News

POST TYPE

SATIRE

အစိုးရကို အပေါင်ထားလို့ ဘဏ်မှာ ငွေချေးစို့
10-Mar-2019


နောက်ငါးနှစ်ဆိုလျှင် စိုပြေ ချမ်းသာပြီ။ လူဆိုတာ အကြံလေး ပလန်လေး ရှိမှ။ စိုပြေကတော့ နောက်ငါးနှစ်ဆို ချမ်းသာဖို့ ပလန်လေးချထားသည်။ စိုပြေတင်မဟုတ်။ စိုပြေ့သူငယ်ချင်း ကျော်စိုးပါ ချမ်းသာမှာ။ 

စိုပြေ့ သူငယ်ချင်း ကျော်စိုးကို အချို့လည်း သိကြမည်။ အချို့လည်း မသိကြ။ အခု အမတ်ဖြစ်နေမှန်းတော့ သိသူရှားသည်။ ကျော်စိုးက အကပ်ကောင်း၊ အဖားကောင်း။ အဲ့တော့ လူကြီးတွေရွေးတာနဲ့ အမတ်ဖြစ်လာခဲ့သည်။ ပြည်သူက ရွေးတာမဟုတ်လားလို့ မေးစရာရှိသည်။ ပြည်သူတွေကလည်း လူကြီးတွေ ရွေးခိုင်းတာကိုပဲ ရွေးကြတာလေ။ ဒီတော့ အရူးနဲ့ လူသေတွေတောင် နိုင်သည့်ပွဲမှာ ကျော်စိုးလည်း အမတ်ဖြစ်လာခဲ့သည်။ 

အမြှောက်အပင့်တော်သော ကျော်စိုးကို လူကြီးတွေက သဘောကျကြသည်။ ဒါကြောင့် စိုပြေ့ သူငယ်ချင်းကြီး ကျော်စိုးသည် လာမည့် ၂၀၂၀ တွင် ရိုးရိုးအမတ်တော့ မဖြစ်နိုင်...။ ဝန်ကြီးချုပ်လောက်ဖြစ်ရမည်ဟု ပါတီတွင်း ရေပန်းစားနေပြန်သည်။ ကျော်စိုးကိုယ်တိုင်ကလည်း ဝန်ကြီးချုပ်ဖြစ်ရန်အတွက် ပြင်ဆင်နေ၏။ ထူးထူးထွေထွေ ပြင်ဆင်တာတော့ မဟုတ်ပါ။ ပြီးတော့ ထိုလူတွေနဲ့ကလည်း ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ မဟုတ်လား။ ထိုခရိုနီတွေ ထောက်ခံချက်နဲ့လည်း ကျော်စိုးတစ်ယောက် ဝန်ကြီးချုပ်ဖြစ်လာနိုင်သည်။ 

ဒါတွေကြောင့် ကျော်စိုးသည် ဝန်ကြီးချုပ်ပိုးဝင်နေပြီ။ ကျော်စိုး ဝန်ကြီးချုပ်ဖြစ်လျှင်တော့ စိုပြေ့အတွက် ခွင်ပဲပေါ့။ ကျော်စိုးဟာ စိုပြေနဲ့ အရင်းနှီးဆုံး မဟုတ်လား။ အမတ်မဖြစ်ခင်က စိုပြေ့ဆီက ပိုက်ဆံချေးနေကြ။ အရက်ကပ်သောက်နေကြကောင်ဆိုတော့...။ ဝန်ကြီးချုပ်ဖြစ်လာလျှင်တော့ စိုပြေပွပြီ။ စိုပြေပွလျှင် ကျော်စိုးလည်း ပုပ်ပြီ။

ကျော်စိုး ဝန်ကြီးချုပ်ဖြစ်ပါက စိုပြေဟာ သေးသေးမွှားမွှားမလုပ်။ ကားလိုင်းထောင်၊ လှေထောင်တာလောက်က ပျင်းဖို့ကောင်းသည်။ အကြီးကြီးတွေပဲ ချမည်။ 

ပထမဆုံး လေယာဉ်ပျံကုမ္ပဏီထောင်မည်။ မြန်မာပြည်အနှံ့ လေယာဉ်တွေ ပြေးဆွဲမည်။ အချို့က မဖြစ်နိုင်ဟုထင်ကြမည်။ တကယ်တော့ မြန်မာပြည်တွင် လေယာဉ်ကွင်းတွေက တော်တော်ပေါသည်။ လေယာဉ်ကွင်း အများဆုံးနိုင်ငံဟုတောင် ပြောလို့ရသည်။ မြို့တိုင်းနီးပါးတွင် လေယာဉ်ကွင်းတွေရှိသည်။ အင်္ဂလိပ်ခေတ်ကတည်းက ဆောက်ထားတဲ့လေယာဉ်ကွင်းတွေ။ အခုနောက်ပိုင်း လေယာဉ်တွေမလာတော့ ကွင်းတွေလည်း ချုံထူနေပြီ။ 

ပထမဦးစွာ လေယာဉ်ကွင်းချုံများကို ရှင်းရမည်။ လေယာဉ်ကွင်းချုံရှင်းခတွေကလည်း အားလုံးသိသည့်အတိုင်း တစ်ကွင်းကို သိန်း ၄၀၀၀။ မြန်မာပြည်မှာ လေယာဉ်ကွင်းက အသုံးပြုလို့ရတာ ၄၁ ကွင်းပဲ ရှိသည်။ အသုံးပြုလို့ မရသည့်ကွင်းကတော့ ၁၀၀ ကျော်လောက် ရှိသည်။ လေယာဉ်ကွင်းက ချုံရှင်းတာ နဲ့ စိုပြေတို့ သိန်းပေါင်း ၄ သိန်း လောက်ပွပြီ။ လေယာဉ်ပြေးလမ်းပြန်ခင်းတာတွေ၊ အဆောက်အအုံဆောက်တာတွေ မပါသေး။ 

ပြီးလျှင်တော့ စိုပြေ လေယာဉ်တွေဝယ်မည်။ လေယာဉ်ဝယ်ဖို့က ဈေးကြီးသည်။ ဒီတစ်ခါတော့ ကျော်စိုးကိုပဲ အကူအညီတောင်းရမည်။ ဘဏ်က ငွေချေးဖို့ကို ကူညီပေးဖို့ပေါ့။ 

ဘဏ်တွေကလည်း အပြင်လူတွေ ငွေချေးရင်သာ အိမ်ရှိမှ၊ မြေရှိမှ။ အိမ်ဈေးဖြတ်တော့လည်း နည်းနည်းလေး။ အလုပ်တွေက ရှုပ်သေး။ 

ကျော်စိုး ထောက်ခံပေးရင်တော့ ဘာအပေါင်ပစ္စည်းမှ မလို။ အခုဆို သူထောက်ခံလို့ ဘဏ်က ငွေချေးပေးလိုက်သည်။ ခရီးသည်တင်ယာဉ်လိုင်းတွေထောင်မည့် ကုမ္ပဏီတွေကိုပေါ့။ ဒါပေမဲ့ ငွေပြန်မဆပ်လို့ ဘတ်စ်ကားတွေသိမ်းမည်ဟု သတင်းကြားနေရသည်။ ဘတ်စ်ကားတွေကိုသာ ဘဏ်က သိမ်းလိုက်ရင်တော့ ပြည်သူတွေ ကျန်းမာရေးကောင်းပြီ။ လမ်းတွေ လျှောက်ရတော့မည်။ စက်ဘီးတွေ စီးရတော့မည်။ 

ဘဏ်ကလည်း ကားတွေ အများကြီးကိုင်ထားပြီး ဘာလုပ်မတုံး။ ပြန်ရောင်းလို့လည်း လွယ်မှာမဟုတ်။ အိမ်စီးကားမှ မဟုတ်တာ။ ကားပါကင်ကလည်း ရှားကရှားနဲ့။ ဒါဆို ဘဏ်ကလည်း ဝန်ထမ်းတွေကို ကားမောင်းခိုင်းရတော့မည်။ ကားပေါ်မှာပဲ ဘဏ်တွေဖွင့်ပြီး ရွေ့လျားဘဏ်လုပ်ရင်တောင်ဖြစ်သည်။ လူတွေလည်းစီးလို့ရ။ ဘဏ်လုပ်ငန်းလည်း လုပ်လို့ရ။ ပြည်သူတွေကလည်း ဘဏ်သွားစရာမလိုတော့။ ဘဏ်ကားစောင့်ပြီး ငွေလွှဲတာ၊ ငွေအပ်တာ၊ ငွေထုတ်တာလုပ်လို့ရမည်။ တော်တော်လေးကောင်းသည်။ ခရီးသည်တင်ယာဉ်တွေကို ဘဏ်က မြန်မြန်သိမ်းဖို့တောင်းဆိုရမည်။ ဒါမှ ဝန်ထမ်းချောချောလေးတွေကို ကားပေါ်မှာ မြင်ရမည်။ ထားပါတော့လေ...။ စိုပြေက အဲ့လို အသေးအဖွဲလေးတွေကို သိပ်စိတ်မဝင်စား။ 

လေယာဉ်ပျံတွေပဲဝယ်မည်။ ဖြစ်နိုင်လျှင် ဒုံးပျံတွေဝယ်ပြီး စကြဝဠာအထိပါ လိုင်းပြေးလိုက်ချင်သေးသည်။ ဒါပေမဲ့ လေယာဉ်ပျံလောက်ပဲကောင်းမည်။ စကြဝဠာအထိဆို လူတွေ သိပ်ယုံကြမည်မဟုတ်။ 

ကျော်စိုးထောက်ခံချက်နဲ့ ဘဏ်တွေက ပိုက်ဆံလိုက်ချေးမည်။ ဘဏ်တွေက အပေါင်တောင်းလျှင် အစိုးရရုံးကြီးနဲ့ လွှတ်တော်ကို အပေါင်ထားမည်။ ကျော်စိုးက ဝန်ကြီးချုပ်ဆိုတော့ အဲ့ရုံးကြီးက ဂရန်တွေ ကျော်စိုးဆီမှာ ရှိလောက်သည်။ လိုအပ်လျှင် ရန်ကုန်မြို့သစ်ကြီးကိုပါ အပေါင်ထားလိုက်မည်။ 

ဘဏ်ကို တစ်ဘဏ်တည်းက မချေး။ လေယာဉ်ပျံ ဝယ်မှာဆိုတော့ ငွေတွေ အများကြီးလိုမှာ။ ခရီးသည်တင်ယာဉ်ထက် အဆ ၁၀၀ လောက် ကုန်မှာ။ ဒါကြောင့် ဘဏ်တွေမျှပြီး ပိုက်ဆံချေးမည်။ စိုပြေ့ပလန်ထဲတွင် ဒေါ်လာ ၁၀ ဘီလီယံလောက်ရအောင်ရှာမည်ဟု တွေးထားသည်။ အဲ့လောက်မရလည်း ကိစ္စမရှိ။ ၅ ဘီလီယံလောက်လည်း ဖြစ်သည်။ 

ပြီးလျှင်တော့...။ ဘာလေယာဉ်မှ ဝယ်မည်မဟုတ်။ ပိုက်ဆံတွေအကုန်လုံးသယ်ပြီး ပြေးမည်။ ဒေါ်လာတွေအဖြစ်ပြောင်းပြီး နိုင်ငံခြားဘဏ်စာရင်းထဲ ထည့်မည်။ မြန်မာပြည်ကလည်း နေချင်စရာမှ မကောင်းတာ။ 

ဒါတွေအကုန်လုံးကို ၂၀၂၄ ခုနှစ်တွင် လုပ်မည်။ ဒါဆို လူကြီးတွေဟာလည်း နောက်ရွေးကောက်ပွဲအတွက် လုံးပန်းနေရတာနဲ့ ဝန်ကြီးချုပ်ကျော်စိုးကို ဆူနိုင်မည်မဟုတ်။ ပြီးရင် ကျော်စိုးလည်း ပြေးပေတော့။ ဘဏ်က လွှတ်တော်နဲ့ အစိုးရရုံးကို သိမ်းချင်လည်း သိမ်းပစေပေါ့လေ။ အစိုးရရုံးထဲမှာ ဘဏ်ဖွင့်လို့ရတာပေါ့။ 

ပြည်သူတွေကလည်း စိုပြေနဲ့ ဝန်ကြီးချုပ်ကျော်စိုးကို စိတ်ဆိုးမည်မထင်။ ခရိုနီတွေဆီက ပိုက်ဆံတွေ ယူပြေးတာ ဝမ်းတောင်သာနေကြဦးမှာ။ ဟုတ်တယ် မဟုတ်လား...။ 

စိုပြေ