News

POST TYPE

SATIRE

မျှော်တော်ယောင်ဘဝက ကျွတ်ချင်ပြီ
02-Jun-2019


ဆရာတော်ကို လူတိုင်းမျှော်နေကြသည်။ အရင်ကဆို ဆရာတော်ကို သိပ်မတွေ့လိုကြ။ ဆရာတော်ကြွလာပြီဆိုလျှင် ပြဿနာတစ်ခုခုဖြစ်တာကိုး။

ဒါကြောင့် အမြို့မြို့အနယ်နယ်တိုင်းက ဆရာတော်ကို ကြောက်ကြသည်။ ဆရာတော်မလာစေရန် ဆုတောင်းကြသည်။

ဒါပေမဲ့ ဆရာတော်ကတော့ မမှုပါ။ ကြွချင်သည့်နေရာကြွတာပါပဲ။ ကြွတိုင်းလည်း ပြဿနာတက်သည်။ ဆရာတော်က တရားဟောလည်း ကောင်းတာကိုး။ ဆရာတော် ဟောလိုက် ပြောလိုက်ပြီဆိုရင်တော့ဖြင့် လူအများ မျိုးချစ်စိတ်တွေ ကြွကုန်သည်။ အမျိုးကို ချစ်တတ်လာသည်။

အမျိုးမဟုတ်သူတွေကိုတော့ မုန်းကုန်၏။ ဒါကြောင့် မျိုးချစ်ပြီး အမျိုးမဟုတ်သူတွေကို ပြဿနာရှာကြတော့သည်။ အဓိကကတော့ အသားမည်းသူတွေကိုပေါ့။ ဒါကြောင့် အသားမည်သူတိုင်း ဆရာတော်ကို ကြောက်ကြသည်။ ဆရာတော်ကြွသည့်နေရာတွင် အသားဖြူဆေးတွေ ရောင်းကောင်း၏။

ဆရာတော်ကား မြေပြင်တွင်သာ ပြဿနာရှာခြင်းမဟုတ်။ အွန်လိုင်းပေါ်တွင်လည်း ပြဿနာရှာတတ်သည်။ ရှာလွန်းလို့ အမေရိကန်ကတောင် ဆရာတော်ကို လန့်၏။ ဒါကြောင့် အမေရိကန်လုပ် ဖေ့စ်ဘွတ်ခ်က အသုံးပြုခွင့်ပိတ်ထားပြန်သည်။

ဆရာတော်ကို အဲ့လောက်အထိ ကြောက်ကြသည်။ ကြောက်လွန်းလို့ မြန်မာပြည်က ဘင်လာဒင်လို့တောင် နိုင်ငံတကာက တင်စားကြ၏။

အခုတော့ ဒီလိုမဟုတ်။ ဆရာတော်ကို လူတိုင်း ဖူးတွေ့လိုနေကြပြန်သည်။

အနီကလည်း ဆရာတော်ကို စောင့်သည်။

အစိမ်းကလည်း ဆရာတော်ကို မျှော်၏။

ရဲတပ်ဖွဲ့ကလည်း ဆရာတော်ကို တွေ့လိုသည်။

မျှော်တာကလည်း အကြောင်းရှိ၏။ အရင်လက ဆရာတော် မြို့တော်ခန်းမရှေ့တွင် တရားဟောသည်။ အရင်လို မျိုးချစ်တရားတော့မဟုတ်။ အစိုးရကို ဆော်သည့်တရားဖြစ်သည်။ ဆရာတော်ဟောတာ အရှိုက်ထိပုံရသည်။ အစိုးရ မခံနိုင်တော့။ တရားတွေဘာတွေ ထစွဲတော့သည်။ ဖမ်းဝရမ်းတွေ ထုတ်သည်။

ဒါပေမဲ့ ဆရာတော်ကား ပျောက်နေလေပြီ။ ဘယ်ပျောက်လို့ ပျောက်မှန်းမသိ။

ရုပ်ကိုလည်း မမြင်ရတော့...။ အသံပဲကြားရတော့သည်။ အသံကလည်း မီဒီယာက ဖုန်းဆက်မေးကြတာ။ ဆရာတော်က မီဒီယာတွေကို နောက်သည်။ ငါဟိုနားရောက်ပြီ၊ ဒီနားရောက်ပြီ။ ဟိုကိုလာမည်၊ ဒီကိုလာမည် အမြဲပြောသည်။

အဲ့တော့ မီဒီယာတွေကလည်း ဆရာတော်ရှိသည်ဆိုသည့်နောက်ကိုလိုက်သည်။ ဒါပေမဲ့ ဆရာတော်ကိုမတွေ့။ ဟိုမှာရှိသည်ဆိုတော့ ဟိုကိုလိုက်။ ဒါပေမဲ့ ဆရာတော်ကိုမတွေ့။ မီဒီယာတွေ အရူးလုပ်ခံလိုက်ရသည်။

ဒီလိုနှင့် ဆရာတော်ပျောက်နေလေပြီ။

စိတ်ပူဖို့ကောင်းသည်။ ဆရာတော် အခုလိုပျောက်နေတာ သွေးရိုးသားရိုးမှ ဟုတ်ပါလေစ။ ဆရာတော်ကို လူဆိုးတွေ ဖမ်းသွားသလား။ ပြန်ပေးပဲ ဆွဲသွားသလား။ ကိုယ်တိုင်ပဲ ပုန်းနေသလား။

ဘယ်သူမှ သေချာမသိ။

ရဲစခန်းတွင် လူပျောက်တိုင်ရင် ကောင်းမလားတောင် စဉ်းစားမိသည်။

သို့ပေမယ့် ရဲစခန်းကလည်း ဖမ်းဝရမ်းထုတ်ထားတော့ တိုင်ဖို့မလို။ ရဲတွေကတော့ ရှာမည်ဟု ထင်ရသည်။ သိပ်တော့မသေချာ။ ရဲတွေကတော့ ဆရာတော်ကို ကြောက်နေခြင်းလည်း ဖြစ်နိုင်သည်။ 

ဆရာတော် ရန်ကုန်ရောက်ပြီဆိုတော့ ရဲတွေကလည်း ဆရာတော်ကို လိုက်ရှာကြသည်။ ဒါပေမဲ့ မတွေ့။

ရန်ကုန်မှာမတွေ့တော့ မန္တလေးမှာရှာသည်။ ဒါပေမဲ့ မတွေ့ပြန်။ ဆရာတော်ကလည်း ဟိုရောက်နေသလိုလို။ ဒီရောက်နေသလိုလိုကိုး။

ဒါကြောင့်လည်း ဆရာတော်ကို မျှော်နေကြခြင်းဖြစ်သည်။

အနီတွေကလည်း ဆရာတော် အဖမ်းခံရတာကို ကြည့်ချင်သည်။

အစိမ်းတွေကလည်း ဆရာတော် အစိုးရကို ဆော်သည့်အသံတွေ ကြားချင်သည်။ မျိုးချစ်တရားတွေ နာချင်သည်။

ဆရာတော်ကလည်း မြန်မာဘင်လာဒင်လို့ သမုတ်ခံရလို့လားမသိ။ အရှောင်အပုန်းက ကောင်းသည်။ ဒီလိုနှင့် ဆရာတော် ပျောက်ကွယ်သွားရင် သွားပြီ။

အနီကလည်း ဆရာတော် အဖမ်းခံရတာကို မကြည့်ရတော့ ပျော်တော့မည်မဟုတ်။

အစိမ်းကလည်း ဆရာတော့်စကားသံလေးတွေ မကြားရလို့ လွမ်းနေကြမည်။

ဒီအခြေအနေကို ကယ်တင်ဖို့လိုသည်။ ဒါကြောင့် ဘင်လာဒင်ကိုတောင် တွေ့အောင်ရှာနိုင်သော အမေရိကန်ကို အကူအညီတောင်းရမည်။

ဆရာတော်ကိုရှာဖို့ အမေရိကန်လိုအပ်ပြီ။

ဒါမှ အစိမ်းရော အနီရော ပျော်မည်။

တစ်ခုတော့ရှိ၏။ အမေရိကန်တွေ ဘင်လာဒင်ကို လုပ်သလို ဆရာတော်ကို မလုပ်ဖို့တော့ သဘောတူညီချက်ယူရမည်။

စိုပြေ