News

POST TYPE

SATIRE

ဖက်ဒရယ်ပေးလျှင် သန်လျင်ကို ချန်မထားရစ်လေနှင့်
27-Jan-2019


မနေ့က သန်လျင်ကို ရောက်ခဲ့သည်။ သန်လျင်ဆိုတာ စိုပြေ့အတွက် မစိမ်းပါ။ ကျောင်းတက်တော့လည်း သန်လျင်မှာ တက်ခဲ့သည်။ သန်လျင်မှာလည်း အတန်ကြာနေခဲ့ဖူးသည်။ အရင်းအနှီးဆုံး သူငယ်ချင်းတွေကလည်း သန်လျင်မှာရှိကြသည်။ ယခုရန်ကုန်ဘက်ကို ပြောင်းနေပေမယ့် သန်လျင်ကိုတော့ တစ်ပတ်တစ်ခါရောက်ဖြစ်သည်။ ရန်ကုန်တစ်ဖက်ကမ်းတွင်ရှိသော သန်လျင်သည် သာမန်မြို့လေး တစ်ခုမဟုတ်။ အရင်ခေတ်အဆက်ဆက်က မင်းနေပြည်တော်ဖြစ်ခဲ့သည့်မြို့။ ဘုရင်တွေ စိုးစံခဲ့ဖူးသည်။ ခေတ်စနစ်အခြေအနေကြောင့် မြို့အဆင့်သို့ ရောက်သွားဖူးသည့်အခါလည်းရှိသည်။ သန်လျင်ကနေလည်း မြန်မာပြည်ကြီးကို အုပ်ချုပ်ခဲ့ဖူးသည်။ မြန်မာပြည်ကို မသိခင်ကတည်းက နိုင်ငံခြားသားတွေက သန်လျင်နှင့် ကုန်သွယ်ခဲ့ကြသည်။ Syriam ဆိုပြီး ကမ္ဘာကျော်ခဲ့သည်။ ပြည်တွင်း ပြည်ပ စစ်ပွဲတွေဖြစ်ခဲ့သည်။ 

ကိုလိုနီခေတ်ရောက်တော့လည်း သန်လျင်သည် အောက်မြန်မာပြည်၏ ပြင်ဦးလွင်လို့ တင်စားရအောင် သန့်ရှင်းသပ်ရပ် နေလို့ကောင်းခဲ့သည်။ ဘုရားပုထိုးတွေ များစွာရှိသည်။ ရှေးဟောင်းအဆောက်အအုံတွေလည်း ပေါသည်။ နန်းတော်အဆောက်အအုံနှင့် အဓိကအဆောက် အအုံတွေကတော့ ခေတ်အဆက်ဆက် တိုက်ပွဲများကြောင့် ပျက်စီးခဲ့ရသည်။ ပုဂံထက်ပင်စောခဲ့သည့် ပါဒနိုင်ငံတော်ကြီးလည်း သန်လျင်ဘက်ကမ်းမှာ ရှိခဲ့ဖူးသည်။ ယခုတိုင် ပါဒနိုင်ငံတော်ကြီး၏ လက်ရာများ ကျောက်တန်းတွင် ရှိနေဆဲ။ ဆိုရလျှင်တော့ သန်လျင်သည် ပါချီပါချက်မဟုတ်။ ကြီးကျယ်ခမ်းနားခဲ့ဖူးသည်။ အလောင်းဘုရားကို စစ်ရှုံး၍သာ အခုလို ဖြစ်သွားရခြင်းဖြစ်သည်။ 

မနေ့က သန်လျင်ရောက်တော့ လမ်းတွေခင်းနေတာကို သတိထားမိသည်။ သန်လျင် ကျောက်တန်း လမ်းကြီးကို ခြောက်လမ်းသွားဖြစ်အောင် ချဲ့နေသည်ဟု ဆိုကြသည်။ ရန်ကုန်ဘက်ကလမ်းတွေလို ကွန်ကရစ်လောင်းပြီး ခင်းနေခြင်းတော့မဟုတ်။ တောင်ကုန်းတွေ ဖြို၊ မြေကြီးတွေ အနက်ကြီးတူး၊ တံတားလေးတွေ ဆောက်ပြီးချဲ့နေသည်။ ကျကျနနလုပ်နေသည်ဟု ဆိုရမည်။ သီလဝါစက်မှုဇုန်အတွက် သွားရလွယ်အောင် ပြုပြင်နေခြင်းပင်။ နိုင်ငံခြားက စက်ရုံတော်တော်များများသီလဝါမှာရှိသည် မဟုတ်လား။ ပြီးတော့ ရေနက်ဆိပ်ကမ်းလည်း ရှိသည်။ သန်လျင်သည် စပါး၊ ပဲတို့ကိုလည်း အများအပြားစိုက်ပျိုးသည်။ ရာသီပေါ်သီးနှံတွေလည်း စိုက်ပျိုးပြီး ရန်ကုန်ဘက်ကို တင်ပို့သည်။ ရေနံချက်စက်ရုံကလည်း ရှိသေးသည်။ ပြောရလျှင်တော့ သန်လျင်တွင် အခြေခံအဆောက်အဦ တော်တော်များများ ပြည့်စုံနေပြီဟု ဆိုရမည်။ စားစရာတွေကလည်း ပိုလျှံလို့ ရန်ကုန်ဘက်ကိုပင် တင်ပို့နေရသည်။ 

ယခုတစ်လောတွင် တိုင်းရင်းသားဒေသများက မြန်မာပြည်ကြီးမှ ခွဲထွက်မည်ဆိုသည့် အသံတွေ တော်တော်ကြားရသည်။ အချို့ကလည်း ခွဲထွက်သည့်ပုံစံမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်သည့်ပုံစံမျိုး လိုချင်ကြ သည်။ အချို့ကလည်း ဖက်ဒရယ်စစ်စစ်ကို လိုချင်သည်။ ဖြစ်သင့်ပါသည်။ သန်လျင်လည်း ခွဲထွက်သင့်ပြီ။ အခြားလူမျိုးစုတွေ တောင်းဆိုသလိုပေါ့။ ဘာလို့လဲဆိုတော့ သန်လျင်သည် အခြားသော တိုင်းရင်းသားဒေသများထက် အဆင့်မနိမ့်ခဲ့။ ကိုယ့်မင်းကိုယ်ချင်းနဲ့ နေခဲ့သည့် တိုင်းပြည်မဟုတ်လား။ ဒါကြောင့် ခွဲထွက်မည်ပဲဆိုဆို၊ ဖက်ဒရယ်ပဲဆိုဆို သန်လျင်လည်း ပါသင့်သည်။ သန်လျင်ကို ချန်ထားလို့မဖြစ်။ ချန်ထားခဲ့လျှင်တော့ ရန်ကုန်နှင့် ဆက်သွယ်ထားသည့်တံတားကို ပိတ်လိုက်မည်။ ဒါဆိုလျှင်ပင် သန်လျင်သည် သီးခြားနိုင်ငံတစ်ခုဖြစ်သွားပြီ။ (တကယ်တော့ ရန်ကုန်ပင်လျှင် သန်လျင်၏ ပိုင်နက် အတွင်းပါခဲ့ဖူးသည်) ဒါမှမဟုတ် သန်လျင်ကို ဖက်ဒရယ် စစ်စစ်ပေး။ သန်လျင်ကို ပြည်နယ်အဆင့် သတ်မှတ်ပေး။ ဒါမှမဟုတ်လျှင်တော့ ခွဲထွက်ဖို့သာ ကြိုးစားရပေ မည်။ ခွဲထွက်ပြီးလျှင် အရင်ခေတ်ကလို Syriam ဆိုသည့် နာမည်ကို သုံးမည်။ သန်လျင်မှာ စစ်တပ်တွေလည်း ရှိသည်။ ရေတပ်လည်း ရှိသည်။ လေယာဉ်ပျံကွင်း ဖောက်ဖို့သာ လိုတော့သည်။ ဒါကလည်း သိပ်တော့ မခက်။ လယ်ကွင်းတွေ အများကြီးရှိသည်။ စက်ရုံတွေကလည်း အများအပြား။ ရေနက်ဆိပ်ကမ်းကလည်း ရှိသေး။ အလုပ်အကိုင်ကလည်း မရှား။ ဘုရားပုထိုးတွေကလည်း များသမို့ ခရီးသွားလုပ်ငန်းကလည်း ကောင်းဦးမည်။ အခုတော့ သန်လျင်ကရသည့် အခွန်အခတွေကို မြန်မာအစိုးရ ချုပ်ကိုင်သည်။ သူတို့ပဲ အကုန်ယူသည်။ သန်လျင်ရှိ စက်ရုံတွေကရသည့် အခွန်အခတွေကလည်း အများကြီး။ လမ်းတံတားကြေး ကောက်တာတွေ၊ အခြားအခွန်အခတွေကလည်း အများကြီး၊ သန်လျင်မှရသည့် ဝင်ငွေတွေ မနည်းမနော။ ဒါပေမဲ့ သန်လျင်အတွက်ကတော့ ဘာဝေစုမှ မရ။ ဘာမှ လုပ်ပေးတာမရှိ။ အခုလမ်းပြင်နေတာကလည်း ဂျပန်က ပြင်နေတာ။ အရင်တုန်းကဆို ဘာလမ်းမှ မပြင်ဘဲ ကုမ္ပဏီကို ပိုက်ဆံကောက်ခိုင်းသည်။ တံတားကလည်း တရုတ်က ထိုးပေးထားတာ။ အခုထပ်ထိုးမည့် တံတားကလည်း ဂျပန်က ထိုးမှာ။ သန်လျင်သည် မြန်မာအစိုးရ၏ ကုပ်သွေးစုပ်ခြင်းခံရတာ အတော်ကြာပြီ။ ခွဲထွက်လိုက်သည်နှင့် အလျင်အမြန်တိုးတက်လာဖို့ရှိသည်။ အခြေခံအဆောက်အဦ အစစအရာရာ ပြည့်စုံနေတော့ စင်ကာပူကိုလည်း ခဏအတွင်းကျော် တက်နိုင်သည်။ သူများတွေလို နှစ် ၂၀ တောင်စောင့် စရာမလို။ 

ဒါကြောင့် မနက်ဖြန် သန်လျင်ကို ထပ်သွားမည်။ သန်လျင် အစိုးရဖွဲ့ဖို့ သူငယ်ချင်းတွေနှင့် တိုင်ပင်မည်။ တကယ်တော့ အရင်ကတည်းက သူငယ်ချင်းတွေနှင့် အခုလို သန်လျင်ကို ခွဲထွက်ဖို့ တိုင်ပင်ပြီးသား။ ဒါကြောင့် ရာထူးတွေ ညှိနှိုင်းဖို့သာ လိုတော့သည်။ ဘယ်သူက ဝန်ကြီးချုပ်လုပ်မလဲ၊ ဘယ်သူက ဝန်ကြီးတွေလုပ်မလဲ ဆိုတာကိုပေါ့။ ပြီးလျှင် သန်လျင်၊ ရန်ကုန်တံတားတွေကို ပိတ်မည်။ ရန်ကုန်မှာ သန်လျင်သံရုံး ဖွင့်မည်။ မြန်မာပြည်သားတွေ ကျိုက်ခေါက်ဘုရားဖူးလိုလျှင်၊ ရေလယ် ကျောက်တန်းကို သွားလိုလျှင် သန်လျင်သံရုံးမှာ ဗီဇာသွားလျှောက်။ ဗီဇာကျမှ သန်လျင်တံတားကို ဖြတ်သန်းခွင့်ပေးမည်။ မကြာမီ ကျိုက်ခေါက်ဘုရားပွဲ ကျင်းပတော့မည်ဖြစ်ပေရာ ဗီဇာကြေး တော်တော်ရနိုင်သည်။ ဒါကြောင့် စိုပြေ့သူငယ်ချင်း မိတ်ဆွေများ သန်လျင်နိုင်ငံ သားဖြစ်လိုလျှင် မနက်ဖြန် သန်လျင်ကို လာခဲ့ကြပေတော့...။ နောက်မှ လာလိုလျှင် ဗီဇာကြေးကုန်လိမ့်မည်။ သန်လျင်ထွက် ထန်းရည်စစ်စစ်များကိုလည်း နိုင်ငံခြားသားများကို ရောင်းလိမ့်မည်မဟုတ်။

စိုပြေ 



  • VIA