News

POST TYPE

SATIRE

စနစ်ကို အရက်တိုက် ချိန်းမည်
17-Feb-2019


ဒါက ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲဝင်မယ့် စည်ပင်သာယာလူကြီးလောင်း မောင်ဗြိ၏ မဲဆွယ်ကြွေးကြော်သံ။

မောင်ဗြိဆိုသည်က လေထဲမှာ တိုက်အိမ်ဆောက်၊ ခြင်ထောင်ထဲ ဘုရားတည်သည့် လက်တွေ့မကျသည့် အလုပ်တွေ စိတ်မဝင်စား။ လက်တွေ့ကျကျလုပ်တတ်သည့် မာင်ဗြိဖြစ်သည်။

မော်ဒယ်လ်တွေ၊ အလှမယ်တွေ၊ လူရွှင်တော်တွေပင် စည်ပင်လူကြီးလုပ်ဖို့ ရွေးကောက်ပွဲဝင်နေသည့် ခေတ်ကာလကြီးဝယ် စာတိုပေစ ရေးစားနေသော မောင်ဗြိသည်လည်း သူ၏ ဥပဓိရုပ်ကြီး ဗန်းပြကာ စည်ပင်ရွေးကောက်ပွဲသို့ ဝင်ခဲ့ခြင်းပင်။

“စနစ်ကို အရက်တိုက်ပြီးချိန်းမည်”

မှန်၏။

လူတို့၏ သဘောကား ဘယ်လောက်ပင် ခေါင်းမာမာ အရက်တိုက်လိုက်လျှင် ပျော့ပျောင်းသွားသည်။ ဘယ်လောက်ပင် စိတ်ဆိုးဆိုး အရက်တိုက်လိုက်လျှင် ခွင့်လွှတ်တတ်သည်။ အရက်က လူတွေကို Head Power ကနေ Soft Power ဖြစ်သွားစေသည်။ ဒါက သေရည်တည်းဟူသော အရက်၏ စွမ်းပကားပင်။

စနစ်ဆိုသည်မှာလည်း သူ့ဘာသာ ပေါ်လာတာမဟုတ်။ လူတွေလုပ်လို့ ပေါ်လာသည့်အရာဖြစ်သည်။ ဒီတော့ လူတွေကို အရက်တိုက်ပြီး စည်းရုံးလိုက်လျှင် စနစ်သည် အလိုအလျောက် ချိန်းသွားပေလိမ့်မည်ပင်။

ဒီလိုနဲ့ပဲ ပုလင်းတစ်လုံးအရင်းဆုံးခံပြီး မင်းဘုန်းရသွားသည့် ခရိုနီတွေ ခရိုပြာတွေ မနည်းမနော မြန်မာပြည်မှာရှိနေသည်။

အခု စည်ပင်သာယာအမှုဆောင်ရွေးပွဲတည်းဟူသော မြူနီစီပယ်လူကြီးဖြစ်ဖို့ကိုလည်း မောင်ဗြိက ဒီနည်းလမ်းကိုရွေးချယ်ပြီး ဒီကြွေးကြော်သံကို အော်ရခြင်းဖြစ်သည်။

နို့ မောင်ဗြိရ ... မောင်ရင်က လူကြီးဖြစ်ချင်ရအောင် မောင်ရင့်မှာ ဘာအရည်အချင်းရှိသလဲ...မေးလာအံ့...။

ဝင်ပြိုင်သည့် လူကြီးအများစုက အစိုးရအရာရှိဟောင်းတွေပါသည်။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါသည်။ အလှမယ်လည်းပါသည်။

မောင်ဗြိကား ဘီအီးသုံးလုံးကို သံပုရာသီးတစ်စိတ်ဖြင့် အပြတ်ဖြိုနိုင်သည်။ ဒါကား ကျုပ်အရည်အချင်း...။

ဟေ့လူရေ... တိုင်းပြည်အတွက် အနစ်နာခံပြီး ထောင်ကျတန်းကျ ခံခဲ့ရတဲ့သူဆို ရွေးကောက်ပွဲကြော်ငြာမှာ ထည့်ရေးရတာ ပိုကောင်းသဗျတဲ့။ တချို့က အကြံပြုကြသည်။ မောင်ဗြိကလည်း ထောင်နဲ့ပတ်သက်လာလျှင် ခေသူမဟုတ်။

ည ၁၀ နာရီဆို ဝင်ပြီး မနက် ၈ နာရီဆို ထွက်လာတဲ့သူ။ ထောင်ကို ဝင်လိုက်ထွက်လိုက်သမား...။ ဒါပေမဲ့ သူ့လို အကျဉ်းထောင်တော့ မဟုတ်။ အိမ်က အဖာဗာရပွနှင့်ခြင်ထောင်ဖြစ်သည်။

ဟုတ်ပြီ...အရည်အချင်းတွေကတော့ သားရေပင်နဲ့ပင် စည်းထားလို့မရဘူး...ထားပါတော့။

မောင်ဗြိတစ်ယောက် ဟော့ဒီ စက်ဝိုင်းမြို့ကြီးတွင် စည်ပင်သာယာလူကြီးဖြစ်လျှင် ဘာလုပ်ပေးမည်နည်း။ ပထမဆုံး မိုးတွင်း မြို့ထဲမှာ ရေလျှံသည့်ကိစ္စမောင်ရင် ဘယ်လိုရှင်းမလဲဆို...။

ဒါက ဗြိအတွက် သိပ်လွယ်သည်။ မြို့တွင်းတွင် ရေဘာကြောင့်လျှံသနည်း။ မြောင်းတွေပိတ်လို့၊ အမှိုက်တွေပိတ်လို့ဟု အခြားကိုယ်စားလှယ်လောင်းတွေက လျှောက်ဖြေကြမည်။

မောင်ဗြိကတော့ သူတို့လို သမားရိုးကျမတွေး။ ဖြန့်ထွက်တွေးသည်။ ခရစ်တီကယ်သင့်ကီး၊ လက်ထရယ်သင်းကီးတွေ သုံးသည်။ ဒီကိစ္စကို အဆုံးအထိတွေးသည်။ အဖြေက ရှင်းပါသည်။

တကယ်တော့ ရေလျှံသည်ဆိုသည်မှာ မိုးရွာခြင်းကြောင့်ပင်။ ဒီတော့ ရေမလျှံချင်လျှင် ဘာလုပ်ရမည်နည်း။ လွယ်သည်။ မိုးမရွာအောင် လုပ်လိုက်လျှင် ရေမလျှံတော့...။

မိုးမရွာအောင် လုပ်ဖို့အတွက်ကလည်း မောင်ဗြိတွင် အကြံရှိသည်။ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မိုးမရွာ အောင်လုပ်သည့်နည်းကို သုံးရမည်။ မောင်ဗြိတို့ရွာက မိုးတားဆရာ ဘိုးတော်ပွကို စည်ပင်သာယာတွင် ညွှန်ကြားရေးမှူးရာထူး ပေးလိုက်မည်။ ရန်ကုန်ကောင်းကင်မှာ မိုးတွေညိုလာပြီဆိုလျှင်ပင် မြို့တော် ခန်းမရှေ့တွင် ငှက်ပျောပွဲ အုန်းပွဲနှင့် ဖယောင်းတိုင်ထွန်းကာ ကိုယ့်ဆရာကို အသာလွှတ်ပေးလိုက်ရုံသာ။ သူ့ဘာသာ မန်းလိုက်မှုတ်လိုက်ရုံဖြင့် ဒေဝေါသည် ဝေးရာသို့ ပြေးရော့မည်။

ကိုင်း...ရေကြီးသည့်ကိစ္စကတော့ ဟုတ်ပါပြီ။

မြို့တော်တစ်ဝန်း သန့်ရှင်းစင်ကြယ်ရေး ကွမ်းတံတွေးကွက်တွေကိစ္စကရော။ ဒါလည်း အခြေခံကျကျ တွေးဖို့လိုသည်။ လူတွေ ကွမ်းဘာကြောင့်စားကြသလဲ။ ကွမ်းယာရောင်းတဲ့သူတွေရှိလို့ မဟုတ်လား။ ဂလိုဖြင့် ကွမ်းယာသည်မှန်သမျှကို စည်ပင်မှာ လစာကောင်းကောင်း ရာထူးကြီးကြီးဖြင့် ပေးလိုက်ရင်ရော...။

ရောင်းသူမရှိလျှင် စားသူမရှိ။ ဒါ မဟာဗျူဟာအကျဆုံး နည်းလမ်းမဟုတ်လား။ 

ဒါဖြင့် မော်တော်ကားလမ်းတွေ ကျပ်တာရောဗျာတဲ့...။

ခုံးတံတားထိုးတယ်ဆိုတာ ပိုက်ဆံကုန်သည်။ တိုင်းပြည်ဘတ်ဂျက်ကို ဖြုန်းရာလည်းကျသည်။ လမ်းလယ်ကောင်မှာ တုံးတွေချထားတာကလည်း ထင်သလောက်အလုပ်မဖြစ်။

အရင်က ရန်ကုန်ကလူတွေ လမ်းကူးလျှင် ကားတိုက်မိမှာသာ စိုးရသည်။ အခုတော့ တုံးတိုက်မိမှာပါ စိုးနေရသဖြင့် စကားပုံကိုတောင် တုံးတိုက်တိုက် ကားတိုက်တိုက်လို့ ပြင်ရမလိုဖြစ်နေပြီ မဟုတ်လား။

မော်တော်ကားလမ်းတွေကျပ်သည့် အကြောင်းအရင်းကို စည်ပင်လူကြီးလောင်း မောင်ဗြိ သေချာသုတေသနပြုကြည့်တော့ အဖြေတစ်ခုရသည်။

မော်တော်ကားတွေကျပ်နေခြင်းသည် ကားစီးနိုင်တဲ့လူများနေသည့်အတွက်ပင်ဖြစ်သည်။ ဒီတော့ ကားတစ်စီးဝယ်ပြီးရင် ထိန်းသိမ်းခဆိုပြီး တစ်လတစ်ခါ အဲ့ကားနှစ်စီးစာလောက် အခွန်လိုက်ကောက်ပစ်လျှင် ဇာတ်လမ်းပြတ်မည်။

နို့ ကိုယ့်အိမ်ကိုယ်ထားတဲ့ မီတာတောင် ထိန်းသိမ်းခဆိုပြီး ကောက်သေးတာပဲ...ကားလမ်းတွေရှင်းဖို့အရေး ဒီလိုပဲ မျက်နှာပြောင်တိုက် ကောက်သင့် ကောက်ဖို့ လိုမည်။

ဟော့ဒီ စက်ဝိုင်းမြို့တော်ကြီးတွင် မောင်ဗြိသာ စည်ပင်လူကြီးဖြစ်လျှင် ရဲရဲတောက် ကတိတစ်ခုပေးလိုက်ချင်သည်။ ရန်ကုန်ကို တစ်လအတွင်း စင်ကာပူလို ဖြစ်အောင်လုပ်ပြမည်။ မယုံမရှိနှင့်။

ရန်ကုန်မြို့တွင် နေထိုင်သည့် မည်သည့်လူမျိုးခြားမဆို ပန်းရောင်မှတ်ပုံတင်ကတ်ပေးမည်ဟုသာ စည်ပင်ဥပဒေသစ်ပြဋ္ဌာန်းလိုက်...။

တစ်နိုင်ငံလုံးမှ မှတ်ပုံတင်မရှိသူတွေ... ရန်ကုန်ကို စုပြုံပြီးရောက်လာမည်က အသေအချာ။

ဒီအခါ ... ရန်ကုန်သည် တရုတ်နှင့် ကုလား လူမျိုးနှစ်မျိုးသာ အများဆုံးရှိသော စင်ကာပူလိုမျိုး မကြာမီ ဘုရားစူးဖြစ်စေရပါမည်။

ရန်ကုန်ကို စင်ကာပူလို ဖြစ်ချင်လျှင်...

စနစ်ကို အရက်တိုက်ချိန်းမည့်...

ဥုံဖွဆို အကုန်ရသည့် စည်ပင်လူကြီးလောင်း မောင်ဗြိကို မဲပေးဖို့ပဲလိုပါသည်။ 

ဗြိတိသျှကိုကိုမောင်