News

POST TYPE

SATIRE

အစိုးရပြောင်းမှ ရေချိုးမည်
30-Dec-2018
ဒီအစိုးရလက်ထက်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုရှိတယ်။ အဲ့ဒါက တော်တော်ချမ်းလာတာပဲ။ အရင်ကရန်ကုန်ဆောင်းဟာ ဘယ်အေးလို့တုံး။ အခုမှအေးတာ။ ဒါကိုလည်း ရန်ကုန်လွှတ်တော် ဒုဥက္ကဋ္ဌကြီးက အတည်ပြုတယ်။ ဘာတဲ့ အစိုးရသစ်လက်ထက်မှာ သစ်ပင်မခုတ်ဘဲ အပင်တွေစိုက်လို့... အခုလို ချမ်းလာတာဆိုပဲ။ 

“ကျွန်တော်လွမ်းလို့ ငိုရတော့မယ် မမရေ” ဆိုတဲ့ သီချင်းလေးရှိတယ်။ အဲ့သီချင်းထွက်တာ စောသွားလို့။ ဒီဆောင်းရောက်မှသာ ထွက်ရင်... “ကျွန်တော် ချမ်းလို့ တိုရတော့မယ် ဘဘရေ” ဆိုပြီး ဖြစ်သွားနိုင်တယ်။ 

ဘာပဲဖြစ်ဖြစ် သုံးနှစ်အတွင်း သစ်ပင်တွေ ဒီလောက်စိုက်နိုင်တာ အံ့ဩစရာပဲ။ အပင်က အကြီးလည်း တော်တော်မြန်တယ်ထင်ရဲ့...။ ချက်ချင်းကြီးကို အေးလာလိုက်တာများ...။ ယုံနိုင်ဖွယ်တောင်မရှိဘူး။ ဒါပေမဲ့လည်း လက်တွေ့မှာ အေးနေပြီဆိုတော့ ယုံရမှာပဲလေ။ တရုတ်က လေအေးတွေ ဝင်လာတယ်ဆိုတာလည်း ကောလာဟလပဲ ဖြစ်မှာ။ အရာရာကို အမြတ်ကြီးစားနေတဲ့တရုတ်ဟာ လေအေးအေးကို မြန်မာပြည်ထဲ အလကားပေးဝင်မလား...။ 

အရင်အစိုးရအဆက်ဆက် အပင်ခုတ်ခဲ့သူတွေ ရှက်ဖို့ကောင်းတယ်။ ဒီအစိုးရကို ဆက်လက်တည်မြဲအောင်လည်း ဆုတောင်းမှ။ နို့မို့ အခြားအစိုးရတက်လို့ အပင်တွေခုတ်နေရင် ပြန်ပူနေဦးမယ်။ 

အခုဆို မောင်စိုပြေဟာ ချမ်းလွန်းလို့ ရေမချိုးတာအတော်ကြာပြီ။ ပျင်းတာလည်း ပါတာပေါ့လေ။ ရာသီဥတုပြန်ပူမှပဲ ရေချိုးတော့မယ်လို့ စဉ်းစားထားတယ်။ ဒါပေမဲ့ ဒါဟာ ဖြစ်နိုင်ပါတော့မလား...။ 

NLD အစိုးရတက်တာ သုံးနှစ်ပဲရှိသေးတယ်။ ဒါတောင် ဒီလောက်အေးနေရင်...။ နှစ်ကြာလာတာနဲ့ အမျှ ပိုအေးလာဖို့ပဲရှိတယ်။ သုံးနှစ်မှာ ဒီလောက်အေးရင် နှစ်သုံးဆယ်လောက်များ အုပ်ချုပ်လိုက်လို့ကတော့.... ရန်ကုန်မှာ ရေတွေ ခဲကုန်မယ်ထင်တယ်။ ဝင်ရိုးစွန်းလိုပေါ့။ 

ဒါဆိုရင်တော့ မောင်စိုပြေဟာ တစ်သက်လုံး ရေမချိုးဘဲ ဂင်းနစ်ဆုတွေ ဘာတွေ ရကုန်မလား မပြောတတ်။ စိုပြေတစ်ယောက်တည်းတော့ ချမ်းလွန်းရင် ရေမချိုးတာမဟုတ်ဘူးရယ်...။ တချို့တွေလည်းရှိတယ်။ ချမ်းရင် ရေမချိုးကြတော့ဘူး။ အပူပိုင်းနိုင်ငံကိုး။ ဒီတော့လည်း ချမ်းတာကို အရသာခံကြတာပေါ့။ မြန်မာတွေ တစ်ပြုံကြီး ရေမချိုးဆုံး ဂင်းနစ်ဆုတွေ ရကုန်ရင်တော့ ဒီအစိုးရကျေးဇူးပေပဲ။ 

တစ်ခုတော့ ရှိတယ်။ လူတိုင်းက အေးတာကို မကြိုက်ကြဘူး။ ပူတာကို ကြိုက်တဲ့လူလည်းရှိတာပဲ။ ဒီလူတွေတော့ ဒုက္ခရောက်မှာပေါ့လေ။ စိုပြေ့ မိတ်ဆွေ တချို့လည်း ပူတာကို ကြိုက်ကြတယ်။ 

ဒီအစိုးရလက်ထက်မှာ အေးလွန်းလို့ သူတို့ဟာ မပျော်ကြဘူး။ ပူစေချင်တာကိုး။ ဒီတော့ ဒီအစိုးရကို နောက်ရွေးကောက်ပွဲ မနိုင်အောင်လုပ်နေကြတယ်။ ဒီအစိုးရ စိုက်ထားတဲ့ သစ်တောတွေကို မီးရှို့ဖို့တောင် လုပ်နေကြတာ...။ ဒါပေမဲ့ အစိုးရက ဝှက်ပြီး စိုက်ထားလို့လားမသိဘူး။ သူတို့ ရှာမတွေ့ရှာဘူး။ တော်သေးတာပဲပေါ့။ အဲ့တော့ သူတို့ဟာ အရင်အစိုးရအဟောင်းကို ပြန်မျှော်ကြတယ်။ အရင်ခေတ်ကဆို ပူတာကိုး။ ဒါကြောင့် အေးလွန်းတဲ့ အစိုးရခေတ်မှာ ကန့်လန့်တိုက်ကြတယ်။ 

အင်းလေ... ဒီအစိုးရလက်ထက်မှာမှ အေးလွန်းတာကိုး။ အရင်အစိုးရတွေလက်ထက်က ဘယ်အေးလို့ တုံး။ အေးခဲ့ရင်တောင် ဒီအစိုးရလောက် ဘယ်အေးမတုံး။ 

ဒီအစိုးရခေတ်မှာ တကယ်ကိုအေးတာပဲ။ စီးပွားရေးလည်းအေး...။ နိုင်ငံရေးလည်းအေး...။ ငြိမ်းချမ်းရေးကလည်းအေး...။ အကုန်လုံးအေးနေမှတော့ အခုဆို ဆောင်းတွင်းလည်း အေးပြီပေါ့လေ။ 

ဘာပဲဖြစ်ဖြစ် အေးတာချမ်းတာဟာ ကောင်းပါတယ်။ နိုင်ငံတကာမှာပဲကြည့်...။ အေးလွန်း ချမ်းလွန်း တဲ့ ဥရောပတိုင်းပြည်တွေက တိုးတက်ကြတယ်မဟုတ်လား...။ မြန်မာပြည်ဟာ NLD အစိုးရအုပ်ချုပ်လို့ ရေတွေ ဘာတွေ ခဲကုန်ရင်...။ တိုးတက်တဲ့ တိုင်းပြည် ဖြစ်ချင်ဖြစ်လာမှာပေါ့။ 

ပြီးတော့ အခုဆိုရင်...စီးပွားရေးသမားတွေက အဲကွန်းတွေအစား...။ အပူပေးစက်တွေ တင်သွင်းဖို့ လုပ်နေပြီ။ ပိုက်ဆံရှိတဲ့လူတွေကလည်း အိမ်တွေထဲမှာ မီးလင်းဖိုတွေဘာတွေ ထည့်ဆောက်ကုန်ကြပြီ။ ရေခဲသေတ္တာတွေတောင် အရောင်းထိုင်းကုန်တာကိုး။ ဘာပဲဖြစ်ဖြစ် အေးလာရင် အဲကွန်းတွေ တင်သွင်းစရာ မလိုတော့ဘူး။ ရေခဲသေတ္တာတောင် သိပ်သုံးကြတော့ မယ်မထင်ဘူး။ ဒါဆို နိုင်ငံခြားငွေလည်း မကုန်တော့ဘူးပေါ့လေ။ 

လောလောဆယ်တော့ စိုပြေ့မိန်းမဟာ တော်တော် စိတ်ညစ်နေပြီ။ စိုပြေ ရေမချိုးလို့တဲ့။ နံမှာပေါ့။ တကယ်တော့ ဒါဟာ အစိုးရနဲ့ ဆိုင်တာလေ။ အစိုးရက အေးလွန်းအောင်လုပ်ထားတော့ ရေဘယ်ချိုးချင်မလဲ။ ပူမှ ရေချိုးလို့ ကောင်းတာမဟုတ်လား...။ အဲ့တော့ စိုပြေကတော့ စဉ်းစားထားတယ်။ အစိုးရပြောင်းမှပဲ ရေချိုးတော့မယ်လို့...။ ဒီကြားထဲတော့ ရေမချိုးဘဲ ဂင်းနစ် စံချိန်ဝင်အောင် စောင့်လိုက်ဦးမယ်...။ 

စိုပြေ




  • VIA