POST TYPE

SATIRE

သတိ မိုးပေါ်ထောင်ပစ်နေသည် မပျံသန်းရ
29-Oct-2016 tagged as

ကောင်းကင်တွင် ပျံသန်းသူများဆိုင်ရာ ညီလာခံ။

ဒီကနေ့ ညီလာခံမှ ပျံသန်းသူများနှင့် ပတ်သက်သည့် အရေးတကြီး အဆို တစ်ခု တင်သွင်းရန်အတွက် ကျင်းပခြင်းပင်။ အလှည့်ကျ သဘာပတိကြီး ဆူပါမန်း မလာသေးသဖြင့် အားလုံး စောင့်မျှော်နေကြသည်။ ဆူပါမန်း လက်မှတ်ထိုးမှ အဆိုက အတည်ဖြစ်မည့် ကိစ္စ။ သူက မလာသေး။ သူ့မိန်းမ ဆူပါဂဲလ်ပင် ညီလာခံထဲထိုင်ပြီး မိတ်ကပ် လိမ်းနေသည်မှာ တစ်နာရီခန့်ပင် ရှိနေပြီ။

ဆူပါမန်း ဘယ်ရောက်နေသနည်း။

အင်္ဂလန်နိုင်ငံမှ ဟယ်ရီပေါ်တာ ဦးဆောင်သော EU အုပ်စု၊ တရုတ်နိုင်ငံမှ မျောက်မင်း စွန်းဝူခုန်း ဦးဆောင်သော အာရှကိုယ်စားလှယ် အုပ်စု၊ ကင်ညာနိုင်ငံမှ မှော်ဆရာဗူဒူး ဦးဆောင်သော အာဖရိက ကိုယ်စားလှယ်တော်ကြီးများလည်း စုံလင်နေချေပြီ။

ဒီကနေ့ တင်သွင်းမည့် အဆိုကလည်း အရေး အလွန်ကြီးသည်။ အရေးကြီးသည်ဆို ကောင်းကင်တွင် ပျံသန်းသူများ၏ အသက် အန္တရာယ်နှင့် ပတ်သက်သည့်ကိစ္စ မဟုတ်လား။

ကောင်းကင်တွင် ပျံသန်းသူများအတွက် မပျံသန်းရဇုန် တစ်ခု အသစ် သတ်မှတ်ပေးရန် အဆို တင်သွင်းကြမည်။ အရင်ကလည်း ကောင်းကင်တွင် ပျံနေသူများအကြား ဒီလိုဇုန်တွေ ခဏခဏ သတ်မှတ်ခဲ့ကြရသည်။

ဘာမြူဒါ တြိဂံဒေသကိုတော့ ဆူပါမန်း၏ ဘိုးဘေးကြီးများ၊ တံမြက်စည်းပျံစီး စုန်းဘွားအေကြီးများ အစဉ်အဆက်က မပျံသန်းရဇုန် သတ်မှတ်ခဲ့ကြသည်။

တာလီဘန်တွေ လေယာဉ်ပစ် အမြောက်ဖြင့် သောင်းကျန်းနေသည့် အာဖဂန်တုန်းကလည်း သူတို့ စုဝေးပြီး မပျံသန်းရဇုန် သတ်မှတ်ခဲ့ကြရသည်။

နောက်ဆုံးပိတ် မပျံသန်းရဇုန်အဖြစ် သတ်မှတ်လိုက်သည်က လေယာဉ်ပျံများ ပစ်ချခံခဲ့ရသော ယူကရိန်း ဝေဟင်ပြင်ပင်။

အခု နောက်ထပ် အရေးကလည်း မပျံသန်းရဇုန် သတ်မှတ်မည့် အရေး။

ဒီအရေးအတွက် ကောင်းကင်ပျံသူများ ညီလာခံ စသည်မှာ နှစ်နာရီခန့် ရှိပြီဖြစ်သော်လည်း သဘာပတိကြီး ဆူပါမန်း တစ်ယောက်ကား ပေါ်မလာ။

“သဘာပတိကတော်... ဖုန်းလေး ဘာလေး ဆက်ကြည့်ပါဦးဗျာ”

ဟယ်ရီပေါ်တာက မျက်မှန် အဝိုင်းလေးကို ပင့်တင်ရင်း လှမ်းပြောသည်။

“ဆက်နေတာပဲ... မှော်ဆရာလေးရေ... ဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်း မသိဘူး... ဖုန်းလိုင်းက မမိဘူး”

ဆူပါဂဲလ်က ပွစိပွစိလုပ်ရင်း လက်ထဲက ဆဲလ်ဖုန်းကို မြှောက်ပြသည်။

“နို့... အစ်မကြီးက အစ်မကြီး ခင်ပွန်းနဲ့ အတူတူ ရှိနေတာ မဟုတ်ဘူးလား”

မျောက်မင်းစွန်းဝူခုန်းက ခုန်ဆွ ခုန်ဆွနှင့် ထပ် မေးပြန်သည်။

“ကျွန်မက မနက်ကတည်းက ခရစ္စမတ်ဒစ်စကောင့် အထူး လျှော့ဈေးဆိုင်တွေ ပတ်နေတာ ... သူအိပ်ရာက မထသေးဘူး”

“ဒုက္ခပါပဲဗျာ...ဒီမှာ အဆို တင်သွင်းဖို့က အရေး ကြီးတယ်ဗျ”

“ဒါနဲ့ သူ့ သူငယ်ချင်း စပိုက်ဒါမန်းကို ဖုန်း ဆက်ကြည့်လေဗျာ”

“ဆက်ပြီးပြီရှင့် ... စပိုက်ဒါမန်းဆီမှာလည်း မရှိဘူး... သူက မိုးပျံတဲ့လူ မဟုတ်တော့ ဒီညီလာခံ ရှိတာလည်း မသိဘူးတဲ့”

“ခက်တော့တာပဲဗျာ။ ဒီလိုဗျ... ဒီနေ့ ကျုပ်တို့ မိုးပျံလူသားတွေအတွက် သိပ်အန္တရာယ်ရှိတဲ့ နေရာ တစ်ခုကို ကျွန်တော် သိလိုက်ရလို့ အဲဒါ အဆို တင်သွင်းမလို့ပါဆို”

ဟယ်ရီပေါ်တာက သူ့တံမြက်စည်းထိပ်မှ ဖုန်များအား လေဖြင့် မှုတ်ထုတ်လိုက်ရင်း ဆိုလာသည်။

“ဆိုစမ်းပါဦး... ဘာတွေ ဖြစ်ပြန်ပြီလဲ”

တက်ရောက်လာသူ အားလုံး ဟယ်ရီပေါ်တာ စကားကို စိတ်ဝင်စားသွားကြသည်။

“ကျွန်တော် သတိထားမိတာကြာပြီဗျ ... အဲဒီ နေရာက အရှေ့တောင်အာရှ ဇုန်ထဲကပဲ။ တော်တော် ထူးဆန်းတယ်ဗျ”

“အရှေ့တောင်အာရှဆို ကျုပ်တို့ခွင်ပဲဗျ။ ကျုပ်တောင် သေချာ မသိဘူး လုပ်စမ်းပါဦး မှော်ဆရာလေး ရ”ဟု စွန်းဝူခုန်းက ဆိုသည်။

“အာ ... ခင်ဗျားတို့ခွင်မှ ခင်ဗျားတို့ ခွင်စစ်စစ်ပဲဗျို့... ကိုမျောက်မင်းရေ ... ခင်ဗျားတို့တွေတောင် သူတို့ ဒေသထဲက မြို့ တစ်မြို့ကို ဝယ်ထားသေးတယ်လေ”

“သြော် ... သိပြီ သိပြီ ... မန်းစလေး ဆိုတဲ့ ကျုပ်တို့ ပေါက်ဖော်တွေ နေတဲ့မြို့ရှိတဲ့ တိုင်းပြည်လေ မစ္စတာ ပေါ်တာရ”

“နို့  မစ္စတာပေါ်တာရ ကျုပ်သိသလောက်တော့ အဲ့ဒီ မန်းစလေးရှိတဲ့ တိုင်းပြည်မှာ ဟိုးလွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကတည်းက ကြေညာထားတာ တစ်ခုရှိတယ်ဆို ဘာတဲ့ သေနတ်ကို မိုးပေါ် ထောင်မဖောက်ဘူး ဆိုတာလေ... သူတို့ ခေါင်းဆောင်ကြီး တစ်ယောက်က အတိအလင်းကြီးကို ကြေညာထားတာနော်”

ဝူခုန်း၏ အပြောကို ဟယ်ရီပေါ်တာက ခေါင်းခါသည်။

“မဟုတ်ဘူးဗျ။ အခု မိုးပေါ် ထောင်ပစ်နေပြီ ကြားတယ် ... အဲဒါ ခင်ဗျားတို့ နိုင်ငံရဲ့ ပယောဂလည်း မကင်းဘူးလို့ အသံကြားသဗျ တရုတ်မျောက်မင်းရဲ့”

“အဟဲ ... မကင်းဆို အဲ့နိုင်ငံက ကျုပ်တို့နဲ့ ဘာမှ မကင်းနိုင်ဘူးဗျ။ ကျုပ်တောင် သူတို့နိုင်ငံက သူရဲကောင်းတွေကိုကျော်ပြီး နာမည် ကြီးခဲ့ဖူးသေးတာပဲကိုး”

မျောက်မင်းဝူခုန်းက သူ့ထုံးစံအတိုင်း စပ်ဖြဲဖြဲ မျက်နှာပေးဖြင့် ပေကလပ် ပေကလပ် ဆိုလာသည်။

“နေကြပါဦးရှင် ... အဲ့နိုင်ငံမှာ အခု သေနတ်တွေ မိုးပေါ် ထောင်ဖောက်ကုန်ပြီလား”

ဆူပါဂဲလ်က မေးလိုက်သည်။

“အင်း ဖောက်နေပြီလို့တော့ သတင်း ကြားတာပဲဗျ။ အရင်က မြေကြီးပေါ် ပစ်ကြတာ ကိစ္စ မရှိဘူး။ အခု တစ်ခုခုဆို မိုးပေါ် ထောင်ဖောက်တယ် ဆိုတော့ ဒါ ကျုပ်တို့အတွက် မဟာ အန္တရာယ်ကြီး တစ်ခုပဲဗျ။ ဟိုတစ်ခါကလည်း လက်ပန်းတောင်းတောင်ဆိုလား အဲ့ဒီနေရာမှာ မိုးပေါ် ထောင်ပစ်တာ ဒေါ်ခင်ဝင်းဆိုတဲ့ အမျိုးသမီး တစ်ယောက် သေဖူးသတဲ့ဗျ”

ဟယ်ရီပေါ်တာရဲ့ မျက်မှန်လေးကို ပွတ်ရင်းဆိုသည်။

“ဘုရား ဘုရား ကျုပ်ယောက်ျား ဆူပါမန်းကြီးတော့ ဘုရား သိကြားမလို့ အဲ့ဒီဘက် ရောက်မနေပါစေနဲ့တော်”

“ဟာဗျာ ဆူပါဂဲလ်ကလည်း ဘုရား သကြား တမနေနဲ့ဗျ။ အဲဒီမှာ မိုးပေါ် ထောင်ဖောက်နေပါတယ် ဆိုမှ ဘုရားရော သိကြားပါ မိုးပေါ်မှာ နေရဲပါ့မလား”

ဟယ်ရီပေါ်တာက စကားကိုကြားတော့ ဝူခုန်းက ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။

“ဟေ့ မဖြစ်ဘူးဗျို့ ... ကျုပ်လည်းပြန်မှပဲ... အဲ့နိုင်ငံက ကျုပ်တို့ အိမ်နီးချင်းဗျ။ တော်ကြာ သူတို့ မိုးပေါ်ထောင်ဖောက်လို့ ကျုပ်တို့ မိုးနတ်မင်းကြီး သွားမှန်နေဦးမယ် ... မြန်မြန် ပြေးသတိပေးမှပဲဗျို့”

ဝူခုန်းက သူ့တောင်ဝှေးကို မြှောက်ပြီး ပျံသန်းရန် ပြင်လိုက်စဉ် ပြင်ပမှ ပျံသန်းလာသော တစ်စုံတစ်ရာနှင့် ဝင်တိုက်မိသွားသည်။

“ဝုန်း”

“အား...ကျွတ် ကျွတ်”

“ဟာ... သဘာပတိကြီး ဆူပါမန်း”

“အောင်မလေး ကျုပ်လင်တော်မောင် ကိုဆူပါ ရှင်ဘယ်လျှောက်သွားနေတာလဲ...ဒီမှာ ရှင့်ကို စောင့်နေကြတာ”

ဆူပါဂဲလ်အသံကြားမှ လဲကျနေသော ဆူပါမန်း ကုန်းထလာသည်။

“သဘာပတိကြီး ဘာဖြစ်လာတာလဲဗျ”

အားလုံး၏ အမေးကို ဆူပါမန်းက လက်ကာပြရင်း ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။

“ဒီလိုဗျ... မနက်က ကျွန်တော် အိပ်ရာထတော့ ဆူပါဂဲလ်က ဘေးမှာ မရှိတော့ဘူး။ အဲဒါနဲ့ သတင်းစာ ကောက်ဖတ်လိုက်တော့ ဟိုး အရှေ့တောင်အာရှက နိုင်ငံတစ်ခုမှာ လူတစ်ယောက်ဟာ အာဏာပိုင်အဖွဲ့က တားတာကို မရပ်ဘဲ ဆိုင်ကယ်မောင်းသွားသတဲ့။ အဲဒါ တားတဲ့အနေနဲ့ မိုးပေါ် ထောင်ပစ်တာ ဆိုင်ကယ်သမား နားထင်မှာ သေနတ် မှန်ပြီး သေသွားသတဲ့ အဲ့ဒီမှာ”

“အဲ့ဒီမှာ ကျုပ် သွားတွေးမိတာက ဟိုတစ်ခါလည်း အဲ့ဒီနိုင်ငံမှာပဲ မိုးပေါ် ထောင်ဖောက်တာ အမျိုးသမီး တစ်ယောက် သေသွားဖူးတယ်လေ။ အခုလည်း မိုးပေါ် ထောင်ဖောက်လို့ သေတယ်ဆိုတော့ ကျုပ်တို့ထဲက တစ်ယောက် မှတ်လို့ဗျာ”

“အင်းလေ ... ဟုတ်တာပေါ့”

“အဲ့ဒီမှာ ကျုပ်လည်း ကော်ဖီတောင် ကုန်အောင် မသောက်နိုင်ဘဲ မြေပုံ တစ်ခု ကိုင်ပြီး အဲ့ဒီအရှေ့တောင်အာရှကို တစ်နာရီ မိုင် ၂ဝဝဝ နှုန်းနဲ့ ပျံသွားတာဗျို့”

“ဟင်... အဲ့ဒီမှာ ဘာတွေတွေ့လဲ”

“ဟာဗျာ ကျုပ်တွေ့ခဲ့တာတော့ မိုးပေါ် ထောင်ပစ်တဲ့ ကျည်ဆန်မှန်လို့ သေတဲ့လူက ဆိုင်ကယ်နဲ့ဗျ။ ကျုပ်တို့လို အတောင်ပံတွေ ဝတ်ရုံတွေလည်း မပါပါဘူးဗျာ ... အံ့သြပ ... ဘယ်လိုများ မိုးပေါ်ပျံလဲ မသိဘူး”

“နောက်ဘာတွေ တွေ့ခဲ့သေးလဲဗျ”

“အဲဒါတော့ မသိဘူးဗျာ။ မိုးပေါ် ထောင်ပစ်တယ်ဆိုတဲ့ လူတွေ အများကြီး တွေ့တော့ ကျုပ်လည်း ရင်တုန်ပန်းတုန်တွေဖြစ်ပြီး ကြောက်ကြောက်နဲ့ ပျံပြေး လာတာပဲဗျို့”

“ကဲ ... ကဲ ... အဲ့ဒီကိစ္စ ခဏ ထားလိုက်ဦး ... အားလုံးပဲ အခု ညီလာခံက ဘာကိစ္စလဲဗျာ။ လက်မှတ် ထိုးစရာရှိ ထိုးပေးလိုက်မယ်”

ဆူပါမန်း စကား အဆုံးတွင် ဟယ်ရီပေါ်တာက မြေပုံစာရွက် တစ်ရွက် စားပွဲပေါ် တင်လိုက်သည်။

“ဦးဆူပါမန်း ပြောတဲ့ ကိစ္စပါပဲ... ဦးဆူပါမန်း မနက်က ရောက်ခဲ့တဲ့ နေရာမှာပါပဲ မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ပါ”

“ဟား... ဟုတ်တယ် မစ္စတာပေါ်တာရေ...ခင်ဗျား ဝိုင်းပြထားတဲ့ ဒီနေရာပဲ... တရုတ်နဲ့ အိန္ဒိယကြားက နိုင်ငံလေ”

“ကဲ ... ကဲ ... စောင့်နေတဲ့ လူတွေလည်း အားနာပါတယ်ဗျာ။ ဒီနေ့ ညီလာခံကနေပြီး ကျုပ်တို့ မိုးပျံ လူသားတွေအတွက် မပျံသန်းရဇုန်အသစ် တစ်ခု ဒီနေရာကို သတ်မှတ်ပါတယ်။ ဒီနေရာမှာ သေနတ်တွေ မိုးပေါ် ထောင်ပစ်နေတယ်ဗျို့ ... မယုံမရှိနဲ့ ... ကိုယ်တွေ့ ... ကိုယ်တွေ့”

ဆူပါမန်း၏ စကားအဆုံးတွင်တော့ တရုတ် မျောက်မင်း စွန်းဝူခုန်းကား မြေပုံတွင် မင်နီဝိုင်းထားသော နေရာလေးကို စပ်ဖြဲဖြဲနှင့် စိုက်ကြည့်ကာ ပေကလပ် ပေကလပ်ဖြင့် ပြုံးနေလေတော့သည်။

ဗြိတိသျှကိုကိုမောင်




  • TAGS