News

POST TYPE

SATIRE

လက်အုပ်ချီခြင်း အနုပညာ
06-Jan-2019


“ဘယ်ကန်တော့ပွဲမှာ ဘယ်သူကြီးလာ မှန်းမသိဘဲ ဘယ်သူက သွားတက်ရင်း ကန်တော့လိုက်တော့ ဘာတွေဖြစ်ကုန်တယ်ဆိုပဲ”

ဘာတွေမှန်းတော့ မသိ။

“ဘယ်လိုတောင်လားဟယ်...ဒီလူကြီးကိုမှ ကန်တော့တယ်ဆိုတော့...ဒီလူကြီး လုပ်သမျှ ခံခဲ့ရသူတွေကို ဘယ်လောက်တောင် စော်ကားလိုက်တယ်ဆိုတာ ဘယ်သူက မသိဘူးလား”

အင်း...ဒီလိုဆိုတော့လည်း ဟုတ်တာပဲ။ ဒီမြင်ကွင်းကြီးက တော်တော်လွန်ပါတယ်။ အတူတူတိုက်ပွဲ ဝင်လာကြပြီး သူဒုက္ခပေးတာခံရတဲ့ ရဲဘော်ရဲဘက်တွေကိုမှ အားမနာ။

ဆွမ်းဆန်စိမ်းထဲ ကြွက်ချေးရောပါနေတာကို သိသိကြီးနဲ့ မဖယ်ဘဲ ချက်စားရင်တော့ ကြွက်ချေး ကြိုက်လို့လို့ လူတွေက မှတ်ကြမှာပဲ။

ဟယ်... ဒါမျိုးကတော့ မိမိလက်မခံ။

“ဖိတ်တဲ့သူက ဖိတ်တာ။ သူက ဘယ်သိမှာလဲ။ ထပြန်လို့လည်း ရတာမဟုတ်။ တစ်ယောက်တည်း ကွက်ချန်ပြီး မကန်တော့လို့လည်း ဖြစ်တာမဟုတ်။ ဒါတော့ နားလည်ပေးသင့်ပါတယ်”

ဪ...ဂလိုလား။

နို့...သိမှ မသိဘဲ။

ပုံမြင်ပြီး စွတ်ပြောမိသွားတယ်။ အားနာလိုက်တာ။

အေးလေ...အေးလေ...ဒါ အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ ကန်တော့ပွဲပဲ။ ကိုယ့်အလှည့်ကျမှ မကန်တော့ဘဲ ထပြန်လို့ ဘယ်ရမလဲ။ ကလေးကစားတာမှ မဟုတ်တာ နော့လေ။

“သီးသန့်ခန်းထဲ တစ်ယောက်တည်း ခေါ်တွေ့ပြီး ဆွေးနွေးသေးတာတဲ့...”

ဟင်...ဟုတ်လား။

အင်း...ဘယ်လိုကြီးလဲနော်။

အဲ့ဒီရက်ကလည်း ချဲထွက်ခါနီးကြီးဆိုတော့ ဘာထိပ်စီးကောင်းလဲ တိုးတိုးတိတ်တိတ် ခေါ်မေးတာများလား။

ဟယ်...ပေါက်တတ်ကရတွေ လျှောက်တွေး မိပြန်ပြီ။

“ဘယ်ကသာ...ဒါ နိုင်ငံရေးလှည့်ကွက်တွေ...နိုင်ငံရေးအရ အသာစီးယူတာ...ကန်တော့ချင်လို့ ကန်တော့တာမဟုတ်ဘူး...ခေါ်တွေ့ချင်လို့ ခေါ်တွေ့ တာမဟုတ်ဘူး... နိုင်ငံရေးအသာစီးယူတာ...နိုင်ငံရေး... နိုင်ငံရေး”

အင်း...ဒါလည်း ဟုတ်နိုးနိုးပဲ။ ဖေ့စ်ဘွတ်ခ်ပေါ်က နိုင်ငံရေးဆရာကြီးတွေ ပြောတာဆိုတော့ မယုံလို့က မဖြစ်ပြန်။

ဒီလို လက်အုပ်ကလေးချီ...ဖင်ကလေးထောင် ကန်တော့ရင် နိုင်ငံရေးအရ အသာစီးရတယ်ဆိုတာ အရင်က မသိခဲ့တာနာတယ်။

ဆောခရတ္တတို့၊ ဖူးကိုးတို့၊ မာခီယာဗယ်လီတို့ ရဲ့ နိုင်ငံရေးဒဿနကျမ်းတွေမှာတောင် ဒါမျိုးသီအိုရီက ရှာမရဘူး။

ထောင့်ငါးရာတန်ဆင်းမ်ကတ်နဲ့ ဖုန်းကလေး ပွတ်မှ ဒါမျိုးတွေက သိရတာ။ တိတ်တိတ်လေး ကျိတ်မှတ်ထားမှ။

တစ်ချိန် ကိုယ်လည်း ဝန်ကြီးလေး ဘာလေးဖြစ်ရင် အမေပေးတဲ့ လက်အုပ်ကလေး နှစ်ဖက်သုံးပြီး အားလုံးကို နိုင်ငံရေးအရ အသာစီးယူမှ ဖြစ်မယ်လေ။

အခုကတည်းက လက်အုပ်ချီကန်တော့နည်းလေး ကျင့်သင့် ကျင့်ရတော့မှာပဲ။

“စံနှုန်းနဲ့ညီလို့ ဖိတ်လိုက်တာ...စံနှုန်းနဲ့ ညီလို့”

အလို...ထိုလူကြီးကား သိကြားမင်းကြီးပေကလား။ ဘဝမှာ ကိုယ်ဖြစ်ချင်ရာ ပရော်ဖက်ရှင်နယ်ကို ဝုန်းခနဲဖြစ်သည့်ကျောင်းများ ရှိလေသလား။ ထိုထို ကျောင်းကြီးမှာ ပညာဆည်းပူးခဲ့လေသော ပညာရှိကြီးပေတကား။

ဟုန်းခနဲ ဆိုသလို ကန်တော့ခံပညာရှိ စာရေးဆရာချုပ်ကြီးဖြစ်သွားတာလည်း အားကျငေးမောရပါဘိ။

“သူက အသက်ကြီးတဲ့လူပဲ။ ပြီးတာတွေလည်း ပြီးခဲ့ပါပြီ။ ကန်တော့တော့ရော ဘာဖြစ်သွားလဲ”

အခုခေတ်လူတွေဟာလေ...ဂါရဝေါစ နိဝါတောစ ဆိုတဲ့ မင်္ဂလာတရားကို နားမလည်ဘူး။ ကန်တော့တော့ ဘာဖြစ်သွားတုံး။ ဇီးပင်ကြီးကိစ္စတောင် ပျောက်သွားသေးတယ်လေ။

“ကျုပ်တို့ကတော့ လက်မခံဘူး။ သူပါလို့ ပွဲကနေ ပြန်ခဲ့တယ်။ ဒီအသင်းက နုတ်ထွက်တယ်”

အလို...ဝါရင့် စာရေးဆရာအစစ်ကြီးတွေကတော့ ပြောကုန်ပြန်ပြီ။

ဒါဆို ခုန အသစ်စက်စက် ကန်တော့ခံ အဘကြီးဟာ စာရေးဆရာကြီး မဟုတ်တော့ပြန်ဘူးလား။

နို့...သူက စာအုပ်ကိုးအုပ်တောင် ထုတ်ခဲ့တာဆို။

သူ့စာအုပ်ကို နိုင်ငံခြားတိုင်းပြည်တစ်ခုကတောင် “စင်းတောက်” ကျမ်းဆိုပြီး ဘာသာပြန်ထုတ်ဝေမယ်လို့ ဆိုလာပါကလား။

ဆင်မလိုက်ဈေးမှာ ဝက်သတ်လာရာကနေ အလုပ်ပြောင်းပြီး ကားနံပါတ်ဆိုင်းဘုတ်ပြားရေးတဲ့ ကိုအေးညွန့်ကြီးလည်း အသက်ရှစ်ဆယ်ပြည့်ပါလျက်၊ ဒီလောက်စာတွေရေးပါလျက်နဲ့ အကန်တော့မခံသင့်ဘူးလား။

စဉ်းစားတာ။ စဉ်းစားတာလေ။

လိုက်လို့ကို မမီတော့ဘူးရယ်။

“ဒါ ရင်ကြားစေ့တာ။ ခွင့်လွှတ်ခြင်း၊ သင်ပုန်းချေခြင်းအနုပညာကို ပြသတာ။ ရင့်ကျက်တာကို ပြတာ။ အာဃာတတွေ ခဝါချတဲ့ မြင့်မြတ်စိတ်ထား နှလုံးသားကို ဖော်ကျူးတာ... ခင်ဗျားတို့ သူ့လောက်ခံခဲ့ရလို့လား”

အလို...ငါမှားပါပေါ့လား။

ခုန ဒါမျိုးလက်မခံလို့ ပြောမိတာ အမှားကြီး မှားပါပေါ့လား။ တကယ်ခံခဲ့ရတဲ့သူတောင် ဒီလို ကြီးမြတ်တဲ့ သဘောထားရှိခဲ့တာ။

သူ့လောက်မခံခဲ့ရတဲ့ ငါဟာ ခန္တီစ သည်းခံခြင်း တရားကိုတောင် နားမလည်တဲ့ လူ့အရိုင်းအစိုင်းကြီး ဖြစ်ပါပေါ့လား။

ခေါင်းဖြူစွယ်ကြိုး ဘိုးဘိုးအပေါ် ကရုဏာမထား သွေးအေးရက်စက်စွာနဲ့ မကန်တော့သင့်လို့ ပြောမိတဲ့ အမိုက်အမဲကောင်ပါတကား။

ခွင့်လွှတ်သည်းခံခြင်းအပြည့်နဲ့ သင်ပုန်းချေ ရင်ကြားစေ့ရေးမှာ ငါတို့ဟာ မရင့်ကျက်တဲ့ ဇီးရိုးသုည လူ့ဗာလကြီးတွေပါတကား။

သူတော်ကောင်း သူမြတ်လောင်းတွေရဲ့ ပါရမီ ဖြည့်နေတဲ့ဘဝကို မကူညီတဲ့အပြင် ကဲ့ရဲ့မိတဲ့ငါဟာ ငရဲကို ဇောက်ထိုးဆင်းရတော့မှာပါလား။

နိုင်ငံတော်ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးကို ဖျက်ဆီးမိတဲ့ သမိုင်းတရားခံကြီးဖြစ်နေပါလား။ ဒီလိုတော့ အဖြစ်မခံသင့်ဘူး။ မဖြစ်စေရဘူး။

ဒီဂလောက်ငြိမ်းချမ်းရေးခေတ်စားတဲ့ ခေတ် ကြီးထဲမှာ ငြိမ်းချမ်းရေးကို မလိုလား၊ ရင်ကြားစေ့ရေးကို ဖျက်ဆီးတဲ့ အကောင်ဆိုးကြီးမဖြစ်အောင် ဘဘကို ငါပါ ရောကန်တော့မှ တော်ကာကျရောမယ် မဟုတ်လား။

ကဲ...အဘ။ အဘ။ အဘရေ။

လွတ်အောင်သာ ပြေးပေတော့။

လက်အုပ်တချီချီနဲ့ ကျွန်တော် အဘကို လိုက်ရှာနေပြီ။

တွေ့ရာသင်္ချိုင်း လက်အုပ်မဆိုင်းပဲ...ကန်တော့ပြီဗျာ...ကန်တော့ပြီ။

ဗြိတိသျှကိုကိုမောင်


  • VIA