News

POST TYPE

SATIRE

စိုပြေ့မြို့သစ်
24-Feb-2019



စိုပြေလည်း မြို့သစ်ကြီးတစ်ခုထောင်မလို့...။ တရုတ်တွေတောင် ရန်ကုန်မှာ မြို့သစ်လာ လုပ်သေးတာပဲ။ စိုပြေကရောဘာလို့မလုပ်နိုင်ရမှာလဲ။ ဒါကြောင့် အစိုးရနဲ့ တည့်အောင် ပေါင်းတော့မယ်။ 

အရင်လို အစိုးရကို မစော်ကားတော့ဘူး။ လိမ်လိမ်မာမာနေမယ်။ ပြီးရင် အစိုးရဆီက လုပ်ကိုင်ခွင့်ကျအောင် လာဘ်ထိုးသင့်ထိုး၊ ခြေထိုးသင့်ထိုးရမှာပဲ။ 

တရုတ်တွေက ရန်ကုန်မြို့သစ်စီမံကိန်းကို လုပ်မယ်။ မြေဧက သုံးသောင်းကျော်ရတယ်။ ရန်ကုန် တစ်ဖက်ကမ်းမှာ။ တစ်ဧကကို မြန်မာငွေနဲ့ဆို သိန်း ၃၀၀ ဝန်းကျင်ပဲပေးရတယ်တဲ့။ ပြီးတော့ လုပ်မယ့် စီမံကိန်းကလည်း တရုတ်ပြည်က ငွေချေးပြီးလုပ်မှာ။ အတိုးက ၁၃ ရာခိုင်နှုန်းတဲ့။ ပြည်တွင်းမှာ ချေးလည်း ၁၃ ရာခိုင်နှုန်းပဲမဟုတ်လား။ 

ပြီးတော့ တရုတ်ကုမ္ပဏီက ရတဲ့အကျိုးအမြတ် ရဲ့ ၉၅ ရာခိုင်နှုန်းကို ယူမယ်တဲ့။ မြန်မာက ၅ ရာခိုင်နှုန်း ရမှာပေါ့လေ။ အတိုးကလည်း မြန်မာပြည်က ပေးရမယ်။ အကြွေးကျေတော့မှ မြန်မာက ၂၅ ရာခိုင်နှုန်း အမြတ်ရမယ်။ 

တရုတ်အတွက်တော့ အားသာချက်တွေချည်းပဲ။ အတိုးကလည်း ရဦးမယ်။ အမြတ်ကလည်း ရာနှုန်းပြည့်ရဦးမယ်။ ဒီတော့ မြန်မာအတွက် ဘာကျန်တုံး။ အကြွေးတွေကျန်မယ်ထင်တာပဲ။ လုပ်မယ့်ကုမ္ပဏီက နိုင်ငံတကာမှာ နာမည်ပျက်နေတဲ့ကုမ္ပဏီ။ လာဘ်ထိုးတာ နာမည်ကြီး။ စီမံကိန်းတွေက ဈေးကြီး။ အချို့က နာမည်ပျက်ပါသွင်းထားသေး။ 

အဲ့တော့...။ မြန်မာပြည်ကမြေတွေ ပေးလိုက်ရပြီး မြန်မာပြည်အတွက် ဘာမှမကျန်တဲ့ စီမံကိန်းကို တောင်တရုတ်တွေနဲ့လုပ်နေသေးတာပဲ။ စိုပြေနဲ့ရော ဘာလို့ မလုပ်ရမှာတုံး။ 

စိုပြေက နာမည်ပျက်ကလည်း မရှိ။ ရတဲ့အမြတ်ကိုလည်း အစိုးရကို အများကြီးပေးဦးမယ်။ ဘဏ်တိုး တွေကိုလည်း အစိုးရက ပေးစရာမလို...။ အဲ့တော့ အစိုးရလည်း စဉ်းစားသင့်ပြီ။ အခု စီမံကိန်းကတော့ တရုတ်နဲ့စာချုပ်ချုပ်ပြီးပြီမို့ ထားလိုက်ပါတော့လေ။ 

စိုပြေ့ကို စီမံကိန်းအသစ်တစ်ခုပဲချပေးလိုက်။ အဲ့လို စီမံကိန်းချပေးလိုက်ရင် စိုပြေဟာ အစိုးရကို ဖောင်းမထုတော့ဘူး၊ မဝေဖန်တော့ဘူး။ အစိုးရ ဘာလုပ်လုပ် ကောင်းတယ်ဆိုပြီး လော်ဘီလုပ်ပေးမယ်။ အော်ဇီက လော်ဘီထက် သာစေရမယ်။ 

စိုပြေလိုချင်တဲ့နေရာက အကျယ်ကြီးလည်း မဟုတ်ပါဘူး။ ရန်ကုန်-မန္တလေး အမြန်လမ်းဘေး ဘယ်နေရာဖြစ်ဖြစ်ရတယ်။ ဧက ငါးထောင်လောက်ပဲပေး။ တအားကြီးကျယ်တော့လည်း မကောင်းဘူး။ ကျူးကျော်တွေကို ကြောက်ရသေးတယ်လေ။

မြေဈေးကတော့ တရုတ်တွေကိုရောင်းတဲ့ဈေးနဲ့ ပေးလည်းဖြစ်တယ်။ တရုတ်ကို တစ်ဧက သိန်း ၃၀၀ နဲ့ ပေးတာဆိုတော့... မြန်မာနိုင်ငံသားမို့ တစ်ဧကကို သိန်း ၁၅၀ နဲ့ပေးချင်လည်းရတယ်။ ကိစ္စမရှိဘူး။ သိန်း ၃၀၀ နဲ့ဆိုရင် ဧက ၅၀၀၀ အတွက် အစိုးရကို သိန်းပေါင်း တစ်သိန်းခွဲပေးရမယ်။ အစိုးရက အဲ့ငွေကိုယူပြီး ဒူးနှန့်နေရုံပဲ။ တရုတ်နဲ့ လုပ်သလို အတိုးတွေလည်းပေး နေစရာမလိုဘူး။ 

စိုပြေ အဲ့မြေတွေရရင် ဘာမှမလုပ်ဘူး။ အကွက်ဖော်မှာ။ အခုခေတ်က အကွက်ဖော်တာ ခေတ်စားနေတယ်လေ။ ဧကလိုက်ရောင်းတာ ရှားသွားပြီ။ လူတိုင်း အကွက်ဖော်ပြီးပဲ ရောင်းတော့တယ်။ 

တစ်ဧကကို ပေ ၄၀ ပေ ၆၀ အကွက်ပေါင်း ၁၈ ကွက်လောက်ရတယ်တဲ့။ အဲ့တော့ စိုပြေဟာ အဲ့မြေမှာ ဘာမှမဆောက်ဘူး။ မြေကြီးပဲရောင်းစားမယ်။ လမ်းလေးဘာလေးတော့ ဖောက်ပေးရမှာပေါ့လေ။ ပြီးရင် ပေ ၄၀ ပေ ၆၀ တစ်ကွက်ကို သိန်းငါးဆယ်နဲ့ပဲရောင်းဦး။ ဝယ်မယ့်လူတွေ တန်းစီနေမှာပဲ။ အချို့ဆို လေးငါးကွက်တောင် ဝယ်ဦးမယ်။ 

ဧက ငါးထောင်မှာ ပေ ၄၀ ပေ ၆၀ အကွက်ပေါင်း ၉၀,၀၀၀ ရမယ်။ ဒါဆို တစ်ကွက်ကို သိန်းငါးဆယ်နဲ့ပဲ ရောင်းဦး။ သိန်းပေါင်း လေးသိန်းငါးသောင်း (၄ဒသမ ၅ ဘီလီယံ) ရမယ်။ ဘာမှမလုပ်ဘဲ အကွက်ဖော်ရောင်းတာနဲ့တင် ကျပ်သိန်းပေါင်း ၃ သိန်းလောက် မြတ်နေပြီ။ ဒေါ်လာနဲ့ဆို သန်း ၂၀ လောက်ရှိမယ်။ ဘယ်လောက်မိုက်လိုက်သလဲ။ ဒါတောင် အကြမ်းဖျင်းပဲ ရှိသေးတယ်။ 

အခုဆို မြို့တော်ဝန်နဲ့ ဂိတ်ကြေးကိစ္စပြဿနာတက်ပြီး လမ်းပိတ်လိုက်တဲ့ မင်္ဂလာဒုံက ဇေကမ္ဘာဆိုရင်လည်း ဒီလိုပဲလေ။ အစိုးရဆီက ဈေးပေါပေါနဲ့ မြေတွေဝယ်။ ပြီးတော့ တံတိုင်းခတ်ပြီး အကွက်ဖော်။ အိမ်ကွက်တင်မဟုတ်။ စက်မှုဇုန်အကွက်ပါဖော်တာ။ သူဆို ဈေးတွေတောင် ပိုကြီးသေးတယ်။ တစ်ကွက်ကို သိန်းကို ထောင်နဲ့ချီတယ်။ စိုပြေ့မြေတွေကတော့ အဲ့လောက် ဈေးကြီးကြီးနဲ့ မရောင်းပါဘူး။ 

ပြီးရင်တော့... အဲ့မြို့ကြီးကို စိုပြေကိုယ်တိုင် အုပ်ချုပ်မယ်။ အစိုးရက အုပ်ချုပ်လည်း တိုးတက်မှာမှ မဟုတ်တာ။ အစိုးရအုပ်ချုပ်မင်းလုပ်နေတဲ့ ဘယ်နားကြည့်ကြည့် တိုးတက်တာမရှိ။ ဒီတော့ ကိုယ်တိုင်အုပ်ချုပ်ရင် တိုးတက်နိုင်သေးတယ်လေ။ 

စိုပြေအုပ်ချုပ်ရင်တော့... အဲ့မြို့သစ်မှာ...။ လောင်းကစားပေါင်းစုံ ရအောင်လုပ်ပေးမယ်။ အရက်ပေါင်းစုံရမယ်။ အမေရိကမှာတောင်ခွင့်ပြုတဲ့ ဆေးခြောက်လည်းရမယ်။ ဟိုဟာဒီဟာတွေလည်း ရစေမယ်။ 

အမေရိက,က Las Vegas လိုပေါ့။ ပြီးရင်တော့ အဲ့မြို့ကို Free State of Sopyay ဆိုပြီး နာမည်ပေးလိုက်မယ်။ 

လွတ်လပ်သော စိုပြေ့နယ်ပေါ့လေ။ 

စိုပြေ