News

POST TYPE

SATIRE

နတ်ကြီးလေးပါး ဧရာဝတီပြန်ရွေးခန်း
21-Apr-2019


မြန်မာသက္ကရာဇ် ၁၃၈၁ ပြည့်နှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ညနေစောင်းအခါသမယ၊ ရန်ကုန်မြို့၊ အင်းလျားကန်ဘောင်၏တစ်ခုသော ခုံတန်းလျာဝယ် ရန်ကုန်မြို့၏ အထင်ကရမြို့စောင့် နတ်ကြီးများဖြစ်ကြသော ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တထောင်ဘိုးဘိုးကြီး၊ ဥက္ကလာပ ဘိုးဘိုးကြီး၊ မှော်ဘီဘိုးဘိုးကြီးတို့ တွေ့ဆုံပြီး အောက်ပါအတိုင်း စည်းဝေးပြောဆိုကြလေဟူ၏။

ဆူးလေနတ်ကြီး- ဘိုးဘိုးများ ဟက်ပီနယူးရီးယားပါဗျာ။ သြင်္ကန်လည်း ပြီးပြီဆိုတော့...ကဲပေးပေရော... တစ်ယောက် တစ်ဒေါ်လာ

ဗိုလ်တထောင်နတ်ကြီး - အလိုလေး...ကိုဆူးလေကြီးရယ်... ဘယ့်နှယ့်...ခရီးရောက်မဆိုက်...ဒေါ်လာတွေ ကောက်နေတာတုံး။

ဆူးလေနတ်ကြီး - အလိုလေး မလုပ်နဲ့ ဗိုလ်တထောင်...ခင်ဗျားက ကျုပ်တို့ထဲမှာ အထောဆုံး...ဒေါ်လာတစ်ရာလောက်တောင် ထည့်သင့်တာရယ်။

မှော်ဘီနတ်ကြီး- နို့...နေပါဦး…ကိုဆူးလေ..ဘာကြောင့် ကျုပ်တို့က တစ်ယောက်တစ်ဒေါ်လာ ပေးရမတုံးရယ်ဗျ။

ဆူးလေနတ်ကြီး - တယ်...ဒီဘိုးဘိုးတွေနှယ့်...တယ်လည်း ခေတ်နောက်ကျတာပဲ...မျက်စိဖွင့် နားစွင့်ထားကြလေဗျာ..တစ်ယောက် တစ်ဒေါ်လာဆိုတာ ဧရာဝတီမြစ်ကြီးကို ပြန်ရွေးဖို့ဗျ...ပြန်ရွေးဖို့။

ဗိုလ်တထောင်နတ်ကြီး - ဘာကိစ္စကျုပ်တို့က ဧရာဝတီကို ပြန်ရွေးရမှာတောင်...ပေါင်တဲ့အထဲ ကျုပ်မပါဘူးနော်။

ဥက္ကလာနတ်ကြီး - အင်းဗျ..ကျုပ်လည်း မပါဘူးနော်…ကျုပ်ဟာကျုပ် မြောက်ဘိမှာ နှပ်နေတာ။

မှော်ဘီနတ်ကြီး - မဟုတ်ဘူး...ဘိုးဘိုးတို့ရဲ့ ဧရာဝတီကို လူဆိုးတွေက ပြန်ပေးဆွဲသွားလို့ဖြစ် မယ်...နော့ မဟုတ်လား...ဆူးလေ။

ဆူးလေနတ်ကြီး - ရော်...မဟုတ်ပါဘူးဗျာ..ခင်ဗျားတို့နဲ့ ဟိုဆွေးနွေးပွဲဆိုလား...စကားဝိုင်းဆိုလား လုပ်တာ မသိကြဘူးလား...ဧရာဝတီကို ပြန်ရွေးကြမယ်ဆိုတာလေ... အဲ့ဒီမှာ ဧရာဝတီကို ပြန်ရွေးဖို့ ပြည်သူတွေ တစ်ယောက် တစ်ဒေါ်လာ စုမယ်တဲ့ဗျ။

မှော်ဘီနတ်ကြီး - အလိုနေပါဦး..ဧရာဝတီကို ဘယ်သူတွေက သွားပေါင်ထားတာတုံး…ပေါင်ထားတဲ့သူ ပြန်ရွေးပေါ့ဗျ..ကြားထဲက ကျုပ်တို့က ငထွားခါးနာ...မဆီမဆိုင်ရယ်ဗျာ။

ဆူးလေနတ်ကြီး - မသိဘူးလေဗျာ...သူတို့က ရွေးဆိုတော့ ကျုပ်လည်း ရွေးဖို့ ပြောတာပေါ့ဗျ…ဧရာဝတီဆိုတာ ဟော့ဒီမြန်မာပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်သတဲ့... အခု မြစ်ဆုံဆိုလားဘာလား စီမံကိန်းကြီးက စိနတိုင်းဆီမှာ စာချုပ်မိနေတာဆိုလား ဘာလား၊ အဲ့ဒါ...ကျုပ်တို့ နတ်တွေနဲ့လည်း ဆိုင်မယ်ထင်လို့။

မှော်ဘီနတ်ကြီး - အိမ်း...အဘိုးကြီးရ၊ ပေါင်တဲ့သူက ပေါင်ပြီးပြီ... ကျုပ်တို့က ငွေစုပြီး ပြန်ရွေးမယ်ဆိုပါစို့…နောက်တစ်ခါ ဒီလူတွေက ပြန်ပေါင်ကြရင် ဘယ့်နှယ်လုပ်မတုန်းဗျ။

ဗိုလ်တထောင်နတ်ကြီး - အေးလေ...ဟုတ်သပ ...ကောင်းစားတော့ ဟိုဒင်း...ပင်ပန်းတော့ ကျုပ်တို့ ဖြစ်နေပါ့မယ်ဗျာ။

ဆူးလေနတ်ကြီး - အိမ်း..ဒါတော့ ကျုပ်လည်း တယ်မပြောတတ်ဘူးဗျာ။

ဥက္ကလာနတ်ကြီး - မပြောတတ်လည်း ကျုပ် ပြောပြမယ်…မိုး...မိုး...မိုးလား၊ ဘိုးဘိုးတို့…လေလေလေလား ဘိုးဘိုးတို့… ဧရာဝတီကို ပြန်ရွေး မယ်...ဘယ်သူ့ဆီမှာ ပေါင်ထားတာတုံး။

မှော်ဘီနတ်ကြီး - တရုတ်ဆိုင်မှာ ပေါင်ထား တာ…ရွေးမယ်ဆိုတော့ ငါတို့တွေတဲ့။

ဥက္ကလာနတ်ကြီး - ပေါင်ထားတုန်းက ဟိုငွေတွေ...ဘယ်မသာတွေ ကောင်းစားပြီလဲ။

ဆူးလေနတ်ကြီး - ဟေး...ဟေ့...နေကြပါဦး...နေကြပါဦး...ဘယ့်နှယ်သြင်္ကန်လည်းပြီးပါပြီ သံချပ် တွေ လှိမ့်မထိုးနေနဲ့ဗျ..မတော် အကြည်ညိုပျက်စေမှု နဲ့ တရားလာစွဲနေမှ နတ်အိုကြီးတွေတန်မဲ့… ၅၀၅ နဲ့ ညားနေပါ့မယ်ဗျာ။

ဗိုလ်တထောင်နတ်ကြီး - အလိုဗျာ...သံချပ်ဆိုတာ သြင်္ကန်ရဲ့ အသံစစ်စစ်။

မှော်ဘီနတ်ကြီး - ဟေ့...ဟေ့…ဗိုလ်တထောင်၊ ခင်ဗျားနှယ့်...သတိထားပါဗျာ...အဲ့ဒီစလုံး ဆိုတာ ကြီး မပါစေနဲ့...အဲ့ဒါကြီးပါမှ …ပိုတရားစွဲမှာ...ခေတ်ကာလကြီးက မည်းမည်းမြင်ရာ စွဲနေတဲ့ခေတ်ကြီး...မတော် နတ်အိုကြီးတန်မဲ့ ကားပြာကြီးစီးနေရပါ့မယ် ဗျာ။ အစိုးရ၊ အတိုက်အခံ ကြိုက်တာကို ပြောလို့ရ တယ်...မီးပေါက်လက်နက်သမားတွေကိုတော့…အပြောအဆို.သတိထား...နော့။ ကျုပ်လည်း နတ်ပေမယ့် သူတို့တော့ ကြောက်တယ်ဗျ။

ဥက္ကလာနတ်ကြီး - အိမ်း..ဒါဆိုရင်လည်း…သံချပ်ကို ဒီလိုထိုးမယ်ဗျာ..ကြည်ညိုပါတယ်..ကြည်ညို ပါတယ်…တအားကြီးကို ကြည်ညိုပါတယ်။ လေတိုက် တိုင်းလည်း ကြည်ညိုပါတယ်…ဟေ့စိန်လား ဟေ့မြ လား…ဟေ့လာမောင်ရိုးဝါ့။

ဆူးလေနတ်ကြီး - အိမ်း...တော်သေးတာ ပေါ့ဗျာ..ခေတ်အခါက ကြည်ညိုနိုင်ခါမှ တော်ကာ ကျတယ်ဗျ...ဘုရားတရားကို မကြည်ညိုလို့ အချုပ် မကျဘူး... သင်းတို့ကို မကြည်ညိုလို့ကတော့…မလွယ်ဘူးဗျိုး။

မှော်ဘီနတ်ကြီး - အလိုလေး...ကိုဆူးလေနဲ့ ကျုပ်တို့ လေကလေးနဲ့ တိုက်မိသူတွေကိုသာ ဖမ်းဟယ် ဆီးဟယ်၊ တရားစွဲဟယ်...ဟိုးနယ်စပ်မှာ လက်နက်ကြီး ငယ်တွေနဲ့ စစ်ရေးပြနေတာကျ…. ဘိုးဘိုးအောင်ရဲ့ ဝလုံး လိုများမှတ်နေကြရော့လား။

ဆူးလေနတ်ကြီး - ဟေ...ဟေ့...မှော်ဘီရယ်..တော်ပြီကွယ်…လက်ထိတ်နံ့တွေလည်း သင်းလာပါ ပြီနော်။

ဗိုလ်တထောင်နတ်ကြီး - နို့..ဘိုးဘိုးအောင်ရဲ့ ဝလုံး အထင်မသေးနဲ့ရယ်..တစ်လုံးဖျက် နှစ်လုံးပေါ် တာလေ…အခု ကျုပ်တို့ပြည်ကြီးရဲ့ ငြိမ်းချမ်းရေးလိုပ။

ဥက္ကလာနတ်ကြီး - ဘယ့်နှယ် ငြိမ်းချမ်းရေးနဲ့ ဘာဆိုင်လဲဗျ။

ဗိုလ်တထောင်နတ်ကြီး - ဆိုင်ပါသည်ကော ဗျာ...ဘိုးဘိုးအောင် ဝလုံးကို ဘိုးတော်မင်းက ဖျက် ပစ်တော့ တစ်လုံးဖျက်ရင် နှစ်လုံးပေါ်တယ်မဟုတ်လား...ကျုပ်တို့ ငြိမ်းချမ်းရေးက တစ်ဖွဲ့ ဆွေးနွေးရင် နောက် ထပ် အဖွဲ့သစ် နှစ်ဖွဲ့ ထပ်ပေါ်တယ်ရော။

ဆူးလေနတ်ကြီး - အိမ်း...ဒီဘိုးဘိုးတွေတော့ ...ရောက်ကတည်းက ထောင်နှုတ်ခမ်းပေါ် စကိတ်စီး တော့တာပဲ...တော်ပြီ...တော်ပြီ…ကျုပ် ပြန်တော့ မယ်..ကြောက်တယ်။

ဗိုလ်တထောင်နတ်ကြီး - အလို ကိုဆူးလေ..ကျုပ်လည်း ပြန်မဗျို့... ခေတ်ကာလကြီးက ကောင်း တာမဟုတ်။

ဆူးလေနတ်ကြီး - အလို... ပြန်မယ်ဆိုမှ ကျုပ် ဆောင်းလာတဲ့ နတ်ထီး ဘယ်ပျောက်သွားသတုံး။

မှော်ဘီနတ်ကြီး - အလို...ကျုပ်ထီးလည်း မရှိ တော့ဘူးဗျ။

ဆူးလေနတ်ကြီး - အလိုလေး…သြင်္ကန်တုန်းက ထီးသူခိုးတွေ ကျုပ်တို့ နတ်ထီးတောင် မသွားပြီဗျိုး။

ဥက္ကလာနတ်ကြီး - ကဲ...ကဲ...ဧရာဝတီကို မရွေးခင်...ထီးမပျောက်အောင်ပဲ ဂရုအရင်စိုက်ကြပါဦးစို့ဗျာ..ပြန်ပြီဗျို့။

ထို့နောက်တွင် တက်ရောက်လာသော နတ်ကြီးများမှ ပုသိမ်ထီး... ဝမ်းဒေါ်လာ သုံးကြိမ်ရွတ်ဆိုပြီး…အစည်းအဝေးအား ရုပ်သိမ်းလိုက်ကြလေတော့သတည်း။

ဗြိတိသျှကိုကိုမောင်


  • VIA