News

POST TYPE

SATIRE

ဗိုလ်ချုပ်ပျင်းနေရှာရော့မယ်
10-Feb-2019


ကိုယ့်ဇာတိမဟုတ်သည့်အရပ်မှာ တစ်ယောက်တည်းနေဖူးလား။ အပေါင်းအသင်းကလည်း မရှိ။ စကားပြောဖော်လည်းမရှိ။ ဒီကြားထဲ ပတ်ဝန်းကျင်ကပါ သိပ်မကြည်။ ဘယ်လောက် အထီးကျန်လိုက်မလဲ။ နိုင်ငံခြားမှာ တစ်ယောက်တည်း သွားနေသူတွေကတော့ ထိုခံစားချက်ကို သိကြမည်ထင်၏။

တကယ်တော့ နိုင်ငံခြားမှ မဟုတ်ပါ။ ပြည်တွင်းက ဝန်ထမ်းတွေလည်း သိကြပေမည်။ အခြားဒေသမှာ အမှုထမ်းရတာကိုး။ ဘာသာစကားတွေက မတူကြတော့ သူပြောတာ ကိုယ်နားမလည်။ ကိုယ်ပြောတာလည်း သူတို့နားမလည်။ 

ဒီကြားထဲ ငါကအရာရှိ၊ အရာထမ်းကွဆိုပြီး မာန်ကလည်းတက်သေး။ အဲ့တော့ ဒေသခံတွေကလည်း ကြည့်မရ။ စကားကမပြော။ ရင်းနှီးသူမရှိ။ အထီးကျန်။ စိတ်ဓာတ်ကျ။ ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းသလဲ။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို သနားမိသည်။ လွိုင်ကော်မှာ ဗိုလ်ချုပ်တစ်ယောက်တည်း အထီးကျန်စွာ နေရမလားလို့ပေါ့။ အခုဆို ဗိုလ်ချုပ်ကို လွိုင်ကော်မှာ ကန့်ကွက်နေကြပြီ။ 

ဗိုလ်ချုပ်ကို လွတ်လပ်ရေးဖခင်ကြီးဟု မြန်မာအများစုက နားလည်ယုံကြည်ထားကြသည်။ လူနည်းစုကတော့ ဒုတိယကမ္ဘာစစ်ပြီးလို့ အင်္ဂလိပ်တွေ သူ့ဟာ သူကို လိုနီနိုင်ငံတွေကို စွန့်လွှတ်သည်ဟု ထင်ကြသည်။ ဘာပဲဖြစ်ဖြစ်ပါ။

တိုင်းရင်းသားတွေကရော...။ တိုင်းရင်းသားတွေကတော့ သူတို့ဒေသသည် အစကတည်းက လွတ်လပ်ခဲ့သည်ဟု ဆိုသည်။ နယ်စပ်တောင်တန်းဒေသများပေါ့။ သူတို့ဒေသတွေကို အင်္ဂလိပ်ကမသိမ်းပိုက်ခဲ့။နယ်ချဲ့လက်အောက်မရောက်ခဲ့ဟု ဆိုကြသည်။ 

သီပေါမင်းသား အဖမ်းခံရပြီး ရတနာဂီရိကို အပို့ခံရသည်။ စော်ဘွားတွေဟာ အိန္ဒိယကိုပါမသွား။ နယ်စပ်ဒေသတွေမှာ စော်ဘွားတွေပဲအုပ်ချုပ်သည်။ ဒါပေမဲ့ အင်္ဂလိပ်တွေကတော့ နိုင်ငံရေးအရာရှိတွေ ခန့်ထားသည်။ ထိုနိုင်ငံရေးအရာရှိတွေနှင့် စော်ဘွားတွေ ပူးပေါင်းအုပ်ချုပ်သည့်သဘော။ ဒါကြောင့် လုံးလုံးလျားလျား လွတ်လပ်ခဲ့သည်တော့မဟုတ်။

ဗမာဘုရင်တွေလက်ထက်တုန်းကလည်း စော်ဘွားတွေရှိခဲ့သည်။ ဗမာဘုရင်ကို လက်ဆောင်ပဏ္ဏာဆက်ရသည်။ ဗမာဘုရင်၏ လက်အောက်ခံသဘောမျိုး။ ဒါကြောင့် မြန်မာနိုင်ငံဟုဆိုသည့်အထဲတွင် အခြားဒေသတွေ အားလုံးပါဝင်သည်ဟု အင်္ဂလိပ်ကလည်း နားလည်ထားသည်။ အခု အိန္ဒိယလက်အောက်ရောက်နေသည့် အာသံတို့ မဏိပူရတို့တောင် မြန်မာဘုရင်က သိမ်းပိုက်ထားသေးသည်။

၁၉၄၇ ပင်လုံညီလာခံတွင်တော့ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ကထွက်ရန် သဘောတူခဲ့သည်။ ဒါကြောင့်လည်း အင်္ဂလိပ်က အားလုံးကို အလုံးစုံလွတ်လပ်ရေး ပေးခဲ့ခြင်းဖြစ်သည်။ ဓနသဟာယ နိုင်ငံတွေလိုမျိုးမဟုတ်။ အင်္ဂလိပ်နှင့် လုံးဝမပူးပေါင်းခဲ့။

၁၉၄၇ ခုနှစ်တွင်တော့ ပင်လုံစာချုပ်ကို ချုပ်။ တစ်တိုင်းပြည်လုံး အင်္ဂလိပ်လက်အောက်ကထွက်ရန် သဘောတူခဲ့သည်။ နောက်တော့ အားလုံးလွတ်လပ်ရေးရ။ 

စော်ဘွားတွေကရော ဘာလို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့သလဲ...။ ဒါကတော့ ပင်လုံစာချုပ်ပါ အချက်တွေကြောင့်ဖြစ်မည်။ မြန်မာကြားဖြတ်အစိုးရနှင့် ပူးပေါင်းရင် လွတ်လပ်ရေး မြန်မြန်ရမည်။ ဒါ့အပြင် ဘဏ္ဍာရေးကိုလည်း မထိခိုက်။ အကူအညီတွေလည်း ရဦးမည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးလည်း အပြည့်အဝရမည်ဆိုသောကြောင့်ဖြစ်သည်။

အချို့ကလည်း ပင်လုံစာချုပ်ပါ အချက်တွေကို ချဲ့ကားပြောကြသည်။ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်တို့ ဘာတို့ပေါ့။ ထိုအချက်များ စာချုပ်တွင်မပါပါ။ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်ရမည်သာပါသည်။ ပြီးတော့ နယ်စပ်တောင်တန်းဒေသအဖွဲ့က ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံခန့်အပ်မည်လို့လည်းပါသည်။

ဘာပဲဖြစ်ဖြစ် ပင်လုံစာချုပ်ကြောင့် မြန်မာနှင့် ပူးပေါင်း၍ လွတ်လပ်ရေးမြန်မြန်ရသည်။ ညောင်ရွှေစော်ဘွားကြီးလည်း သမ္မတဖြစ်သည်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ကတော့ ဝန်ကြီးချုပ်ဆီမှာ။ ပင်လုံစာချုပ်ချုပ်ပြီး ၁၅ နှစ်အကြာတွင် စော်ဘွားတွေ အဖမ်းခံရသည်။ ထွက်ပြေးရသည်။ အချို့လည်း အသတ်ခံရသည်။ သူတို့ ဒေသတွေကိုလည်း စော်ဘွားတွေ မအုပ်ချုပ်ရတော့...။

ပင်လုံစာချုပ်ကို လက်မှတ်ထိုးရန် ဦးဆောင်သူကတော့ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ ဒါပေမဲ့ ဗိုလ်ချုပ်ကတော့ ပင်လုံစာချုပ်ချုပ်ပြီး မကြာခင်ပင် လုပ်ကြံခံရပြီး ကွယ်လွန်သွားပြီဖြစ်သည်။

နှစ်တိုင်း ပင်လုံစာချုပ် လက်မှတ်ထိုးခဲ့သည့်ရက်ကို ပြည်ထောင်စုနေ့ဟုသတ်မှတ်ပြီး ရုံးတွေပိတ်သည်။ အရင်ကဆိုလျှင် ပျော်ပွဲရွှင်ပွဲတွေ ဘာတွေလုပ်သေးသည်။ တိုင်းရင်းသားကိုယ်စားလှယ်တွေ ရန်ကုန်ကိုလာကြသည်။ ချီတက်ကြ၊ ကကြ ခုန်ကြပေါ့။

အခုတော့ ပြည်ထောင်စုနေ့ကိုလည်း လူတွေ မေ့ကုန်ကြပါပြီ။ ပြည်သူတွေကို ပြည်ထောင်စုနေ့ ဘယ်နေ့လဲဆိုတာ လိုက်မေးပါက တော်တော်များများ မသိကြတော့...။ 

ပြီးတော့ တိုင်းရင်းသားဒေသတွေရော ပင်လုံစာချုပ်အတိုင်းဖြစ်ပြီလား။ ပင်လုံစာချုပ်အတိုင်းနေရလား။ ပင်လုံစာချုပ် ကတိကဝတ်တွေ အပြည့်ရရဲ့လား။ ဒါကတော့ သေချာမသိပါ။ သုတေသန သေချာလုပ်ကြည့်မှ သိပါမည်။ တိုင်းရင်းသားအများစုကတော့ ပင်လုံကတိကဝတ်တွေအတိုင်း မနေရပါလို့ ဆိုကြသည်။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကတော့ နေရာတိုင်းမှာရှိသည်။ ကချင်မှာလည်းရှိသည်။ ရှမ်းမှာလည်းရှိသည်။ ကရင်မှာလည်းရှိသည်။ မွန်မှာလည်းရှိသည်။ ပြည်မမှာတော့ အများဆုံးပေါ့။ အချို့ နေရာတွေမှာဆို နှစ်ရုပ်သုံးရုပ်တောင်ရှိသည်။

အခုလည်း လွိုင်ကော်မှာ နောက်တစ်ရုပ်တည် ထောင်လိုက်ပြီ။ အချို့ကလည်း ကန့်ကွက်ကြသည်။ သပိတ်စခန်းတွေ ဘာတွေဖွင့်ကြသည်။ အစိုးရကလည်း ခဏခဏဖမ်းသည်။ အချို့ကတော့ ထောက်ခံကြသည်။ 

ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ရုပ်တုတွေ ရှိတာကောင်းပါသည်။ တိုင်းရင်းသားများအနေနှင့်လည်း “ဪ... ပင်လုံစာချုပ်ကို ဒီဗိုလ်ချုပ်နဲ့ ချုပ်ခဲ့တာပါလား။ အခုထိ ပင်လုံစာချုပ်အတိုင်း မဖြစ်သေးပါလား”ဟုလည်း တွေးနိုင်မည်။ ဗိုလ်ချုပ်ကို ကြည်ညိုသူတွေကလည်း တစ်နှစ်ကို နှစ်ခါလောက် အလေးပြုလို့ရမည်။ ပန်းပုဆရာ၊ ပန်းရန်ဆရာ၊ ကြေးသွန်းဆရာတွေအနေနှင့်လည်း လုပ်ငန်းကောင်းပြီး ဝင်ငွေရမည်။ ဒါပေမဲ့ ဗိုလ်ချုပ်အတွက်တော့ စိတ်မကောင်းပါ။ ပြည်မမှာတောင် ဗိုလ်ချုပ်ရုပ်တုကို တစ်နှစ်မှ နှစ်ခါလောက်ပဲသွားတွေ့ ကြတာ။ ဒီကြားထဲမှာ ဗိုလ်ချုပ်ဟာ တစ်ယောက်တည်း။ ဘယ်လောက်ပျင်းစရာကောင်းလိုက်မလဲ။ ဘယ်လောက် အထီးကျန်လိုက်မလဲ။ စိတ်ဓာတ်တွေပါ ကျလာနိုင်သည်။

ဒါကြောင့် ဗိုလ်ချုပ်ရုပ်တုကို တိုင်းရင်းသားဒေသများတွင် မထားခင် စဉ်းစားသင့်သည်။ လုပ်သင့် သလား၊ မလုပ်သင့်သလားပေါ့။ ဒါပေမဲ့ အာဏာရပါတီ ကလုပ်တာဆိုတော့လည်း တားလို့ရမည်တော့မဟုတ်။ တားလို့မရရင်လည်း ဗိုလ်ချုပ်ကို တစ်ယောက်တည်း မထားသင့်။ သူပျင်းနေမည်။ ဒါကြောင့် တောင်ဥက္ကလာမှာလို ဗိုလ်ချုပ်ကို နှစ်ရုပ်ယှဉ်ပြီးထား။ ဒါဆို ဗိုလ်ချုပ်လည်း စကားပြောဖော်ရှိသွားမည်။

ဒါမှမဟုတ် ဗိုလ်ချုပ်သူငယ်ချင်းလည်းဖြစ်... စော်ဘွားတွေကို ဖမ်းဆီးခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်း ရုပ်တုကိုပါ တိုင်းရင်းသားဒေသတွေမှာ ထားသင့်သည်။ ဒါမှ ဗိုလ်ချုပ်လည်း မပျင်းတော့မှာပေါ့။

စိုပြေ


  • VIA