News

POST TYPE

SATIRE

အောင်ပန်းမြို့ရဲ့ ရွှေဗထူး
01-Apr-2019


မြန်မာပြည်အလယ်ပိုင်းက အောင်ပန်းမြို့လေးသည် မြန်မာပြည်၏ အထင်ပေါ်ဆုံး ခရီးသွားမြို့လေး ဖြစ်လာပြီဖြစ်သည်။

အောင်ပန်းမြို့ ဗိုလ်ဗထူးလမ်းမကြီးပေါ်က ဗထူးဟိုတယ်သည် အခန်းလွတ်သည်မရှိ။ ထိုဟိုတယ်က အကွက်အကွင်းလည်း ကောင်းသည်။ မြို့လယ်က ဗထူးရုပ်တုကြီးကို မားမားမြင်နိုင်သည်။ ဗထူးပန်းခြံတွင် ဆော့ကစားနေကြသည့် ကလေးငယ်များကို ကြည့်ရင်းလည်း နေ့လယ်စာ စားနိုင်သည်။

ဗထူးဟိုတယ်သည် ဗထူးပြတိုက်သို့လည်း လမ်းလျှောက်သွားနိုင်သည့် အနေအထားတွင်ရှိသည်။ ထိုပြတိုက်မှတစ်ဆင့် ဗထူးရပ်ကွက်ရှိ ဗထူးရုပ်ရှင်ရုံတွင် ရုပ်ရှင်ကြည့်ရန်ဆိုလျှင် ၅ မိနစ်မျှသာ လမ်းလျှောက်ရပါမည်။

ဗထူးရုပ်ရှင်ရုံမှ ဗထူးရေကူးကန်သို့ ထပ်သွားလိုလျှင် ခြေကျင် ၃ မိနစ်မျှ လျှောက်ရပါမည်။ ဗထူး ရေကူးကန်ကြီးကား ဗထူး စူပါမားကပ်နှင့် ကပ်လျက်ရှိပါသည်။

ဗထူးစူပါမားကပ်၏ အဓိကဖောက်သည်များမှာ ဗထူးအိမ်ရာမှ အလုပ်သမားမိသားစုများ ဖြစ်သည်။ ထိုအလုပ်သမား အများစုသည် ဗထူး အမှတ်တရပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ဗထူးစက်မှုဇုန်မှ ဝန်ထမ်းများ ဖြစ်ကြသည်။

ဗထူးစူပါမားကပ်တွင် သားငါး ဟင်းသီးဟင်းရွက် မစုံလျှင် မပူရပါ။ ဗထူးပျံကျဈေးသို့ ပြေးဝယ်နိုင်သည်။

ဗထူးပျံကျဈေးကား ဗထူးအထက်တန်း ကျောင်းနံဘေးတွင် ရှိပါသည်။

ဗထူးအထက်တန်းကျောင်းအနောက်မှ ဗထူးဘောလုံးကွင်းသည် နိုင်ငံအလိုက်ပြိုင်ပွဲများပင် ကျင်းပနေသည်အထိ ကျယ်ဝန်းတောက်ပြောင်သည်။ ဗထူးဘောလုံးကွင်းထဲရှိ ဗထူးဘောလုံး အကယ်ဒမီသည် အာဆီယံအဆင့်မီ ဘောလုံးသမားများ မွေးထုတ်ပေးရာတွင် နာမည်ကြီးလှသည်။

ဗထူးဘောလုံးကွင်းနံဘေးရှိ ဗထူးချောင်းရိုး တစ်လျှောက်တွင် ဗထူးတိရစ္ဆာန်ဥယျာဉ်ကို ဖြတ်တိုက်လာသည့် လေကိုရှူရင်း ညနေခင်းများ၌ အေးအေးလူလူ အနားယူနိုင်ပါသည်။

ဗထူးချောင်းကို ဖြတ်ဖောက်ထားသည့် ဗထူးတံတားငယ်ကို ကျော်လိုက်သည်နှင့် နိုင်ငံခြားသားများ ကျက်စားသည့် ဗထူးနိုက်ကလပ်ရှိပါသည်။

ဗထူးနိုက်ကလပ်သို့ ဗထူးကာစီနိုလောင်းကစားရုံတွင် နိုင်လာသည့် မြန်မာနိုင်ငံသား ခရီးသွားများလည်း ရောက်လာတတ်ပါသည်။

အောင်ပန်းမြို့ကို ခရီးသွားမြို့ ဖြစ်စေခဲ့သည့် အဓိကအချက်မှာ အောင်ပန်းမြို့ကို ဖြတ်ဖောက်ထားသည့် ၈ လမ်းသွား တိုင်မဲ့ ခုံးကျော်တံတားကြီးကြောင့် ဖြစ်သည်။

ထိုတံတားကြီးသည် ဆောက်ပြီးသည်နှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင်ခဲ့ပြီး ဂင်းနစ်မှတ်တမ်းတွင်လည်း ကမ္ဘာ့အရှည်ဆုံး တိုင်မဲ့ခုံးကျော်တံတားစာရင်း ဝင်ခဲ့သည်။

ထိုတံတားကြီးသည် ကမ္ဘာ့အရပ်ရပ်မှ အင်ဂျင်နီယာများကိုသာမက သိပ္ပံပညာရှင်များကိုပါ အံ့အားသင့်စေလေသည်။

ဤမျှ ရှည်လျားသည့် တိုင်မဲ့ ခုံးကျော်တံတား ကြီးက ကမ္ဘာ့ဆွဲငင်အားကို အန်တုကာ မြေသို့ မပြိုကျလာသည်မှာ အံ့ဖွယ်ဟု ဆိုကြသည်။

ထိုတံတား ဆောက်မည်ဆိုစဉ်က အောင်ပန်း မြို့သူမြို့သားတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသေးသည်။ ဆန္ဒပြကြသေးသည်။

“၈ လမ်းသွား တိုင်မဲ့ ခုံးတံတား အလိုမရှိ အလိုမရှိ”

“ခုံးတံတားအောက်မှာ ပိမသေရေး ဒို့အရေး ဒို့အရေး”

သို့သော် နိုင်ငံတော်သမ္မတက အာမခံ ဝင်ခံသည်။

“ကျွန်မ ရဲရဲ အာမခံပါသည်” နိုင်ငံတော်သမ္မတ ဗထူး လဲ့လဲ့တင်က အာမခံလိုက်သည်။

ဗထူးလဲ့လဲ့တင်၏ ပါတီမှ ဝင်ရောက်အရွေးခံ အနိုင်ရခဲ့သည့် အောင်ပန်းအမတ်များကလည်း နိုင်ငံတော်သမ္မတဘက်မှ ထောက်ခံ ဝင်ပြောပေးသည်။

မတတ်သာ၍ အောင်ပန်းသားတို့ ရင်တထိတ်ထိတ်ဖြင့် ခုံးကျော်တံတားစီမံကိန်းကို လက်ခံလိုက်ရသည်။

ခုံးတံတားကြီးကြောင့် အောင်ပန်းတွင် မည်သည့် အိမ်မှ မပြောင်းရ။ သို့သော် ဗိုလ်ချုပ်ကြေးရုပ်ကိုတော့ ပြောင်းလိုက်ရသည်။

ခုံးကျော်ချဉ်းကပ်လမ်းနှင့် မလွတ်၍ ဖြစ်သည်။

ခုံးကျော်တံတား ဖြစ်မြောက်ရေး ကော်မတီကလည်း တံတားက ဗိုလ်ချုပ်ကြေးရုပ်နှင့် လုံးဝ မလွတ်ကြောင်း၊ အကယ်၍ ကြေးရုပ်ကို မပြောင်းက အိမ်အချို့ ရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်း ရှင်းပြသည်။ ဗထူးလဲ့လဲ့တင်၏ ပါတီမှ အောင်ပန်း အမတ်များကလည်း ဟုတ်ပါကြောင်း မှန်ပါကြောင်း ထောက်ခံပေးကြသည်။ နောက်ဆုံး ပြောင်းရန် သဘောတူကြသည်။

ဘူဒိုဇာကြီးများဖြင့် ပြောင်းစဉ် ဗိုလ်ချုပ် ကြေးရုပ် ပြိုကျ ပျက်စီးသွားသည်။

ဗိုလ်ချုပ်ကြေးရုပ် ပျက်စီးသွားသည့်သတင်းကြားသော် နတ်မောက်သားတို့ ထကြွကြသည်။ ကြေကွဲကြသည်။

“ဗိုလ်ချုပ်သမီးသာ အာဏာရနေသေးရင် ဗိုလ်ချုပ်ကြေးရုပ်ကို ဒင်းတို့ မျက်စောင်းနဲ့တောင် ထိုးရဲမည်မဟုတ်”ဟု အော်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းချစ်သူများအဖွဲ့ကလည်း ကြေညာချက်ထုတ်သည်။

“နိုင်ငံ့ကျေးဇူးရှင် ဗိုလ်ချုပ်၏ အထိမ်းအမှတ်များ နှောင်းလူတို့ ပယောဂကြောင့် ပျက်စီးရခြင်း၊ ဖျက်ဆီးခြင်းမှန်သမျှ ရှုတ်ချသည်”

သမ္မတ ဗထူးလဲ့လဲ့တင်၏ ပါတီမှ အမတ်များက သမ္မတကြီး၏ စေတနာအမှန်ကို ရှင်းပြကြသည်။ မတတ်သာ၍သာ ပြောင်းရကြောင်း ပြောကြသည်။

မည်သို့ဆိုစေ ၈ လမ်းသွား တိုင်မဲ့ ခုံးကျော်တံတား ပြီးစီးသွားသည်။ ထိုတံတားအမည်ကား အထူးစဉ်းစားရန် မလို။

“ဗထူးတံတား”

ဂရင်းနစ်စံချိန်ဝင် ကမ္ဘာကျော် ဗထူးတံတားကို အမှီပြုကာ အောင်ပန်းမြို့လေး တိုးတက်လာသည်။ ကမ္ဘာအရပ်ရပ်မှ ခရီးသွားများ၊ နိုင်ငံအတွင်း ရပ်နီးရပ်ဝေးမှ ခရီးသွားများ ဗထူးခုံးကျော်တံတားကြီးဆီ အရောက်လာကာ ဆယ်ဖီဆွဲကြသောအခါ လမ်းဘေး မုန့်ဆိုင်၊ ဆိုင်ကယ်တက္ကစီသမားမှအစ ဟိုတယ်လုပ်ငန်းရှင်အဆုံး အလုပ်ဖြစ်လာသည်။

ခရီးသွားတို့က တံတားအမည် ဘာကြောင့် ဗထူးဟု ပေးရသနည်း မေးခံရဖန်များလာသောအခါ ဒေသခံတို့က တိမ်မြုပ်နေသော ဗထူးသမိုင်းကို အလုအယက် တူးဆွကြသည်။

ဗထူး၏ လွတ်လပ်ရေးတိုက်ပွဲမှတ်တမ်းများအကြောင်း အလွတ်ပြောနိုင်ရန် ကြိုးစားကြသည်။ အနုပညာရှင်ကြီးများကလည်း အာဇာနည် သူရဲကောင်း ဗထူးအကြောင်း ဘုန်းတော်ဘွဲ့များ စပ်ဆို ကျူးရင့်ကြသည်။

ဗထူးအမှတ်တရများ ပြန်ရှာဖွေကြသည်။ လမ်း၊ ဈေး၊ ကျောင်း၊ တံတား၊ ချောင်း စသည်တို့ကို ဗထူးအမည်များ ထည့်မှည့်ကြမှ ခေတ်မီမည်၊ သမ္မတကြီးက ကျေနပ်အားရ ချီးမြှောက်မည်ဟု ယူဆလာကြကာ နောက်ဆုံး အောင်ပန်းအမည်သည် မြို့ဝင်ဆိုင်းဘုတ်တွင်သာ ကျန်တော့သည်။

သို့သော် အောင်ပန်းသားတို့ ပျော်ပါသည်။ ဗထူးသည် သူတို့၏ ကျေးဇူးရှင်ကြီး ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။

မြို့သားအားလုံးက ခေါ်ကြသည်။

“အောင်ပန်းမြို့ရဲ့ ရွှေဗထူး”

သို့နှင့်..၊ နိုင်ငံအတွင်း ကြေးဈေးများ အဆမတန် ထိုးတက်သွားသည်။ တရုတ်ပြည်မှပင် ကြေးများ ပြန်တင်သွင်းရသည်အထိ။

အောင်ပန်း၏ အောင်မြင်မှုကို အကြောင်းပြုကာ၊ အောင်ပန်းအမတ်များအား သမ္မတ ဗထူး လဲ့လဲ့တင်မှ မြှောက်စားသည်ကို အကြောင်းပြုကာ ကျန်ဒေသမှ၊ ကျန်မြို့များက ဗထူးကြေးရုပ်များ သူ့ထက်ငါကြီး စိုက်ထူကြသောကြောင့် ဖြစ်သည်။

အောင်ပန်းမြို့သူမြို့သားတို့ကား သူတို့၏ ရွှေဗထူးအား မည်မျှ ကြည်ညိုကြသည်ကို အောင်ပန်းမြို့အဝင်ရှိ ဗထူး နှစ်တစ်ရာ့ငါးဆယ်ပြည့် စေတီတော် ကြီးတွင် ကပ်လှူထားသည့် ရွှေဆိုင်း၊ ပန်း၊ ဆီမီး ဆွမ်းတော်ပွဲများကို မြင်ရုံဖြင့် သိနိုင်ပါသည်။

တစ်ရက်..၊

အောင်ပန်းမြို့လေးကို လွှမ်းခြုံကြည့်နိုင်သည့် တောင်ကမူတစ်ခုတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးဗထူးတို့ ဆုံကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် မရှိတော့သော အောင်ပန်းမြို့လေးကို အဝေးမှ ငေးကြည့်ကြသည်။

ဗထူးက ဗိုလ်ချုပ်ကို အားတုံ့အားနာ မျက်လုံးဖြင့် ကြည့်ကာ တိုးတိုးပြောသည်။

“ကျုပ် ရှက်စရာကြီး ဗိုလ်ချုပ်ရယ် ...”

ဗိုလ်ချုပ်က အဝေးကို ကြည့်ရင်း ပြန်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ငါလည်း မင်းလိုပဲ အရှက်ကွဲခဲ့ဖူးပြီးပါပြီကွာ”

ဗထူးက တွေးတွေးဆဆ ကြေကြေကွဲကွဲ ပြောသည်။

“ဗိုလ်ချုပ်ကို ခုထိ ရဲရဲတောက် ချစ်နေသူတွေအတွက် စိတ်မကောင်းဖြစ်ရလို့ပါဗျာ”

ဗထူးစကားကြားတော့ ဗိုလ်ချုပ်က တဟားဟား အော်ရယ်သည်။ အော်ရယ်ရင်း သူ့လက်ရုံး ဗိုလ်မှူးကြီးဗထူးကို ကောက်ဆဲသည်။

“ငါလခွမ်း ထားဝယ်သား သောက်ထုံ..၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ငါ့ကို ရဲရဲတောက် ချစ်ပြနေသူတွေထဲမှာ ငါ့သမီး အောင်ဆန်းစုကြည် နိမ့်ပါးခဲ့တုန်းက ငါ့ဓာတ်ပုံပါတဲ့ပိုက်ဆံတောင် မကိုင်ရဲသူတွေ၊ ငါ့ဓာတ်ပုံ မိတ္တူ မကူးပေးရဲတဲ့ လုပ်ငန်းရှင်တွေလည်း ပါသကွ” 

ဗထူး ပိုကြေကွဲသွားသည်။

သူ၏ နှစ်တစ်ရာ့ငါးဆယ်ပြည့် စေတီဘက် ဦးလှည့်ကာ သမီး ဗထူးလဲ့လဲ့တင်သာ သမ္မတရာထူးက မြန်မြန်ကျပါစေ ဆုတောင်းနေလေတော့သည်။

မူးဆေးအို


  • VIA