News

POST TYPE

SATIRE

ဘဝတူချင်းမို့ စာနာပါသည်
31-Mar-2019


လူတွေလား...အခုတစ်လောကျမှ ကျုပ်ကို အရေးတယူ လာလုပ်နေကြတယ်ဗျာ။

တကယ်တော့ ကျုပ်ဟာ သိပ်အခြေခံကျတယ်ဆိုတာ အရင်တုန်းက သူတို့ မသိကြဘူးထင်ရဲ့။ အင်း မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်မှာပေါ့။ အင်းလေ... သူတို့ ဂရုမထားကြတာလည်း မပြောနဲ့ ဒီနိုင်ငံမှာ ကျုပ်ဆိုတဲ့ကောင်ကလည်း နေရာတကာမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီကိုးဗျ။

တခြားနိုင်ငံတွေမှာတော့ ကျုပ်က ရှားပါးပစ္စည်းလေ။ ဒီမှာတော့ ကျုပ်က နေရာတိုင်းတွေ့နေရတတ်တဲ့ မထူးဆန်းတဲ့ ငတိပေကိုး။ ကျုပ်ဆိုတဲ့ကောင်ဟာလည်း ခေသူတော့မဟုတ်ဘူးဗျ။ တစ်ချိန်က ဘာဆိုလားပဲ။ ကျုပ်ဟာ တစ်ချိန်က အိမ်ဦးခန်းမှာ အမြတ်တနိုးထားခဲ့ရတဲ့ကောင်လည်း ဖြစ်တယ်။

ရေခဲသေတ္တာထဲ သီးသန့်သိမ်းထားရတဲ့ကောင်လည်း ဖြစ်တယ်။ စတိုးဆိုင်ကြီးတွေရဲ့ မှန်ဗီရိုနောက် ကွယ်မှာရှိနေတဲ့ကောင်လည်းဖြစ်တယ်။ စားသောက် ဆိုင်ကြီးတွေရဲ့အပေါ်မှာ တင့်တောင်းတင့်တယ် နေရာယူနေတဲ့ကောင်လည်း ဖြစ်တယ်။ လူတွေက ကျုပ်ကို သူတို့ အသုံးချလို့လည်းဝရော ဟော့ တွေ့ကရာနေရာမှာ လွယ်လွယ်လေး ချန်ထားရစ်ကြပါလေရောဗျာ။

လွယ်လွယ်လေးနဲ့ ချန်ထားရစ်တော့လည်း ကျုပ်မှာ ထားရာနေ စေရာသွား ဘဝဆိုတော့ ကျန်နေခဲ့ရုံကလွဲလို့ ဘာများစောဒကတက်နိုင်မတဲ့တုံး။

နောက်ဆုံး လိမ္မော်ရောင် နတ်သမီးလေးတွေလာမှ ကျုပ်မှာ စနစ်တကျနေရာရတဲ့ ကောင်ကြီးရယ်ပေါ့ဗျာ။ တကယ်တော့ ဒီနိုင်ငံကလူတွေခမျာလည်း သနားစရာပါ။ ကျုပ်ကို သူတို့ ဂရုမစိုက်နိုင်ခဲ့တဲ့ နှစ်ပေါင်းများစွာမှာ သူတို့ ဂရုစိုက်ခဲ့ရတာတွေ အများသားဗျ။ လုပ်အားပေးဆိုလား ဘာလား အလကား ပဲတင်းလိုက်လုပ်ရတာတွေလေ။

အရင့်အရင်ခေတ်ကဆို နိုင်ငံတော်ရဲ့တာဝန်အဝဝကို ရယူလိုက်တဲ့ အစိုးရမင်းများက ပြည်သူတွေ ညည နိုးကြားတက်ကြွအောင် မီးကင်းစောင့်ခိုင်းသဗျ။ မီးကင်းမစောင့်နိုင်ရင် မီးကင်းကြေးပေး။ အဖျက်သမားတွေရန်က ကာကွယ်ဖို့ ပြည်သူတွေ သံလမ်းကင်း စောင့်ရင်စောင့် မစောင့်ရင် သံလမ်းကင်းကြေးပေး ဆိုတာက တစ်မျိုး။ ဆည်ဆောက်ဖို့၊ တံတားဆောက်ဖို့ တစ်အိမ်တစ်ယောက် လုပ်အားပေးဆိုတာကြီးတွေလည်း ကြုံခဲ့ရရှာတယ်။

အဲ့ဒီခေတ်က တိုင်းသူပြည်သားတွေက သိပ်ဂုဏ်ယူဖို့ကောင်းတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး အစိုးရတာဝန်ကို ထမ်းပေးခဲ့ကြတာလေ။ အဲ့ဒီတုန်းက အစိုးရမင်းများကတော့ သိပ်ကို တန်ဖိုးရှိတဲ့ သယံဇာတတွေကို တာဝန်ယူသပေါ့ဗျာ။

အောင်မယ် ဟိုးအစောပိုင်းကဆို ပေါ်တာကြေးဆိုတာ ပါရှိသေး။ စစ်ပွဲတွေအတွက် အခမဲ့ကူလီ လိုက်ပေးရတာတဲ့။ မလိုက်ချင် ပေါ်တာကြေးပေးရသေးတယ်။

ဆရာကြီးဦးဖိုးကျားရဲ့ အခမဲ့ကူလီထမ်းရခြင်း အကျိုးဆိုတဲ့စာကို အစိုးရမင်းများဖတ်မိပြီး ပြည်သူတွေ အကျိုးများစေချင်တဲ့ အစိုးရမင်းများရဲ့ စေတနာပေါ့လေ။ အဲ့ဒီပေါ်တာတုန်းကလည်း လိုက်ရင်လိုက်မလိုက်ရင် ငွေစိုက်တော့ပဲ။ ဒီလို ဂရုစိုက်စရာတွေထဲမှာ ကျုပ်မနာလိုဆုံးကတော့ ဟိုကြက်ဆူဆိုတဲ့ ငတိလေ။

အလိုလေး...အဲ့ဒီတုန်းက ခေါင်းဆောင်ကြီးတွေ အမြော်အမြင်ကြီးချက်များ လက်ဖျားခါသဗျာ။ သူများနိုင်ငံကျ ကိုယ့်ပြည်တွင်းဖြစ်ရေနံတွေ သဘာဝဓာတ်ငွေ့တွေ အလျှံအပယ်ရောင်းကြပြီး ပြည်တွင်းမှာကျ ကြက်ဆူဆီနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်မယ်ကြံလေတာ။ အကြံအောင်ပါတယ်။

အနာဂတ်ရဲ့ မျိုးဆက်သစ်ကလေးတွေကို ကျောင်းတွေမှာ ကြက်ဆူပင် အတင်းစိုက်ခိုင်းကြတယ်။ မနက်အစောကြီး အိမ်ကထလာ ဘဘကြီးတွေလာမှ စိုက်ပြရတာဆိုတော့ ကလေးတွေက ဗိုက်ဆာလာပြီး ဒီလိုတွေးကြသတဲ့။

ဟဲ့ ငါတို့ခေါင်းဆောင်ကြီးတွေပြောတော့ ကြက်ဆူဟာ စွမ်းအင်ကို ထုတ်ပေးတယ်။ မော်တော်ကားတွေ မောင်းနိုင်တယ်တဲ့။ ဒီအစေ့ကို ငါတို့စားရင် မော်တော်ကားလို တဝီဝီနဲ့ မြန်မြန်ပြေးနိုင်မယ်။ အဲ့ဒီကျ စာမသင်ရဘဲ ကြက်ဆူစိုက်ခိုင်းတဲ့ဘဝကလွတ်မယ်ဆိုပြီး ကြက်ဆူစေ့စားပြီး ဆေးရုံရောက်ကြတာ မနည်းလား။

ဝန်ထမ်းတွေရော၊ တပ်မတော်သားတွေ၊ ရဲတွေ အကုန်အကုန် ကြက်ဆူစိုက်ပျိုးရေးသမားကြီးတွေ ဖြစ်ခဲ့တဲ့ခေတ်လေဗျာ။

ဘယ့်နှယ် တစ်နိုင်ငံလုံး လွတ်တဲ့မြေမှန်သမျှ ကြက်ဆူစိုက်ကြဆိုပြီး ဖြစ်ကြတာများလေ။ မြေပြောင် ပြောင်မြင်တိုင်း ကြက်ဆူစိုက်တဲ့ခေတ်မို့ နဖူးပြောင်တဲ့ အဘတွေတောင် အခုခေတ်မှ ပစ်ကပ်ဦးထုပ်ချွတ်ရဲတာတဲ့။ မယုံမရှိနဲ့ဆရာ။

အင်း...ကြက်ဆူတစ်ခေတ်ပြီးတော့ အခုကာလကြီးကျ ကျုပ်လည်း နည်းနည်းတော့ အရေးပါလာသဗျ။ လူငယ်တွေက ဘာချဲလန့် ညာချဲလန့်ဆိုပြီး ကျုပ်ကို အရေးတယူလုပ်လာပြီ။ ကျုပ်မျက်နှာပွင့်သပေါ့ဗျာ။ ဝမ်းသာသပေါ့ဗျာ။

နောက်တစ်ခုရှိလိုက်သေး... ကျုပ်နဲ့ ပတ်သက်ချင်ရင် ခွင့်ပြုမိန့်တင်ရသတဲ့။ သူတို့ခွင့်မပြုရင် ကျုပ်နဲ့ ဆက်ဆံခွင့်မပြုဘူးတဲ့။ ခွင့်ပြုချက်မရဘဲ ဆက်ဆံရင် ထောင်ချမယ့် ဥပဒေရှိတယ်လို့လည်း စည်ပင်ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးသမားကြီးတစ်ယောက်က ခြိမ်းခြောက်သေးသတဲ့။

ဘာပဲဖြစ်ဖြစ် ကျုပ်ကို ဆက်ဆံချင်သူတွေ များလာပြီဗျ။ အခုများဆို လွှတ်တော်အမတ်လောင်းတွေကလည်း ကျုပ်မှကျုပ်။ ဓာတ်ရှင်မင်းသား မင်းသမီးတွေကလည်း ကျုပ်မှကျုပ်ပဲ။ တက်ကြွလှုပ်ရှား လူကြီး လူငယ်များကလည်း ကျုပ်မှ ကျုပ်ပဲ။ ဒါပေမဲ့ ကျုပ် ကျေနပ်သဗျ။

ဟို လုပ်အားပေးခေတ်၊ ပေါ်တာခေတ်၊ ကြက်ဆူခေတ်ကြီးတွေတုန်းကလို တစ်အိမ်တစ်ယောက် မထွက်မနေရဆိုပြီး အော်လံနဲ့လိုက်အော်ပြီး လူစုထွက်လာတာမဟုတ်ဘူး။ အားလုံးက ကိုယ့်အသိစိတ်နဲ့ ကိုယ်ကျုပ်နဲ့ လာပတ်သက်ကြတာ။

အဲ့ အခုချိန်ထိ ကျုပ်နဲ့ပတ်သက်တာကို ရွံစရာ အောက်တန်းစားအလုပ်လို့ သဘောထားတဲ့လူတွေတော့ ရှိတာပေါ့ဗျာ။ ကျုပ်နဲ့တွဲပြီး ဓာတ်ပုံရိုက်ကြတဲ့ လူတွေကိုဆို လှောင်စရာလိုလို မသတီသလိုလို ပေါ်ပင်လုပ်ကြသလိုလို ပြောကြသူတွေလည်း တွေ့ပါရဲ့ဗျာ။

ခက်တာက အခုခေတ်က အရက်ခွက်လေးနဲ့ မိုက်ခွက်လေးကိုင် ဓာတ်ပုံရိုက်တာကျ ဂုဏ်ယူစရာလို့မြင်ပြီး ကျုပ်နဲ့ကျ ရွံစရာလို့မြင်နေကြတာပဲ။ ဒါလည်းပဲ အပြစ်တော့မဆိုသာဘူး။

မလေးရှားကနေ စင်ကာပူဆိုတဲ့ တံငါရွာလေး စခွဲထွက်တော့ သူတို့ခေါင်းဆောင် တရုတ်ကြီးလီက ကျုပ်နဲ့ စပတ်သက်ခဲ့တာ သူတို့မသိသေးလို့ပါဗျာ။ ကျုပ်ကနေ ရွှေဖြစ်တာ သူတို့မသိသေးလို့ပါ။

အဲ့ ကျုပ်လို မလေးမခန့်ကနေ ပြာသာဒ်အထိ မီးတက်လောင်နိုင်တယ်ဆိုတာလည်း သူတို့လေးတွေ မသိသေးလို့ပါ။

ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့နိုင်ငံကလူတွေ အခုလို ကျုပ်ကို အရင်လို ရွံရှာစက်ဆုပ်ပြီ မပတ်သက်စရာကောင်လို့ သဘောမထားတော့တာ ကျေးဇူးတင်ပါတယ်ဗျာ။ ကျုပ်ကို အခုလို အဆင့်ရှိရှိ သန့်သန့်ရှင်းရှင်း ဂရုစိုက်ကြတာမြင်ရတော့ ကျုပ် ပျော်လိုက်တာဗျာ။

အဲ...ခင်ဗျားတို့နဲ့ ကျုပ်အခုလို ဆက်ဆံရေး ပြေလည်သွားတာကို ကဲ့ရဲ့ ပြစ်တင်လှောင်ပြောင်သူတွေကိုလည်း ခင်ဗျားတို့က အပြစ်မမြင်ပါနဲ့။

ကျုပ်ကလား။ 

ကျုပ်ကလည်း သူတို့ကို ပိုပြီးတောင် အပြစ်မမြင်သေးတယ်ဗျာ။

ဟုတ်တယ်လေ...ဘာလို့လဲဆိုတော့ ကျုပ်က ဘဝတူတွေဆို သိပ်ကိုယ်ချင်းစာတယ်ဗျ။ ဟုတ်တယ်... သူတို့နဲ့ ကျုပ်က ဇာတ်တူ ဘဝတူတွေမို့ပါဗျာ။

ကျုပ်နာမည်လား...

ဒီလောက်ပြောလာတာတောင် ခင်ဗျား ကျုပ်ကို မသိဘူး...ဟုတ်လား။ ကိုယ့်ဆရာ...ညံ့ချက်ဗျာ။

ကျုပ်က အခုတစ်လော ဆယ်လီဘရစ်တီ ဖြစ်နေတဲ့ကောင်လေ။ ကျုပ်နာမည် အမှိုက်လေ...အမှိုက်...အမှိုက်တဲ့။

အခုတစ်လော ဆယ်လီဘရစ်တီဖြစ်နေတဲ့ အမှိုက်ပေါ့ဗျ။

ဒါနဲ့... စကားမစပ် ကျုပ်နဲ့ ဘဝတူ လူအမှိုက်တွေကို စိတ်မဆိုးကြပါနဲ့ဗျ...နော့။

ဗြိတိသျှကိုကိုမောင်




  • VIA