News

POST TYPE

SATIRE

ကိုယ်စားလှယ်လောင်းများ လော်မသုံးရ ကားမစီးရ
24-Mar-2019


စည်ပင်ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်ကြသည်။ ရပ်ကွက်ထဲမှာ ပန်းဖလက် လေးတွေဝေ၏။ အမေစုပုံကြီးက အပြူးသား။ အမေစုရော စည်ပင်ရွေးကောက်ပွဲဝင်တာလားလို့...။ နောက်မှ အမေစုက ဟန်ပြ။ မဲရဖို့အတွက်ပေါ့။ တကယ်တော့ အမေစုဝင်ပြိုင်လည်း မြို့တော်ဝန်ဖြစ်မည်မဟုတ်။ မြို့တော်ဝန်လက်အောက်သာရောက်မည်။ အဲ့ဒါဆို အမေစုလည်း တော်တော်လေးစိတ်ညစ်ရမည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်လိမ့်မည်။ 

စည်ပင်ကော်မတီဝင်တွေ ရွေးတာလည်းရွေး။ မြို့တော်ဝန်ကိုလည်း ပြည်သူတွေက ရွေးသင့်ပြီ။ ဒါမှသာ ပြည်သူတွေအကြောင်းကို နားလည်တဲ့...ဘာတွေ ပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသိတဲ့ မြို့တော်ဝန်ဖြစ်လာလိမ့်မည်။ နို့မို့ဆို လက်ရှိ မြို့တော်ဝန်လိုသာဖြစ်မည်။ 

ဟိုတစ်ရက်က အွန်လိုင်းပေါ်တွင် စစ်တမ်းလေးတစ်ခုလုပ်သည်။ လက်ရှိ ရန်ကုန်မြို့တော်ဝန်ကို ဆက်ခန့်မလား၊ ဖြုတ်ပစ်မလားဆိုသည့် မေးခွန်းလေး။ ၈၀ ရာခိုင်နှုန်းကျော်က ဖြုတ်ပစ်မည်ဟု မဲပေးကြသည်။ ဝန်ကြီးချုပ်ကွီးဖြိုးကိုတောင် လူအများက ဆက်လက်ခန့်ထားလိုကြသေးသည်။ မြို့တော်ဝန်ကိုတော့ တော်တော်စိတ်ပျက်နေပုံရ၏။ 

တက်ခါစကတော့ မြို့တော်ဝန်ကို တော်တော်လေး အထင်ကြီးခဲ့ကြသည်။ ဟိုဟာလုပ်မလို ၊ ဒီဟာလုပ်မလို။ နောက်တော့လည်း အရင်လူတွေ လမ်းစဉ်သာလိုက်တော့သည်။ 

စမ်းချောင်းအမတ်က ငဖြီးကြီးလို့ပြောလိုက်တော့ ပိုဆိုးသည်။ ပါတီတူလူတွေကတောင် သူ့ကို မကြိုက်ကြတော့...။ သူ့လက်ထက် ဘာမှ ထူးထူးခြားခြားပြုပြင် ပြောင်းလဲမှုမရှိ။ အရင်အစိုးရလက်ထက်တုန်းက လုပ်လက်စအလုပ်များကိုသာ မှိန်းလုပ်နေရရှာသည်။ 

လက်ရှိ စည်ပင်ရွေးကောက်ပွဲဝင်ကြသူတွေလည်း သူ့လက်အောက်ကို ရောက်မည်။ မြို့တော်ဝန်ရဲ့လက်အောက်မှာ ဘာတွေများ လုပ်ကိုင်ခွင့်ရမလဲတော့ မသိ။ ပြီးတော့ ဘာတွေများ ပြုပြင်ပြောင်းလဲကြမည်ဟု တွေးထားကြသလဲတော့မသိ။ 

လောလောဆယ်တော့ စည်ပင်ကော်မတီဝင်ဖြစ်ဖို့ အပြိုင်အဆိုင်မဲဆွယ်ကြသည်။ နေ့တိုင်းလမ်းထဲကို ကားတန်းကြီးတွေ ဝင်လာသည်။ ကိုယ်စားလှယ်လောင်းရဲ့အမျိုးတွေအကုန် ကားပေါ်တင်လာပုံရသည်။ လော်စပီကာတွေ ဆောင်းဘောက်ကြီးတွေနှင့် သီချင်းတွေအကျယ်ကြီးဖွင့်။ ဘာလုပ်ပေးပါမယ်၊ ညာလုပ်ပေးပါမယ်၊ ကျွန်တော့်ကို တာဝန်ပေးပါ စသည်ဖြင့် မိုက်ကြီးနှင့်အော်သည်။ 

လမ်းထဲက ကလေးအော်ငိုကြသည်။ ဆူတာကိုး။ ခွေးတွေက အူ။ နားငြီးလို့ထင်သည်။ ဒီအတိုင်းဆို အေးအေးချမ်းချမ်းရှိလှသည့် ရပ်ကွက်လေး သူတို့လာမှပဲ ဆူညံနေတော့သည်။ လော်သံကိုနှိမ်နင်းဖို့ ကိုယ်စားလှယ်တွေကို အားကိုးရမလားလို့။ သူတို့ ပိုလို့တောင် ဆူနေသေးသည်။ အဲ့တော့ လော်သံကိုကြောက်သူတို့ ကိုယ်စားလှယ်လောင်းတွေကို မေတ္တာပို့ကြသည်။ ကိုယ်စားလှယ်လောင်းရဲ့ အဖွဲ့တွေကတော့ ဂရုသိပ်မစိုက်။ ပန်းဖလက်တွေ ဝေကြသည်။ လူတွေကလည်း ပန်းဖလက်တွေကို လမ်းပေါ်ကိုလွှင့်ပစ်။ ကိုယ်စားလှယ် လောင်းတွေလာမှပဲ လမ်းပေါ်မှာ အမှိုက်တွေပွကုန် တော့သည်။ 

ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စရိတ် သိန်း ၂၀၀ ဆိုလား ကန့်သတ်ထားသည်။ အချို့တွေများ သိန်း ၂၀၀ ကျော်လိမ့်မည်ထင်သည်။ မကျော်လည်း သိန်း ၂၀၀ ပေါ့။ ထိုသိန်း ၂၀၀ အလကားကုန်သွားပြီ။ 

နိုင်ရင်တော့ကိစ္စမရှိ။ ရှုံးသွားရင် ပလုံ။ နှမြော ဖို့ကောင်းသည်။ ပြီးတော့ နိုင်သွားသူတွေကရော...။ ကုန်ခဲ့သည့် သိန်း ၂၀၀ ကို ဘယ်လိုပြန်ရှာကြမလဲ။ ကိုယ်စားလှယ်တွေကတော့ ပြည်သူတွေအတွက်၊ မြို့တော်အတွက်၊ တိုင်းပြည်အတွက်လို့ ကြွေးကြော်ကြပေလိမ့်မည်။ ဒါပေမဲ့ ပိုက်ဆံတွေ ကုန်ခဲ့တာကိုတော့ ပြန်မရှာသူ မရှိ။ ရှာကြမည်သာ။ 

ကိုယ့်ပိုက်ဆံ ကိုယ်ကုန်တာ အကြောင်းမဟုတ်။ အချို့ကိုယ်စားလှယ်တွေကျတော့လည်း သိပ်မပြည့်စုံ။ ချေးငှားပြီး ဝင်ပြိုင်ရတာရှိသည်။ အချို့ကတော့ သူများက ထောက်ပံ့ပေးသည်။ စပွန်ဆာပေးတာပေါ့လေ။ နိုင်သွားရင် စပွန်ဆာကို ကျေးဇူးပြန်ဆပ်ရဦးမည်။ 

စပွန်ဆာကို ကျေးဇူးဆပ်ဖို့၊ ကုန်သွားတာတွေ ပြန်ရှာဖို့ တော်တော်လေးတော့ အချိန်ယူရဦးမည်။ ဒီကြားထဲ အရှာမတတ်ရင် တနင်္သာရီဝန်ကြီးချုပ်လို ဖြစ်သွားမှာလည်း စိုးရသေးသည်။ 

ဒါတွေကြောင့် ရွေးကောက်ပွဲတွေမှာ ပိုက်ဆံအများကြီး မသုံးခိုင်းသင့်။ ဖြစ်နိုင်ရင် တစ်ပြားမှကို မသုံးစွဲစေချင်။ ပြီးတော့ လော်စပီကာတွေ၊ ဆောင်းဘောက်တွေလည်း မသုံးခိုင်းသင့်။ ကူညီမည့်လူတွေကိုလည်း မခေါ်သင့်။ ကိုယ်စားလှယ်လောင်းတစ်ယောက်တည်းသာ မဲဆွယ်သင့်သည်။ 

တစ်အိမ်တက်ဆင်း မဲလိုက်ဆွယ်ပေါ့။ ဒါမှ ပြည်သူတွေ ဘာလိုအပ်နေလဲဆိုတာသိမည်။ အခုတော့ ကိုယ်စားလှယ်လောင်းတွေက ကားအကောင်းစားကြီးပေါ်ကနေ ပြောချင်တာတွေပြောသွား။ ပြည်သူတွေ ဘာဖြစ်နေမှန်းလည်း မသိ။ 

ဒါကြောင့် ဘယ်ရွေးကောက်ပွဲမဆို... လော်မသုံးရ၊ လူမသုံးရ။ မိုက်မကိုင်ရ၊ ကားမစီးရ၊ ပိုက်ဆံတစ်ပြားမှ အကုန်မခံရဟူ၍ သတ်မှတ်သင့်သည်။ ကိုယ်စားလှယ် တွေလည်း ကုန်ကျစရိတ်မရှိတော့ ပြန်ရှာဖို့မလုပ်ဘဲ တိုင်းပြည်အတွက် အလုပ်ဖြောင့်ဖြောင့်လုပ်နိုင်မည်။ 

ပြီးတော့... ကားမစီးဘဲ တစ်အိမ်တက်ဆင်း မဲလိုက်ဆွယ်တော့... ကျန်းမာရေးလည်း ကောင်းလိမ့်မည်။ လော်မသုံးတော့ ပြည်သူတွေလည်း လော်ဒဏ်ကင်းဝေးပြီး နားအေးမည်။ ဒါဆို ကလေးတွေလည်း ငိုတော့မည်မဟုတ်။ ခွေးတွေလည်း အူတော့မည် မဟုတ်။ 

စိုပြေ



  • VIA