖြစ်လာသည်။

ဖုန်းဘေလ်များများထည့်နိုင်သည့်သူက Live ကြာကြာလွှင့်နိုင်သည့်အတွက် အကောင်ဖြစ်လာသည်။  Live ဩဇာထူထောင်ပြီး Live မာနတွေ တက်လာကြသည်။ ထိုသို့ ဖေ့စ်ဘွတ်ခ်ယဉ်ကျေးမှုတိုးတက်လာခြင်းသည် နိုင်ငံတော်အတွက် အလွန်ကောင်းသည်။

အစိုးရက ဖေ့စ်ဘွတ်ခ်က အုပ်ချုပ်မည်။ ဖေ့စ်ဘွတ်ခ်မှ ဥပဒေပြဋ္ဌာန်းမည်။ ဖေ့စ်ဘွတ်ခ်မှ တရားစီရင်မည်။ လွှတ်တော်ကိုလည်း ဖေ့စ်ဘွတ်ခ်တွင် ကျင်းပလျှင်ပင် အဆင်ပြေသည်။

အမတ်မင်းများအနေနှင့်လည်း လွှတ်တော်တွေ ဘာတွေ တက်မနေနှင့်။

ကိုယ့်အိမ်က အိပ်ရာပေါ်တွင် ကျောလေးခင်းပြီး ဥပဒေကြမ်းတင်သွင်းလိုက်၊ ကန့်ကွက်လိုက်၊ ထောက်ခံလိုက်နှင့် တော်တော်အလုပ်ဖြစ်နိုင်သည်။

မီဒီယာကလည်း ဖေ့စ်ဘွတ်ခ်က သတင်းတွေယူပြီး ဖေ့စ်ဘွတ်ခ်မှာပင် သတင်းတွေတင်ကြမည်။

အစိုးရကို ဆန္ဒပြချင်သူတွေ၊ နိုင်ငံရေးလုပ်ချင်သူတွေအနေနှင့်လည်း ထွေထွေထူးထူး လူစုလူဝေးလုပ်စရာမလိုတော့။

အစိုးရကို ဆန္ဒပြချင်သူများအနေနှင့် မြို့တော်ခန်းမပုံ ကာဗာပိုတိုတင်ထားသော မြို့တော်စည်ပင်ပေ့ခ်ျအောက်တွင် ကွန်မန့်များဖြင့် တောင်းဆိုချက်များမန့်ကာ ဆန္ဒပြနိုင်သည်။

အစိုးရအနေနှင့်လည်း ရဲတွေဘာတွေဖြင့် ဖြိုခွင်းစရာမလို။ ကွန်မန့်ပေးသူများကို ဘလော့ဒဏ်ပေးလိုက်ရုံဖြင့် ကိစ္စပြတ်သည်။

ဒါကို မကျေနပ်လျှင် သမ္မတရုံး ဝက်ဘ်ဆိုက်အောက်တွင် Like Comment မပေးဘဲ သပိတ်မှောက်ခြင်းများ၊ ကွန်မန့်ဖြင့် ဆန္ဒဖော်ထုတ်ခြင်းများသွားလုပ်။ ဟိုက လုံထိန်းဟက်ကာများဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဆန္ဒပြသည့်အကောင့်များကို ထိန်းသိမ်းတာမျိုး ပြန်လုပ်ချင်လုပ်မည်။

ဘာပဲဖြစ်ဖြစ် လူတွေ အထိအခိုက်သက်သာသည်။ လက်ပံတန်းတုန်းကလိုမျိုး ကျောင်းသားနှင့် ရဲပြဿနာတွေလည်း ကင်းသွားနိုင်မည်။

အဟက်ခံသပိတ်ခေါင်းဆောင်များ၏ အကောင့်များ ပြန်လည်လွတ်မြောက်ရေး ကမ်ပိန်းများကိုလည်း ဖေ့စ်ဘွတ်ခ်တွင် ပရိုဖိုင်လ်ချိန်းခြင်းဖြင့် ပြုလုပ်နိုင် သည်။

သံချပ်ထိုးသည့်သူတွေလည်း ကားတွေ ဘာတွေ ငှားပြီး လျှောက်ထိုးနေစရာမလို။ တစ်နေရာမှာ လူစု သံချပ်ထိုးပြီး Live လွှင့်လိုက်။

တရားစွဲသည့်အခါလည်း အင်းစိန်ထောင်သို့ ပို့စရာမလိုပဲ တက်ကြွလှုပ်ရှားအကောင့်များအား ဟက်ကာများဖြင့် ထိန်းသိမ်းထားရုံဖြင့် ကိစ္စပြတ်သည်။ နောက်ပိုင်း ရွေးကောက်ပွဲကိုလည်း မဲရုံတွေဘာတွေနှင့် အလုပ်ရှုပ်ခံမနေနှင့်တော့။

မဲပေးရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်အား မဲဆန္ဒနယ်အလိုက် အထွေထွေရွေးကောက်ပွဲပေ့ခ်ျတွင် တင်ထားလိမ့်မည်။

ကိုယ်ကြိုက်သည့်အမတ်လောင်း၏ အောက်တွင် Like ပေးခြင်းဖြင့် မဲပေးပြီးသားဖြစ်မည်။

နှစ်ဖက်အကောင့်တုတွေဖြင့် မဲပေးကြသဖြင့် အကောင့်အတု များများလုပ်နိုင်သည့်ဘက်ကတော့ အသာရမှာသေချာသည်။

ဒီလိုဆိုလျှင်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု ၃၀၀၀ ဖြင့် ဖွင့်ပေးနေသည့် အိုင်တီကိုကိုများ မီလျံနာဖြစ်သွားနိုင်သည့်အခြေအနေလည်း ဖြစ်ပေါ်လာနိုင်ခြေရှိသည်။

ပါတီများကလည်း အခုကဲ့သို့ အလှပြယာဉ်တွေ ဘာတွေနှင့် မဲဆွယ်ဖို့မလို။ ဒံပေါက်ထုပ်တွေဘာတွေနှင့် တစ်နေ့သုံးထောင်လည်း ကုန်ခံစရာမလို။

ဖေ့စ်ဘွတ်ခ်ပေါ်တွင်ပင် မဲဆွယ် မဲဝယ်နိုင်ပေသည်။

ငါတို့ပါတီ အာဏာရခဲ့ရင် ဖေ့စ်ဘွတ်ခ်ဗားရှင်းကို ဒီထက်ပိုမြင့်ပေးပြီး နိုင်ငံသူ နိုင်ငံသားအားလုံး အင်တာနက်လိုင်းကောင်းကောင်းကို ဈေးသက်သက်သာသာဖြင့် သုံးနိုင်ရမည်တို့၊ တောင်တန်းပြည်မမခွဲခြားပဲ ဝမ်းမီဂါဗိုက်ကို တစ်ကျပ်ဖြစ်စေရမည်တို့ဖြင့် မဲဆွယ်နိုင်သလို ငါတို့ပါတီကို မဲပေးမယ့်သူတွေကို ဖုန်းဘေလ်တစ်ထောင် ဖြည့်ပေးမည်တို့ ဘာတို့ဖြင့် မဲဝယ်နိုင်သည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တွေကလည်း ဖေ့စ်ဘွတ်ခ်ပေါ်ကပင် စောင့်ကြည့်။ မဲပေးသည့်အကောင့်ပုန်းများကို စိစစ်ပြီး အကောင့်အစစ်များကိုသာ အသိအမှတ်ပြုရန် ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းရုံသာ။ ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းကို ဟိုတစ်ခါလို လိုက်ကောက်နေစရာမလို။

ရွေးကောက်ပွဲကော်မရှင်ပေ့ခ်ျတွင် မဲပေးချင်တဲ့သူအောက်မှာ နာမည် နေရပ်လိပ်စာ မွေးသက္ကရာဇ် မှန်ပုံတင်အမှတ်တွေ မန့်သွားဟူသော စတေးတပ်စ်လေးတင်လိုက်လျှင်ပင် အိုကေသွားနိုင်သည်။

အဲ... ဖေ့စ်ဘွတ်ခ်အကောင့် ပိတ်ခံထားရသူ တွေကတော့ ခြွင်းချက်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်ကြီးပေါ်တာ နောက်ကျလွန်းသည်။

စောစောကသာပေါ်လျှင် ဆရာစံအရေးတော်ပုံသည် ဖေ့စ်ဘွတ်ခ်ပေါ်တွင်ပင် ကွန်မန့်တိုက်ပွဲများဖြင့် ပြီးသွားနိုင်သည်။

ဗိုလ်အောင်ကျော်သည်လည်း အင်္ဂလိပ်အစိုးရက အကောင့်ဟက်သည်မှလွဲပြီး အသက်ပင်သေဖွယ်မရှိ။

ဆလိုင်းတင်မောင်ဦးသည် သူ့အကောင့်အား မဆလအစိုးရမှ ရီပို့ဝိုင်းထုပြီး ပျက်သလောက်ပင် ဖြစ်တော့မည်။

ဘာမှ ကြိုးပေးခံနေစရာမလို။

၈၈ အရေးအခင်းကြီးပင် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဖြစ်သွားလျှင် ဂိုဒေါင်ဖောက်တာတွေ၊ ပစ်ခတ်တာတွေ လုံးဝရှိမည်မဟုတ်။ ကွန်မန့်များ စတေးတပ်စ် များဖြင့်သာ ပြီးသွားမည်ထင်သည်။

မကြာမီ နိုင်ငံသူ နိုင်ငံသားများရော၊ အစိုးရမင်းများပါ ဖေ့စ်ဘွတ်ခ်ပေါ်မှတစ်ဆင့် ခေတ်မီဖွံ့ဖြိုးတိုး တက်သောနိုင်ငံတော်သစ်ကြီးကို ချီတက်နိုင်တော့မည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်ကြီးကိုလည်း ဖေ့စ်ဘွတ်ခ်နိုင်ငံတော်ကြီးအဖြစ် ပြောင်းပစ်ရမည်။ နိုင်ငံတော်အလံကို အပြာခံတွင် အင်္ဂလိပ်အက္ခရာ F ပါသော ဖေ့စ်ဘွတ်ခ်လိုဂိုကို အစားထိုးသင့်ထိုးရမည်။

ထို့နှယ် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ဖေ့စ်ဘွတ်ခ်နိုင်ငံတော်ကြီးကို အမှီပြုကာ ကမ္ဘာ့မီလျံနာစာရင်းဝင်သွားသော ဖုန်းအော်ပရေတာတွေလည်း ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

ဗြိတိသျှကိုကိုမောင်