News

POST TYPE

SATIRE

ငဖြီးကြီးလို့ သုံးကြိမ်သုံးခါ အော်ပါ
12-Jan-2019
လူကြီးကို ငဖြီးလို့ခေါ်တာတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း မခေါ်လို့က မဖြစ်ပြန်ဘူး။ ငဖြီးလို့မခေါ်ရင် ဘာမှလုပ်တာမဟုတ်။ ငဖြီးလို့ခေါ်လိုက်မှပဲ အလန့်တကြား အလုပ်တွေ ထလုပ်တော့တယ်။ ဒါကြောင့် ငဖြီးလို့ ခေါ်ချိန်တန်ပြီ။ 

အရင်တုန်းက လူတွေက ထောက်ပြကြတယ်။ နေရာဒေသတိုင်းမှာ၊ နယ်ပယ်တိုင်းမှာ။ ရန်ကုန်မှာဆိုလည်း ညစ်ပတ်နေတယ်။ လမ်းတွေ မကောင်းဘူး၊ ကားတွေမကောင်းဘူး၊ ဘာညာပေါ့။ စီးပွားရေးဆိုရင်လည်း မကောင်းသေးဘူး။ ဟိုဟာကတော့ လွဲနေတယ်။ ဒီဟာကတော့ လွဲနေတယ်။ နိုင်ငံရေးမှာလည်း ဒီလိုပဲ ...။ လုပ်တာက တလွဲဖြစ်နေတယ်။ ငြိမ်းချမ်းရေးက ဝေးနေတယ်။ အစုံပြောကြတာပဲ ...။ လူကြီးတွေဟာ မပြင်ကြပါဘူး။ ဂရုလည်း မစိုက်ကြပါဘူး။ သူတို့လုပ်ချင်ရာ လုပ်တာပဲ။

အခုတော့ စမ်းချောင်းအမတ်က မြို့တော်ဝန်ကို ငဖြီးကြီးလို့ ပြောလိုက်တယ်။ လုပ်စရာရှိတာမလုပ်ဘဲ မဆိုင်တဲ့ပွဲတွေ လျှောက်တက်ပြီး ဖြီးနေတယ်ဆိုလား ...။ စမ်းချောင်းအမတ်မို့ ပြောရဲတာပေါ့။ စိုပြေတို့လိုကောင် က မြို့တော်ဝန်ကို ငဖြီးလို့ ဘယ်ပြောရဲမလဲ ...။ မြို့တော်ဝန်တင်မကပါဘူး။ ဝန်ကြီးချုပ်ကိုရော၊ ဝန်ကြီးတွေကိုရော ယုတ်စွအဆုံး ပြည်ထောင်စုအဆင့်က တာဝန်ရှိသူတွေကိုပါ ငဖြီးကြီးလို့ မပြောရဲပါဘူး။

ပြောလဲ မပြောသင့်ဘူး။ သူတို့ အစိုးရမို့လား ...။ မတော်လို့ ဖမ်းကိုင်ထည့်လိုက်ရင် ငါးပိကြော်စားနေရမှာပေါ့။ ငါးပိကြော်တော့မစားချင်ပါဘူး။ သွေးတိုးရှိတော့ မတည့်ဘူးလေ ...။

မြို့တော်ဝန်ဟာ ငဖြီးကြီးပါလို့ စမ်းချောင်းအမတ် ပြောလိုက်တော့ မြို့တော်ဝန် ဘာမှပြန်မပြောရဲဘူး။ အလုပ်တွေ ကုန်းလုပ်တော့တာပဲ ...။ စမ်းချောင်းက နံနေတဲ့ မိလ္လာတွင်းကိုလည်း ရှင်းလိုက်သတဲ့ ...။ လမ်းဘေး ဈေးသည်တွေပါမချန် ရှင်းနေပြီတဲ့ ...။ အားရဖို့ကောင်းလိုက်တာ ...။ ငဖြီးကြီးလို့ ပြောရုံရှိသေး ...။ အလုပ်တွေ လုပ်လိုက်ပုံများ ...။ အရမ်းကို သဘောကျမိပါတယ်။ 

အဲ့တော့လည်း စိုပြေ စဉ်းစားမိတယ်။ လူကြီးတွေဟာ ဒီအတိုင်း ထောက်ပြရင် ဘာမှမပြင်ဘူး။ ဘာမှမလုပ်ဘူး။ လုပ်စေချင်ရင် ငဖြီးကြီးလို့ ခေါ်ရမလိုဖြစ်နေပြီ။ ဥပမာ ... လမ်းတွေပိတ်နေရင် ... လမ်းတွေပိတ်နေတယ် ငဖြီးကြီးရေ ...။ ဈေးသည်တွေ လမ်းပေါ်တက်လာပြီ ငဖြီးကြီးရေ ...။ နောက်ဖေးလမ်းကြားမှာ အမှိုက်တွေချည်းပဲ ငဖြီးကြီးရေ ... စသည်ဖြင့်ပေါ့လေ ...။ ဒါပေမဲ့ ငဖြီးကြီးရေ ဆိုတာကလည်း နာမည်ပေါက်က ရှိသွားပြီ။ မြို့တော်ဝန်ကိုလေ ...။ စမ်းချောင်းအမတ်က နာမည် မှည့်လိုက်တာကိုး ...။ အခြားလူတွေဆိုရင်ရော ဘယ်လို ခေါ်ရမလဲမသိ။ စီးပွားရေးကျတာတို့ ...။ ငြိမ်းချမ်းရေး မရတာတို့ကျတော့ရော ...။ ငဖြီးကြီးရေ ကုန်ဈေးနှုန်းတွေ တက်နေပြီလို့ အော်ပြောရမလား ...။ တစ်သောင်းတန်အတုတွေ ဒုက္ခပေးနေပါတယ် ငဖြီးကြီးရေလို့ အော်ပြောရမလား ...။ စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေပြီ ငဖြီးကြီးရေလို့ အော်ပြောရမလား ...။ မသိတော့ပါဘူး။ မြို့တော်ဝန်က အဲ့နာမည်ကို မူပိုင်ယူထားတော့ ငဖြီးကြီးရေလို့အော်တိုင်း အခြားလူတွေက ဂရုမစိုက်မှာလည်း စိုးရိမ်မိတယ်။ 

အဲ့တော့ စမ်းချောင်းအမတ်ကို ပြန်တောင်းပန်ရတော့မှာပဲ ...။ အမတ်မင်းရေ မြို့တော်ဝန်ကို ငဖြီးကြီးလို့ ခေါ်နေတာကို ရုပ်သိမ်းပေးပါ။ ငဖြီးကြီးဆိုတာကို မြို့တော်ဝန်တစ်ယောက်တည်းကို မရည်ညွန်းပါနဲ့ ...။ အခြားသော ဖြီးဖြန်းနေတဲ့ဝန်ကြီး၊ ဝန်ကလေး၊ ဝန်ကြီးချုပ်ကအစ အခြားလူတွေကိုပါ ...။ ငဖြီးကြီးလို့ နာမည် ပြောင်းမှည့်ပေးပါလို့ ...။ 

မဟုတ်ရင် ...။ အခြားငဖြီး၊ ငဖြိန်းတွေက သူတို့က ငဖြီးမဟုတ်ဘူးဆိုပြီး ငြင်းနေကြဦးမယ် ....။ ငြိမ်နေကြဦးမယ်။ အခြားလူတွေလည်း မဖြီးတာမှမဟုတ်တာ။ နေ့တိုင်း သူတို့ဖြီးတာတွေကို သတင်းတွေမှာ တွေ့နေတာပဲလေ။ အဲ့တော့ ... ငဖြီးဆိုသည်မှာ ... မြို့တော်ဝန် တစ်ယောက်တည်းကို ရည်ညွန်းခြင်းမဟုတ်ကြောင်း ...။ အခြားသော အာဏာပိုင် ငဖြီးများကိုလည်း ငဖြီးဟု ခေါ်ကြောင်း ...။ အလုပ်ကောင်းကောင်း မလုပ်သူတိုင်းကို ငဖြီးဟုခေါ်မည်ဖြစ်ကြောင်း ... စသည်ဖြင့် ကြေညာပြီးရင်တော့ ...။ လူတိုင်းလူတိုင်းဟာ ... အစိုးရကို တစ်ခုခုလုပ်စေချင်ရင် ...။ တစ်ခုခုမှားယွင်းနေရင် ...။ 

ငဖြီးကြီးရေ ... ဒါလေးလုပ်ပေးပါဦး ...။ 

ငဖြီးကြီးရေ ... ဒါလေး ကူညီပါဦး ...။ 

ငဖြီးကြီးရေ ... ဒါလေး လွဲနေပါတယ် ... ဆိုပြီး 

ငဖြီးကြီး၊ ငဖြီးကြီး၊ ငဖြီးကြီးလို့ သုံးကြိမ်သုံးခါ အော်ခေါ်ပြီး ခိုင်းကြပါလေ ...။

စိုပြေ