News

POST TYPE

SATIRE

မောင်ဗြိ ခေါင်းရောင်းခြင်း
19-Jan-2019


ပြည်ထောင်စုကြီး တစ်စစီ ပြိုကွဲသွားရင် ဘာဖြစ်ကုန်မလဲ  ...  ကိုဗြိ”

သန်းမြိုင်၏မေးခွန်းကို ကျွန်တော် သက်ပြင်းချလိုက်သည်။ ဒါမျိုးက လွယ်လွယ်ဖြေလို့ ရတာမဟုတ်။ အသေအချာ စဉ်းစားသုံးသပ်ပြီးမှ ဖြေရမည့်မေးခွန်း။ ကျွန်တော် ပညာရှင်ဆန်ဆန်ပဲ ပြန်ဖြေလိုက်သည်။

“ဘာဖြစ်ရမှာလဲကွာ  ...  စကိုင်းနက်ကလွှင့်တဲ့ တိုင်းရင်းသားချန်နယ် မရှိတော့ဘူးပေါ့”

“ခင်ဗျားကြီးဟာလေ ... စကားကို အကောင်း ပြောလို့မရဘူး”

သန်းမြိုင်က ကျွန်တော့်ကို မကျေမနပ်ပြောပြီး စောင်းကန်းစောင်းကန်းထွက်သွား၏။ မတတ်နိုင်။ ဒီလိုပဲဖြေရပါမည်။ အရင်တုန်းကလို ပြောချင်တိုင်း ပြောလို့မရ။

အခုအခါသမယ ကာလကြီးက အပြောအဆို အနေအထိုင် အင်မတန်မှ ဆင်ခြင်ရသည်။ အပြောမှား အဆိုမှား အနေအထိုင်လေးများ တစ်ချက်မှားသွားလျှင် မြန်မာ့ရိုးရာ ဆဲနည်းပေါင်း ငါးသောင်းလေးထောင့် တစ်ရာနှင့် ရေစုန်မျောသွားနိုင်၏။

သစ္စာဖောက်၊ သာကူး၊ လောက်ကောင်၊ ပူးသတ်၊ အဝယ်ခံ၊ တိုင်းပြည်ရောင်းစားစသဖြင့် ကြိုးမိန့်လေးဆယ့်ငါးခါလောက်ကျနိုင်သည့် ခေါင်းစဉ်တွေကိုလည်း ဇာတ်လမ်းနှင့်ချီပြီး ပေးတတ်ကြသည်။

ရပ်ကွက်ထဲမှာ ပြောရဆိုရတာလောက်ကို အသာထား။ သရော်စာတွေရေးတာတောင် တော်တော်လေးကို သတိထားရသည်။ သရော်စာဆိုသည်ကလည်း ရေးတာလက်လွန်ပြီး အဆဲခံရပြီးမှ ဒါနောက် ဆက်တွဲဇာတ်လမ်းပါဆိုပြီး လိုက်ဖြေလို့ရတာမျိုးမဟုတ်။

သတင်းစာတိုက်က အယ်ဒီတာများကလည်း တစ်ပတ်ခြား တစ်ပုဒ်တော့ ရေးပေးပါဆိုလို့သာ ရေးနေရသည်။ ဘာရေးရေး ကလော်ဆဲနေသည့် ပြည်ထောင်စုသားများကိုတော့ အလန့်မိသား။

ဟော ... ပြောရင်းဆိုရင်း ဦးမျိုးလင်းကြီး ဆိုက်ကားရပ်ပြီ။ တစ်လောကမှ အသစ်ဝယ်လာသော ဖုန်းကလေးကို ပွတ်ရင်း ပွတ်ရင်းဖြင့် ကျွန်တော့်ဆီ တည့်တည့်ကြီး ဝင်လာသည်။ ကျွန်တော့်မှာတော့ ရင်တထိတ်ထိတ်။

“ကိုဗြိ ... မြစ်ဆုံကို ဘယ်လိုမြင်တုံးဗျ”

လာပြန်ပြီ။ အဖြေမတတ်ရင် ဆဲခံရဦးမည်။

“တော်တော်လှတယ်ပြောတာပဲ ... တစ်ခါမှတော့ မရောက်ဖူးဘူး”

“ဟာ ...  ခင်ဗျားကို အဲ့ဒီကိစ္စပြောနေတာ မဟုတ်ဘူး ... မြစ်ဆုံဆည်ကိစ္စမေးနေတာ ... ဒါနဲ့များ စာရေးတဲ့လူတဲ့ ... ဘာစာရေးတာလဲ ... တစ်ရာဖိုး သုံးပုဒ်တွေလား ... မြစ်ဆုံမှာ ဆည်ဆောက်မယ့်ကိစ္စ ... ဘာတွေဆက်ဖြစ်လာနိုင်လဲလို့ ခင်ဗျားကို ဆွေးနွေးနေတာ”

ရော် ... ဒီဘဲကြီးနှယ့် ... အရူးကွက်နင်းနေလို့လည်း မရပါလား။

“ဒါကတော့ ... ဒီလိုရှိတယ်ဗျ ... ဆည်ဆောက်ချင်တာက တရုတ် ... ဆောက်မှာက မြန်မာပြည်ထဲလေ”

“အင်း ... အဲ ... အဲ့ဒါတော့ ... ခင်ဗျားပြောမှလား ...  ကျုပ်လည်းသိတာပေါ့ ... ငါလခွမ်းလိုမှပဲ ... ”

ဟ ... ဒါလည်း အဆဲခံရတာပဲ ... ဘယ့်နှယ်မှ ... မလွတ်ပါလား။

ကျွန်တော်တို့ရပ်ကွက် နိုင်ငံရေးအခြေအနေကတော့ ... အဲဒီလိုပဲဗျိုး။

လမ်းထိပ်မှာ ဖေ့စ်ဘွတ်ခ်တစ်ကောင့် သုံးထောင်နဲ့ ဖွင့်ပေးတဲ့ဆိုင်ပေါ်လာပြီးကတည်းက အကုန်လုံး နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်ကုန်တာ။

ဦးမျိုးလင်းကြီး ထွက်သွားပြန်တော့ ... လာပါပြီ။ ဇာတ်လိုက်ကျော် ကုလားပိန်။

“ဦးဗြိ ... ဦးဗြိ”

“လာပြန်ပြီ ... တစ်ကောင် ... ဘာတုံးဟ”

“သတင်းစာရှင်းလင်းပွဲကိစ္စ ပြောချင်လို့”

“မပြောနဲ့တော့ကွာ ... စစ်တိုက်တာက ... တပ်က ... ”

“ဟေ့လူ ... တော်စမ်း ... အကုန်လုံး ပူးပေါင်းဆောင်ရွက်ပြီး ရင်ကြားစေ့နေတဲ့ ... အချိန်မှာ ... ခင်ဗျားက ... သွေးကွဲမယ့်စကားတွေ ... လာပြောနေ”

ကဲ ... ကြည့် ... ဘာမှတောင် ... မပြောရသေး။ ရှူးရှူးရှားရှားတွေဖြစ်နေကြပြီ။

“မဟုတ်ပါဘူး ... ကုလားပိန်ရယ် ...  ဒါကလည်း ... အစိုးရက”

“ဟေ့လူ ... ခင်ဗျားက အစိုးရကို ပုံချချင်တာလား ... မရဘူးဗျ ... ခင်ဗျားတို့က ပူးသတ်တွေ ... အစိုးရကို ... လာမထိနဲ့ ... ဒီလိုတည်ဆောက်နေတဲ့အချိန်မှာ စိတ်ရှည်သည်းခံရမယ့်အစား ... တိုင်းပြည်ကို ရောင်းစားချင်နေတာလား ... ကျုပ်တို့က ... ရွေးကောက်ပွဲမှာ မဲရုံရှေ့ ... အင်္ကျီအနီဝတ်ပြီး မကြောက်မရွံ့ စက်ဘီးဖြတ်နင်းခဲ့တာ ... ပေးဆပ်ခဲ့တာဗျ ... နားလည်လား”

ငိုချင်လာပါပြီဗျာ။ သူတို့လာမေးလို့လည်း ဖြေရသေး။ အင်း ... ဖြေတောင်မဖြေရသေးပါဘူး။ ကျွန်တော့်မှာ ခေါင်းစဉ်မျိုးစုံ တပ်ခံလိုက်ရတာ။

“အေးပါကွာ ... ငါဆိုလိုတာက ... အေအေအနေနဲ့ ... ပြည်ထောင်စုက ခွဲထွက် ... ”

“တော်စမ်းပါ ... ကိုဗြိရာ ... စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုကြီးဆီသွားတဲ့လမ်းမှာ ... တိုင်းရင်းသားတွေအပေါ် ... ဒီလိုအပြစ်တင်နေတာဟာ ... ငြိမ်းချမ်းရေးကို မလိုလားတဲ့ ... တိုင်းရင်းသားတွေ ခံစားချက်ကို နားမလည်တဲ့ ... လူမျိုးကြီးဝါဒီ ... ”

လာပြီဟ ... အနှိပ်ဆရာ စောသာထူးကြီး။

လက်သီးကြီးဆုပ်၊ မျက်လုံးပြဲကြီးနဲ့ ... စွပ်စွဲချက် ကွန်တိန်နာတွေနဲ့ ... ။

ဘယ်လိုနေနေ ... အဆဲခံ၊ အကြိမ်းခံ၊ တရားခံဘဝက မလွတ်မယ့်အတူ ... လက်ဖက်ရည်ဖိုးရှင်းပြီး ... ထပြေးလိုက်ရပါတော့တယ်။

အိမ်ရောက်တော့ ...  အားသွင်းခဲ့တဲ့ဖုန်းမှာ မစ်ကောတွေ။

အလို ...  အယ်ဒီတာမင်းများဆီက။

“မောင်ဗြိ ... ဒီတစ်ပတ် စာမူပေးဖို့ အလှည့်နော်”

“ဟုတ်ကဲ့ ... ဒါနဲ့ ... ဘာရေးရမလဲ”

“အခု ဖြစ်နေတဲ့ Current အကြောင်းအရာတွေထဲက တစ်ခုခုပေါ့”

“ဟင်”

ကျွန်တော့်မှာ ခုန လက်ဖက်ရည်ဆိုင် အဆဲမုန်တိုင်းက လွတ်လာတာမှ မကြာသေး။

“ဟိုလေ ... ရေးတော့ ရေးချင်တယ် ... ဒါပေမဲ့ ...  ဒီလိုလုပ်ဗျာ ... တကယ်လို့ ... လက်ညှိုးထိုးစရာတွေ ဖြစ်လာရင် ... ကျွန်တော်ရေးချင်လို့မဟုတ်ဘူး ...  အယ်ဒီတာတွေက ရေးခိုင်းလို့ဆိုပြီး ... ပြောလို့ရမလားဟင်”

အယ်ဒီတာမင်းက တဟားဟား ရယ်ပါတယ်။

“ဘာလဲ ... ကိုဗြိ ... သရော်စာတစ်ပုဒ် ရေးပြီးတိုင်း ... သတင်းစာရှင်းလင်းပွဲပါ ... လုပ်ပေးရဦးမလား ... အယ်ဒီတာတွေရေးခိုင်းလို့ ရေးရတာပါဆိုပြီး”

“ဟဲဟဲ ... အဲ့လောက်တော့ ... မလိုပါဘူးလေ ... ဟဲဟဲဟဲ ... ဟဲဟဲ”

ဒါပါပဲ။

အရင်ကလည်း ကျွန်တော်ဟာ ကိုယ့်ဟာကိုယ် ရေးချင်ရာရေး၊ လုပ်ချင်ရာလုပ်ခဲ့တာပဲ။ လွှဲချစရာ လူရပြီဆိုတော့ ... လုပ်ချင်ရာ လုပ်ရတာ ... ပိုဂေါ်တာပေါ့ဗျာ။

ဟဲ ... ဟဲ ... ဟဲ ... ဟဲ။

ဗြိတိသျှကိုကိုမောင်