News

POST TYPE

SATIRE

နေပြည်တော်စည်ပင်ဌာနမှူးကို ထောင်ဒဏ်သုံးနှစ်ချ
05-Feb-2019
မန္တလေး၊ ဖေဖော်ဝါရီ ၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသည့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာန ဌာနမှူး ဒေါက်တာခိုင်စိုးလှကို ဖေဖော်ဝါရီ ၅ ရက်မွန်းလွဲပိုင်းက ထောင်ဒဏ်သုံးနှစ်ကျခံရန် အမိန့်ချမှတ်လိုက်သည်။

၎င်းကို ဦးဘိုဘိုဟန်နှင့် ဦးမျိုးခက်တို့နှစ်ဦးက အမှုနှစ်မှုဖြင့် တရားစွဲဆိုခဲ့ရာမှ တရားသူကြီးက တစ်မှုကို မှားယွင်းစွဲဆိုခြင်းဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး၊ တစ်မှုကို အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းစည်ပင်ကော်မတီ ဈေးများဌာန ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာန ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာခိုင်စိုးလှတို့သည် သားသတ်လိုင်စင် ရရှိသူများဖြစ်သည့် ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့ထံမှ ငွေများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရာဇဝတ်ကြီးအမှု အမှတ် ၆၊ ၇ တို့ဖြင့် စွဲဆိုထားသည့်အမှုမှ ဒေါက်တာ ခိုင်စိုးလှကို ယနေ့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

အမိန့်ချရာတွင် တိုင်းတရားလွှတ်တော် တရားသူကြီးက ဒေါက်တာခိုင်စိုးလှကို ဦးဘိုဘိုဟန်က တိုင်ကြားထားသည့်အမှုတွင် တရားလိုဘက်က တင်သွင်းသည့်သက်သေများ၊ တရားလိုပြသက်သေများသည် ဆွေးမျိုးများဖြစ်နေသည့်အပြင် လွတ်လပ်သည့်သက်သေများကို တင်ပြနိုင်မှုမရှိခြင်း၊ လိုပြများ၏ထွက်ဆိုချက်များအရလည်း ငွေပေးခဲ့သည်ဆိုသည့် ရက်အတိအကျမသိခြင်း၊ သက်သေတစ်ဦးနှင့်တစ်ဦး၏ ထွက်ဆိုချက်များမှာလည်း ကွဲလွဲနေခြင်းတို့ကို စစ်ဆေးတွေ့ရှိရသည့်အတွက် စွပ်စွဲခံရသူကို အပြစ်ပေးရန် ခိုင်မာသည့်သက်သေမရှိသည့်အတွက် အမှုမှပလပ်ရန်နှင့် မှားယွင်းသည့်အမှုအဖြစ် သတ်မှတ်ရန်အမိန့်ချမှတ်ခဲ့သည်။

ဦးမျိုးခက်က တိုင်တန်းထားသည့်အမှုတွင်မူ ငွေကြေးပေးရကြောင်းစွပ်စွဲထားသည့် နှစ်ကြိမ်လုံးအတွက် ဒေါက်တာ ခိုင်စိုးလှအနေဖြင့် လုပ်ပိုင်ခွင့်ကိုအသုံးပြုကာ ငွေပေးငွေယူလုပ်ခဲ့ကြောင်း ခိုင်လုံသည့် သက်သေပေါ်ပေါက်ချက်မရှိသော်လည်း လက်ဆောင်ပစ္စည်းပေးခဲ့ရကြောင်း စွပ်စွဲပြောဆိုမှုကိုမဟုတ်မှန်ကြောင်း သက်သေမပြနိုင်ဘဲ ပေါ်ပေါက်သည့်အတွက် အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်တွင် အမှုရင်ဆိုင်နေစဉ် ချုပ်နှောင်ထားသည့်ရက်များကို ထုတ်နှုတ်ခံစားခွင့်ပြုကြောင်း တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လက ကျပ်သိန်း ၂၀၊ ဒေါက်တာ ခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ဩဂုတ်လ ၁၁ ရက်နေ့က ကျပ်ငါးသိန်း၊ ၂၀၁၇ ဩဂုတ်လ ၁၉ ရက်နေ့က ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မေလဆန်းတွင် ကျပ်သိန်း ၄၀ တို့ကိုရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ယင်းအမှုတွင် ဈေးများဌာနမှူး ဦးမင်းလွင်စိုးလည်းပါဝင်သော်လည်း အမှုစစ်ဆေးနေစဉ် စွပ်စွဲသူများဘက်မှ တရားလွှတ်တော်တွင် တင်သွင်းထားသည့် သက်သေဗီဒီယိုဖိုင်များသည် လိုချင်သည့်နေရာများကိုသာ ဖြတ်ညှပ်ကပ်ပြုလုပ်ပြီး တင်သွင်းထားခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် မမှန်သက်သေ တင်သွင်းမှုဖြင့် အရေးယူပေးရန် စက်တင်ဘာလအတွင်းက ပြည်ထောင်စုတရားလွှတ်တော်တွင် လျှောက်ထားခဲ့ပြီး လက်ခံထားသည့်အတွက် ယင်းအကြောင်းအရာအပေါ် စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် အမိန့်ချနိုင်ခြင်းမရှိသေးပေ။

M-04