News

POST TYPE

SATIRE

ကြည်ညိုခံချင်လွန်းလို့
19-May-2019


ရွာတွေမှာ ပြည်သူ့စစ်တွေ ခေတ်ထစဉ်ကပေါ့။ ရွာအော့ကြောလန် အေးစံဟာ ဘယ်က ဘယ်လို အကပ်ရတယ်မသိ။ ရိုင်ဖယ်တစ်လက်ရပြီး နေ့ချင်းညချင်း ပြည်သူ့စစ်ဖြစ်လာတယ်။ “ကျေးရွာ ကာကွယ်ရေး” လက်မောင်းပတ်ကြီးနဲ့ ရိုင်ဖယ်ကြီးထမ်းပြီး ညညဆို အေးစံတို့အဖွဲ့ ကင်းလှည့်တယ်။

ကင်းလှည့်ပြီဆိုတာနဲ့ ကိုယ့်အိမ်က ကြက်တွေ၊ ဘဲတွေ လုံအောင်သာ သိမ်းကြ ဆည်းကြပေတော့။ တတ်နိုင်ရင် ခြင်ထောင်ထဲသာ ထည့်သိပ်။ အေးစံတို့လား။ မခိုးပါဘူး။ ခိုးစရာလား။ ရိုင်ဖယ်ကြီးတစ်လက် လုံးရှိနေမှပဲ။

ဟေ့... ကင်းသမားတွေ ညလယ်စာစားဖို့ အလှူ ခံတာကွာဆို ဆွဲသွား...ဘာပြောရမတုံး။

အေးစံလား။

သူမသိ၊ သူမတတ်၊ သူမပါတာ ရွာမှာမရှိဘူး။ ရိုင်ဖယ်တန်ခိုးနဲ့... အမျိုးဂုဏ်တွေ တိုးနေချက်လေ။ ရွာဦးကျောင်းက ဘုန်းကြီးတွေတောင် သူ့သေနတ်ဒင် စာမိဖူးတယ်။

ရွာလမ်းမပေါ်... မေတ္တသုတ်ရွတ်လို့တဲ့။

အေးစံ အနစ်နာခံစောင့်ရှောက်တဲ့ရွာမှာ ဘေးကင်းအောင် လမ်းပေါ်ထွက်... မေတ္တသုတ်ရွတ်ကြတယ်ဆိုတာ... ဒါ...အေးစံကို စော်ကားတာဆိုပြီး ကျွေးတာ။

အလိုလေး...သာသနာရေးတောင်...အေးစံ ပါမှတော့... ကျန်တဲ့ စုံစီနဖာမပြောနဲ့တော့။ ဘယ်နေရာ ဖြစ်ဖြစ်... အေးစံရဲ့လူပါမှ အလုပ်ဖြစ်တာ။

ဖြစ်လိုက်တဲ့ စီးပွား။

ရွာကလူတွေ ဖြစ်တာမဟုတ်ဘူး။ အေးစံဖြစ် တာ။ ရွာကတော့ မွဲပြာကျလို့။

စိမ်းစိမ်းမြင် အေးစံလယ်ကြီး ဖြစ်ဖြစ်ကုန်တာ ရယ်။ ဓားမဦးချ လယ်လုပ်တယ်ဆိုတာ ရှေးကပဲ ရှိတာ။ အေးစံခေတ်ကျ ရိုင်ဖယ်ဦးချလယ်၊ သေနတ် ဦးချလယ်တွေချည်း။

ခေတ်ကလည်း ပျက်ပြားသကိုး။

ရွာထဲ ပြောစမှတ်တောင်ရှိတယ်။ လသာသာ ညတွေမှာ မိသားစုတွေ ဝိုင်းဖွဲ့စကားပြောရင် အသံကျယ်ကျယ် အီးပေါက်တဲ့ကောင်ဆို တညီတညာတည်း နာမည်ဝိုင်းပေးကြတယ်။

“အေးစံရိုင်ဖယ်”တဲ့လေ။

အပြင်မှာတော့... အီးသံမကျယ်ရဲဘဲ ကိုယ့်မိသားစုထဲပဲ အီးသံကျယ်ရဲတယ်ဆိုတဲ့သဘော။

ဒီလိုပြောသံကြားရင်...အေးစံ...သိပ်ဒေါသ ထွက်တာကလား။

သူကသာ မတရားသဖြင့်သာ ဗိုလ်ကျရင်တာနေမယ်...သူ့ ပြောတာဆိုတာတော့ အေးစံ မကြိုက်ဘူး။

“အေးစံကို ပြေးကန်မှ ပထွေးဆန်တယ်...မပြောကြနဲ့”ဆိုပြီး ကြိမ်းလည်းကြိမ်း... ရွာလူကြီးလည်း တိုင်ပဲ။

ရွာလူကြီးခမျာလည်း အသက်ကြီးလို့သာ လူကြီးဖြစ်ရတယ်...အေးစံရိုင်ဖယ်တော့ သူလည်း ကြောက်သမို့...အေးစံ မကောင်းပြောတဲ့ ရွာသားဆို ထိတ်တုံးလောက်တော့...ခတ်ပေးရတာချည်း။

အေးစံ ဖြစ်ချင်တာက ရှင်းတယ်။ ရွာရဲ့ ကာကွယ်ရေးခေါင်းဆောင်။ ဒီခေတ်ပျက်ကြီးထဲ သူဘာလုပ်လုပ် မှန်တယ်။

ဒီတော့... သူ့ကို ကြည်ညိုတာ ခံချင်တယ်။ လူရော စာရိတ္တရောက ဖွတ်ကျောကုန်း...နွားချေးလူး ထားသလို မတောက်ပြောင်ဘူးပဲထား။

ကျောမှာ လွယ်ထားတဲ့ ရိုင်ဖယ်တန်ခိုးနဲ့...လူတွေ သူ့ ရှိခိုးစေချင်...ကြည်ညိုစေချင်တာ။

အေးစံ ကြံတာပဲ။

ကြည်ညိုစေချင်လွန်းလို့...သူကြီးအိမ်လည်း ထိတ်တုံးငါးခုလောက် အသစ်ထွင်းပြီး...သွားပို့တာပဲ။ လူတွေကလည်း မမှတ်ဘူး။

“အေးစံ..ခွေးကြံကြံသကွာ” ဆိုပြီး ထပ်ပြောကြတာပဲ။

အသံကြားတာနဲ့ အေးစံကလည်း ထိတ်တုံးကျွေးတာပဲ။ ဖြစ်နိုင်ရင် ရိုင်ဖယ်စာပါ ကျွေးချင်တာ။ အေးစံဟာ သူ့ကို ရွာက ကြည်ညိုစေမယ့်အရေး အမြဲတွေးတယ်။

ရွာဘုရားပွဲရောက်ပြီ။ ကာလသားတွေက ဗလာဆိုင်းနဲ့ အရပ်ပြဇာတ်လေးသွင်းမယ်ပေါ့။ ဒါလည်း အေးစံပါတယ်။ လူရိုသေခံဖို့ ကြံတယ်။ ပြဇာတ်အတွက် စည်းဝေးနေတဲ့ ရွာသားတွေဆီ အေးစံက ရိုင်ဖယ်ကြီးနဲ့သွားတယ်။

“ဒီရွာမှာ ဘယ်နေရာဖြစ်ဖြစ် အေးစံ မပါလို့ မရဘူး...နားလည်လား...ဒီတော့...မင်းတို့ပြဇာတ်မှာ ငါလည်း တစ်ခန်းဝင်ကမယ်...လူရိုသေ ရှင်ရိုသေ အခန်းကထည့်နော်... ဟေ့ကောင်တွေ မဟုတ်လို့ကတော့”

ပြဇာတ်ရေးတဲ့သူက အေးစံအကြောင်း သိပြီးသားပဲ။

“အတော်ပဲ...ကိုအေးစံ...ဘုန်းကြီးခန်းတစ်ခန်း ...လွတ်နေတယ်...ကိုအေးစံဥပဓိနဲ့ဆို အတော်ပဲ...ကတုံးတုံးနိုင်ပါ့မလား”

ဘုန်းကြီးခန်းဆိုတော့ အေးစံကြွေသွားတယ်။ ဒီတစ်ခါတော့...ငါ့ကိုကြည်ညိုကြ...ပေတော့လို့ စိတ်ထဲက ဆိုမိတယ်။

အနည်းဆုံးတော့...စင်ပေါ်တက် သူများတွေ ကန်တော့တာ ခံရတာပေါ့။ ပြဇာတ်တိုက်ကြတော့ အေးစံ မလာဘူး။ အေးစံက ဆရာကြီးပဲ။ အရာရာသိတယ်။ အရာရာတတ်တယ်။ အရာရာကျွမ်းကျင်တယ်။

ပြဇာတ်ကတာလား။ ဘုန်းကြီးခန်းလား။ ကတုံး တုံးထားပြီလေ။ သင်္ကန်းအရုံလည်း ကျင့်ပြီးသား။ ဘုန်းကြီးခန်းလေ။ ဘာ...တကူးတက တိုက်နေစရာလိုလဲ။

ပြဇာတ်ည ရောက်ပြီ။ အေးစံ အခန်းရောက်ခါနီးတော့... အရက်သောက်ပြီး ရဲဆေးတင်နေတယ်။ ရွာသားတစ်ယောက်က ဆရာအေးစံအခန်း ရောက်ခါနီးပြီလို့ပြောတော့... အေးစံက သင်္ကန်းအဟောင်းကြီးယူပြီး ထလိုက်လာတယ်။

ကြည်ညိုကြစမ်း...အဟင်း...အဟင်း။

စင်ပေါ်တက်ခါနီး သင်္ကန်းရုံနေတော့...ဇာတ်ဆရာလုပ်တဲ့ ရွာသားက လာပြောတယ်။

“ကိုအေးစံ အချိန်မရဘူး...သင်္ကန်းကို သပ်သပ်ရပ်ရပ်ရုံမနေနဲ့...အဲ့လောက်မလိုဘူး...တစောင်းပတ်ပြီးသာ ထွက်သွားချေ... ပြီးရင် ဟော့ဟိုမှာတွေ့လား စက္ကူနဲ့လုပ်ထားတဲ့ ကတ်ပြားအဝိုင်းကြီး အဲ့ဒါကြီးကိုသာ တွန်းထည့်လိုက်”

အေးစံလာပြီ... ကဲ...ကြည်ညိုကြပေတော့ဟေ့။

မီးရောင်အောက်ကို...သင်္ကန်းကြီး မသပ်မရပ် ခြုံပြီး အေးစံထွက်လာတယ်။ ဇာတ်ဆရာပြောတဲ့ စက္ကူကတ်ပြားကြီး အဝိုင်းကြီးကို တွန်းထည့်လိုက်တယ်။

အေးစံတွန်းလိုက်တာနဲ့ စက္ကူအဝိုင်းကြီးနဲ့ တန်းထားတဲ့ကြိုးကို စင်ထောင့်ကရွာသားက ဆွဲလိုက်တယ်။ အဝိုင်းကြီးက...လိမ့်ပြီး စင်အလယ်က...မြတ်စွာဘုရား ရုပ်ပုံကားချပ်ရှေ့မှာ ရပ်သွားတယ်။

အေးစံဟာ သူ့ကိစ္စပြီးသွားလို့ ပရိသတ်ဘက်ကို ဝမ်းမြောက်တည်ကြည်တဲ့ သူ့မျက်နှာကြီးလှည့်ပြီး အကြည်ညိုခံလိုက်တယ်။ ပရိသတ်ဆီက ဝေါခနဲ အသံထွက်လာတယ်။

“ဟေး...ဒေဝဒတ်ကြီးဟေ့...အေးစံကြီးဟေ့... ဒေဝဒတ်အေးစံကြီးကွ...ဟေး...ဘုရားကိုသတ်တဲ့ လူမိုက်ကြီးကွ”

ပရိသတ်က အော်ဟစ်အားပေးရုံနဲ့ အားမရတော့ဘူး။ ပြောင်းဖူးရိုးတွေနဲ့ပါ ဆော်တော့တာ။ အေးစံ မျက်နှာမည်းခနဲ ဖြစ်သွားတယ်။ ကြည်ညိုခံချင်လို့ ဘုန်းကြီးခန်းဝင်ပါ ပါတယ်ဆိုမှ... ဒေဝဒတ်နေရာက ဖြစ်နေတယ်လေ။

နောက်ရက်တော့ အောင်ခြင်းရှစ်ပါးသရုပ် ဖော်ပြဇာတ်တစ်ဖွဲ့လုံး ထိတ်တုံးစာမိပါလေရောလား။

“အေးစံကို အကြည်ညိုပျက်စေမှု”တဲ့လေ။

ဒါတောင် ပြဇာတ်ဆရာက ထိတ်တုံးခတ်ခါနီး...ပြောသွားသေး။ ဘာတဲ့။

“အောက်ကလူတွေက ဒေဝဒတ်မို့...မကြည်ညိုတာပါ...ကိုအေးစံကိုဆို...ကြည်ညိုကြမှာပါ”တဲ့လေ။

ဗြိတိသျှကိုကိုမောင်


  • VIA