News

POST TYPE

SATIRE

နတ်ကြီးလေးပါး မြို့တော်အရေး ဆွေးနွေးခန်း
17-Mar-2019


မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ တပေါင်းလဆန်း (၁၁) ရက် ညနေစောင်းအခါသမယ၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားအနီးတွင်ရှိသော နတ်များသာဝင်ရသည့် နတ်ဘားအတွင်း ရန်ကုန်မြို့၏ အထင်ကရ မြို့စောင့်နတ်ကြီးများဖြစ်ကြသော ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တထောင်ဘိုးဘိုးကြီး၊ ဥက္ကလာပဘိုးဘိုးကြီး၊ မှော်ဘီဘိုးဘိုးကြီးတို့ တွေ့ဆုံပြီး အောက်ပါအတိုင်း စည်းဝေးပြောဆိုကြလေသည်ဟူ၏။

ဆူးလေနတ်ကြီး - ဘိုးဘိုးများ ခုလိုမျိုး စည်းဝေးဖြစ်ကြတာ ဝမ်းသာသဗျာ။ ဒါနဲ့ ဗိုလ်တထောင်နတ်ကြီးက တယ်နောက်ကျပါလားဗျာ။

ဗိုလ်တထောင်နတ်ကြီး - ဆောရီး...ဆောရီး...ငှက်ပျောသီးပါပဲ...ဆူးလေဘိုးဘိုးရေ...ကျုပ် နတ်နန်းရှေ့ အုန်းပွဲ ငှက်ပျောပွဲတွေ ပိတ်နေတာနဲ့ မနည်းခွကျော်ထွက်နေရတာနဲ့ နောက်ကျသွားလေရဲ့ဗျာ။ စိတ်များညစ်ပါတယ်။

မှော်ဘီနတ်ကြီး - အောင်မလေး...ဗိုလ်တထောင်ရယ်...ခင်ဗျားလို အာရကေရွှင်တဲ့ ဘောစိဘိုးဘိုးကများ စိတ်ညစ်နေရသေးဗျာ။ အခုလို စာမေးပွဲရက်ဆို ခင်ဗျားဆီ လာဘ်လာဘတွေ နည်းတာမဟုတ်လား။ နောက်ပြီး ဘုရားဖူးတွေလာရင် သူတို့နဖူးကို ခင်ဗျား လက်ညှိုးနဲ့ တစ်ခါထောက်ရုံနဲ့ တစ်ရာဆိုလည်းဟုတ်၊ နှစ်ရာဆိုလည်းဟုတ်...တယ်ခိုင်တာများဗျာ။

ဗိုလ်တထောင်နတ်ကြီး - အောင်မလေး...မထင်နဲ့ ကိုမှော်ဘီရေ...ကျုပ်မှာ တစ်နေ့တစ်နေ့ နဖူးတွေ လာလာထိုးကြလွန်းလို့ လက်ညှိုးလည်း ပုပ်တော့မယ်... ဒါပေမဲ့ ရလာတဲ့ငွေက ကျုပ်နဲ့ မဆိုင်ဘူးဗျ။ အဲဒါ ဘတ်ငွေတွေဗျ။ ဘတ်ငွေတွေ။

ဆူးလေနတ်ကြီး - ဘာဗျ...ဘယ်လို...ဘယ်လို။ ဘတ်ငွေဆိုတော့...ဒီငွေတွေကို ဂေါ...ဂေါ...ဂေါ။

ဗိုလ်တထောင်နတ်ကြီး - ဟာ...ဟေဟေ့...အဲ့ဒီလို တလွဲမတွေးပါနဲ့ဗျာ... တော်ကြာ သတင်းစာထဲ ကျုပ်က အဲ့လိုပြောပါတယ်ဆိုပြီး အဲ့ဒီဂေါတွေက ဘုရားပေါ်က ကျုပ်ကို တရားလာစွဲနေပါ့မယ်ဗျာ... ဒီလိုဗျ... တစ်နေ့တစ်နေ့ ကျုပ်ဆီလာပြီး ပဝါဆက်ကြ၊ လက်ညှိုးထိုးခံရတဲ့လူတွေက ထိုင်းနိုင်ငံသားတွေ များတယ်ဗျ။ ဒီတော့ ဘတ်ငွေတွေ လှူကြတာပေါ့ဗျာ။ အဲ့ဒါပြောတာ။ အဲဒီဘတ်ငွေဆိုသဟာလည်း ကျုပ်လက်ကြားမှာ ခဏကိုင်ရတာပါဗျာ။ ကျန်တာဖြင့် ဂေါပကက ဘုရားကြီးရန်ပုံငွေဆိုပြီး သိမ်းသွားကြတာပါဗျ။ အထင်မကြီးပါနဲ့ ဘိုးဘိုးတို့ရာ။

ဥက္ကလာနတ်ကြီး - ဒါနဲ့ ဘိုးဘိုးတို့ အခုရက်ပိုင်းကြားရတဲ့ သတင်းတွေက အဆန်းပဲဗျ။ ဟော့ဒီ ရန်ကုန်မြို့ကြီးကို စမစီးတီးဆိုလား လုပ်မလို့တဲ့။ 

မှော်ဘီနတ်ကြီး - အလိုဗျာ ကိုဥက္ကလာနှယ့်...အသက်ကြီးတော့ နားတွေများထိုင်းကုန်ပြီလားဗျ...စမစီးတီးလည်း မဟုတ်ဘူး။ အင်းစီးတီးလည်း မဟုတ်ဘူး။ စမတ်စီးတီးဗျ။ စမတ်စီးတီး။ 

ဗိုလ်တထောင်နတ်ကြီး - နို့... စမတ်စီးတီးတင် မဟုတ်ဘူး။ ရွှေတိဂုံစေတီတော်ကြီးကိုပါ စမတ်ဘဂိုးဒါး လုပ်မတဲ့ဗျ။

မှော်ဘီနတ်ကြီး - အလိုနေပါဦး...စမတ်စီးတီး စမတ်စီးတီးနဲ့ တစ်စမတ်တည်း စီးတီးနေတဲ့ ဘိုးဘိုးတို့ စမတ်စီးတီးဆိုတာ ဘာများလဲ သိရောသိကြလားဗျ။

ဆူးလေနတ်ကြီး - မသိဘူးလေဗျာ... သူတို့က စမတ်ဆိုတော့ ကျုပ်တို့လည်း လိုက်စမတ်ရတာပေါ့။ သူတို့က မြေအောက်မြို့တော်ဆိုတုန်းကလည်း ကျုပ်တို့မှာ မြေအောက်လိုက်ရတာပဲကိုး။

မှော်ဘီနတ်ကြီး - အိမ်း...မြို့ပေါ်နေတဲ့ အဘိုးကြီးတွေဖြစ်ပြီး ကြားမြင်သုတ တယ်နည်းကြသကိုးဗျ။ မသိရင်မှတ်ထားကြ။ စမတ်စီးတီးဆိုတာ ပြည်သူလူထုအတွက် လုံလုံခြုံခြုံ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တဲ့ ဝန်ဆောင်မှုတွေပေးတဲ့ မြို့ကြီးကို ဆိုလိုတာဗျ။

ဗိုလ်တထောင်နတ်ကြီး - ကိုမှော်ဘီက အစွန်အဖျား နေပေမင့် ဗဟုသုတက ကြွယ်ဝသကိုးဗျ။ နို့ဒါနဲ့...အဲ့ဒီစမတ်စီးတီးကြီးမှာ အခု ရန်ကုန်မြူနီစီပယ်က မြို့ထဲက ပလက်ဖောင်းဘေးတွေမှာ ဈေးရောင်းခွင့်မပေးတော့ဘူးဆိုတော့ နေရာကျယ်ကျယ်ဝန်းဝန်း တော်တော်ရှိလာမှာပဲဗျ။

ဆူးလေနတ်ကြီး - မထင်နဲ့ ...ကိုမှော်ဘီရေ...လမ်းဘေးဈေးသည်တွေ မရှိပေမင့် ဘယ်ကမှန်းမသိတဲ့ မော်တော်ကားတွေက အဲ့ဒီနေရာတွေမှာ ဖင်ထိုးခေါင်းထိုးနဲ့ နေရာယူကြသဗျိုး။ ဈေးဗန်းခွကျော်ရတဲ့ ဒုက္ခကလွတ်ပြီး ကားဖင်ရှောင်ရတဲ့ဒုက္ခ တိုးလာတာပါပဲ...ငှဲငှဲ

ဥက္ကလာနတ်ကြီး - ရန်ကုန်မြို့အရေးတွေချည်း ဘိုးဘိုးတို့က ပြောနေတော့ ကျုပ်တို့ လာလတ္တံ့သော စမတ်နိုင်ငံတော်ကြီးရဲ့ ငြိမ်းချမ်းရေးအခြေအနေရော ဘာများထူးသတုံးဗျ။

မှော်ဘီနတ်ကြီး - စမတ်တိုက်ပွဲတွေ တဝုန်းဝုန်းဖြစ်လို့ စမတ်ပြည်သူတွေ စမတ်ကျကျ မာလကီးယား နေကြတုန်းပါပဲဗျာ။ တစ်လောက ရခိုင်ဘက်က နတ်ကြီးတွေတောင် ဒီဘက် စစ်ဘေးလာရှောင်မယ် သတင်းကြားနေတယ်။

ဥက္ကလာနတ်ကြီး - အေးလေ...အေးလေ... ဒီဘက်လာရှောင်တော့ သူတို့လည်း ကျုပ်တို့လို စမတ်ဘိုးဘိုးကြီးတွေ ဖြစ်ရတာပေါ့...ကောင်းပါလေ့။

ဆူးလေနတ်ကြီး - နို့...ငြိမ်းချမ်းရေးအတွက်ဆိုပြီး လမ်းလျှောက်ကြ၊ ဆိုင်ကယ်စီးကြတာတွေ လုပ်နေတဲ့သူတွေသာ လမ်းလျှောက်ရင်း မြောက်ဝင်ရိုး စွန်းရောက်သွားမယ်။ ဒီမှာကတော့ လက်နက်ကိုင်အဖွဲ့တွေ တိုးပြီးရင်းတိုးပဲဗျ။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို ကယ်တင်ချင်တဲ့ ကယ်တင်ရှင်ကြီးတွေ တယ်များကြသကိုးဗျ။

ဗိုလ်တထောင်နတ်ကြီး - ဒါပေါ့ဗျာ...အဲ့ဒီ မီးပေါက်လက်နက်ကိုင်တဲ့ အုပ်စုတွေအားလုံးက ပြည်သူတွေကို ကယ်တင်မယ့်သူတွေချည်းပါပဲ။ သူတို့ ကယ်တင်ပေးလိုက်တာ တောင်ယာလုပ်စရာမလိုဘဲ ဒုက္ခသည်စခန်းတွေမှာ သူများလှူတာ ထိုင်စားတဲ့ ဘဝတန်းရောက်ပြီး စမတ်ပြည်သူဖြစ်ကုန်တာပဲ ကြည့်။

မှော်ဘီနတ်ကြီး - ဟေ့...ဟေ့...ဗိုလ်တထောင်... ခင်ဗျားနှယ် ...သတိထားပါဗျာ...ဘယ့်နှယ် ခုခေတ်စားနေတဲ့ ၆၆ ဃ နဲ့ ငြိနေမှ နတ်အိုကြီးတန်မဲ့ ကားပြာကြီးစီးနေရပါ့မယ်ဗျာ။ အစိုးရ၊ အတိုက်အခံ ကြိုက်တာကို ပြောလို့ရတယ်... မီးပေါက်လက်နက်သမားတွေကိုတော့ အပြောအဆို သတိထား...နော့။ ကျုပ်လည်း နတ်ပေမယ့် သူတို့တော့ ကြောက်တယ်ဗျ။

ဥက္ကလာနတ်ကြီး - အခုတစ်လော ဟော့နေတဲ့ စည်ပင်ရွေးကောက်ပွဲကိစ္စရော ဘယ့်နှယ် မြင်သတုံး ဗျိုး။

ဆူးလေနတ်ကြီး - စာရေးဆရာတွေရော၊ လူရွှင်တော်တွေရော၊ အလှမယ်တွေရော ဝင်ပြိုင်ကြသဗျာ။ မသိရင် မြို့တော်သိန်းအောင် ဇာတ်ပွဲကျလို့။

မှော်ဘီနတ်ကြီး - အလိုလေး...ကိုဆူးလေရဲ့ ပြောလိုက်ရင်ဖြင့် ဒီလိုချည်းပဲ။ ဘယ့်နှယ်...ဒီလို ပြည်သူ့အချစ်တော်တွေ ဝင်ပြိုင်တာ ကောင်းတာပေါ့။ နို့ စည်ပင်ကောင်စီအတွက်... စာရေးဆရာဆိုရင်တော့ တယ်မဆိုးဘူးပဲ။

ဆူးလေနတ်ကြီး - အိမ်း...မှော်ဘီရယ်...တော် ပြီဟယ်...စာရေးဆရာဆို ဟိုဝန်ကြီးနဲ့တင် လုံလောက်ပါပြီ။ ကြောက်နေပါပီဟယ်။

ဗိုလ်တထောင်နတ်ကြီး - နို့...ဒါဖြင့် လူရွှင်တော်ဆိုရင်ရောဗျာ။

ဥက္ကလာနတ်ကြီး - မလုပ်ကြပါနဲ့။ အခု လက်ရှိ ဆရာကြီးတွေ လေနဲ့တင် ပြည်သူမှာ ရယ်နေရတာ။ လူရွှင်တော်ကြီးသာ ထပ်ပါလာရင် ပြည်သူတွေ အူတက်သေကုန်ပြီး စမတ်မသာဖြစ်ကုန်ပါ့မယ်။

ဆူးလေနတ်ကြီး - နို့...ဒါဖြင့်...အလှမယ်လေး ဆိုရင်ရောဗျာ။

မှော်ဘီနတ်ကြီး - အိမ်း...ဒါကတော့...မြို့တော်ကြီး စမတ်မဖြစ်တောင် ဒုမြို့တော်ဝန်လေးက စမတ်ဖြစ်ရင် မဆိုးဘူးဗျ။ 

ဗိုလ်တထောင်နတ်ကြီး - ဟုတ်ပ...ဟုတ်ပ...မြို့တော်ကြီး ကြည့်ချင်ဖွယ်မဖြစ်တောင် မြို့တော်ဝန်က ကြည့်ချင်ဖွယ်ဖြစ်ရင်...

ဆူးလေနတ်ကြီး - တော်တော့...တော်တော့...ဘိုးဘိုးတို့...ခင်ဗျားကြီးတို့ဟာ လူ့ဘဝကအကျင့်တွေ တယ်မပျောက်ကြသေးဘူး။ ကဲကဲ...ဒီနေ့ ခင်ဗျားတို့ကို စည်းဝေးရတဲ့အကြောင်းထဲက အဓိက အရေးကြီးတာတစ်ခုပြောရဦးမယ်...စမတ်မြို့တော်ကြီးကိစ္စ ပြီးတော့ မြို့သစ်စီမံကိန်းဆိုတာလည်း လာဦးမတဲ့ဗျ။

မှော်ဘီနတ်ကြီး - အလို...ဒါဆို...မြို့စောင့်နတ် အသစ်လာဦးမှာပေါ့လေ။

ဆူးလေနတ်ကြီး - မှန်ပ...မှန်ပ...စီမံကိန်းဖြစ် ရင်တော့ မြို့စောင့်နတ်ကြီး အသစ်ထပ်တိုးမှာပေါ့...ဘိုးဘိုးတို့...ဒီတော့...ကနေ့ကစပြီး ကျုပ်တို့ နတ်ကြီးများ ညနေ သုံးနာရီတိုင်း သင်တန်းတက်ရမယ်ဗျာ။

ဥက္ကလာနတ်ကြီး - နို့...ဘာသင်တန်းတုံးဗျ။

ဆူးလေနတ်ကြီး - မြို့သစ်စောင့်နတ်ကြီးဟာ တရုတ်ပြည်ကလာမယ့် နတ်ကြီးမို့...သူနဲ့ဆက်ဆံဖို့က ကျုပ်တို့ တရုတ်စကားပြောတတ်ဖို့ လိုတယ်လေ... ဒါကြောင့် ဒီနေ့ကစပြီး တရုတ်စကားပြောသင်ကြမယ်ဗျိုး။

ထို့နောက်တွင် တက်ရောက်လာသော နတ်ကြီးများမှ ဝေါမီးသောဖော သုံးကြိမ်ရွတ်ဆိုပြီး အစည်းအဝေးအား ရုပ်သိမ်းလိုက်ကြလေတော့သတည်း။

ဗြိတိသျှကိုကိုမောင်



  • VIA