POST TYPE

SATIRE

သရဏဂုံ ခရီးသွား
23-Oct-2016 tagged as

အမှန်ကို ဝန်ခံရလျှင်ဖြင့် မောင်ဗြိ ဒီတစ်ပတ် သရော်စာ မရေးချင်ဘူးဗျ။ မရေးချင်ဆို ကြားရ မြင်ရတဲ့ သတင်းတွေကိုပဲ ကြည့်။ စိတ်မကောင်းစရာတွေချည်း။

မောင်တောဘက်မှာ အကြမ်းဖက်သမားတွေက ကင်းစခန်းတွေကို ဝင်သတ်ဖြတ်တဲ့ သတင်းပြီးတာမှ မကြာသေးဘူး။ ဟော လာပြန်ပြီ . . . ချင်းတွင်းမြစ်ထဲ စက်လှေ မှောက်သတဲ့ဗျာ။ လူသုံးဆယ်လောက်ပဲ တင်ခွင့်ရှိတဲ့ စက်လှေပေါ် လူရာချီ တင်သတဲ့။

တောသူ တောင်သားတွေ၊ ပြည်သူ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမလေးတွေ၊ ဆရာဝန်တွေ သေကြတဲ့ သတင်း ကြားရတာဖြင့် ရင်ထဲ တယ်မချည့်လှဘူးဗျာ။

သရော်စာ ဆိုတာကလည်း ကိုယ်ဝေဖန်ချင်တဲ့ အကြောင်းအရာကို အသော့လေး အထေ့လေးနဲ့ ဟာသ ဉာဏ်လေးကူပြီး ရေးရတာမျိုး။ စိတ်အကြည် ဓာတ်မရှိရင် ဘယ်လိုမှ ရေးမရဘူးရယ်။

သို့ပေတည့် . . . အပတ်စဉ် အစဉ်အလာ မပျက် ဆိုတော့ ရေးရတော့တာပေါ့ဗျာ။

တခြားတော့ မဟုတ်ပါဘူး။ ခုနပြောခဲ့တဲ့ ချင်းတွင်း စက်လှေမှောက်တဲ့ သတင်းကို ဖတ်ဖတ်ရချင်း မနက်ခင်းမှာ မောင်ဗြိ ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးပါ။

အဲ့ဒီနေ့က မောင်ဗြိတစ်ယောက် မြို့ထဲကိုသွားပြီး ဘတ်စ်ကား စီးတယ်ဗျ။ ဘတ်စ်ကားကလည်း နေရာ ရချင်တော့ ဒရိုင်ကားမောင်းတဲ့ခုံရဲ့ တစ်ဖက်ခြမ်းက ခုံမှာ။ မောင်ဗြိလည်း အဲ့ဒီ ခုံလေးမှာ ထိုင်ပြီး ပါလာတဲ့ သတင်းစာလေး ထုတ်ဖတ်ပေါ့။

“ချင်းတွင်းမြစ်အတွင်း စက်လှေ တိမ်းမှောက်။ ပျောက်ဆုံးနေသူများအား လိုက်လံရှာဖွေ”

“သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်သော ဆရာ၊ ဆရာမများ ပျောက်ဆုံး”

အလို။ ချင်းတွင်းမြစ်ထဲ စက်လှေ မှောက်သတဲ့။ လူတွေ သေသတဲ့။

“ဝုန်း...အို့...အမေ့...သေပါပြီ”

ဟဲ့ ... ပလုတ်တုတ် ... ကားပါမှောက်ပြီလား။

ဘယ်ဟုတ်မလဲဗျာ။ ဘတ်စ်ကား အချင်းချင်း တစ်စီးနဲ့ တစ်စီးဖိုက်တာ။

တစ်စီးကကျော်အတက်မှာ တစ်စီးက ပိတ်ပစ် လိုက်တော့ ဘရိတ်ကို ခပ်ကြမ်းကြမ်း အုပ်လိုက်တာ။ မတ်တတ် ရပ်လိုက်လာတဲ့ လူတွေမှာ အလဲလဲ အပြိုပြို။ ဟိုဘက်ကားက ယာဉ်အကူ လူကြီးမင်းနဲ့ မောင်ဗြိတို့ဘက်ကားက ယာဉ်အကူ လူယဉ်ကျေးတို့ဟာ အချင်းချင်း ငါနဲ့ကိုင်တုတ် နှုတ်ဆက်အပြီးမှာ အခြေအနေက ပြန်တည် ငြိမ်သွားပါပြီ။

ဒါနဲ့ မောင်ဗြိလည်း နောက်ထပ် ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲသတင်းတွေ ပြန်ဖတ်နေလိုက်သပေါ့။

“ဟေ့လူ ... ဟေ့လူ ... ခင်ဗျားထိုင်တဲ့ ခုံအောက်က သံတုတ် ... သံတုတ် ပေးစမ်းပါ”

စပယ်ယာက မောင်ဗြိကို လှမ်းအော်တယ်။

အလို ... ဘာဖြစ်ပြန်ပြီတုံး။ မောင်တောဘက်က အကြမ်းဖက်သမားတွေ ကားပေါ်များ တက်လာလို့လား။ အဲ့ဒီလို တွေးနေတုန်း ... တုတ်တောင်းနေတဲ့ ယာဉ်အကူ လူယဉ်ကျေးကို ဟိုဘက်ကားက ယာဉ်အကူ လူကြီးမင်းက တက်လာပြီး လက်သီးတစ်လုံး ကျွေးထည့်လိုက်တာဗျာ။

စပယ်ယာချင်းက ကားအဝမှာ ဖိုက်တင်ဆွဲနေချိန်မှာ။ နှစ်ဖက် ဒရိုင်ဘာတွေကလည်း သံတုတ်ကိုယ်စီနဲ့ဗျ။ 

ဒါမျိုးကျ မောင်ဗြိတို့က ဘယ်ရမတုံး။ ချက်ချင်း နေရာကထပြီး ပုဆိုးကို ခပ်တိုတိုဝတ်၊ သတင်းစာကို ခါးကြားထိုးပြီး ပွင့်နေတဲ့ ပြတင်းပေါက်ကနေ အောက်ကို ခုန်ချတာပေါ့ဗျာ။ နို့မို့ သူတို့ အချင်းချင်း ဖြစ်နေတဲ့ သံတုတ်တွေအောက် ကိုယ်အသက် ပျောက်သွားရင် မခက်လား။

အဲ့ဒီလိုပါဗျာ။ ချင်းတွင်းမြစ်ထဲ မဟုတ်ဘဲ ရန်ကုန်မြို့က ပေတစ်ရာ လမ်းပေါ်မှာလည်း အချိန် မရွေး မာလကီးယား နိုင်တယ်ဆိုတာ မောင်ဗြိတစ်ယောက် ကိုယ်တွေ့ဗျိုး။

အောင်မယ် ... ကားပေါ်တင်မကဘူးဗျ။ လမ်းပေါ်မှာလည်း ခေါက်ခနဲ သေသွားနိုင်တဲ့ သေမင်းတွေက အပြည့်။

ဟိုတစ်ရက်ကလည်း မောင်ဗြိ ဆူးလေမီးပွိုင့်မှာ ကားလမ်း ဖြတ်ကူးတယ်။ နိုင်ငံကြီးသားပီပီ မျဉ်းကျားက ကူးတယ်ပေါ့။ အလိုလေး ကားတစ်စီးက အရှိန်နဲ့ မောင်းလာတာဗျို့။ အနားရောက်တော့ ရပ်မပေးတဲ့အပြင် အော်လိုက်သေးတာ။

ဟေ့ကောင်တောသား ... ကားလာတာ မမြင်ဘူးလားတဲ့။

စည်းကမ်းကို လိုက်နာပြီး မျဉ်းကျားက ကူးတာကို ဒီလို လာဖြဲလို့ကတော့ မောင်ဗြိတို့က ဘယ်ခံလိမ့်မတုံးဗျာ။ နောက်ပြန်လှည့်ပြေးတာပေါ့။ ဒါတောင် မြို့တွင်းမြို့ပြင် ဘတ်စ်ကားနဲ့သွားတဲ့ ခရီးတိုပဲ ရှိသေး သဗျာ။ တစ်နယ်တစ်ကျေးခရီးစဉ်တွေဆို ဟိုအမြန် လမ်းကြီးပေါ်တက်တာနဲ့ မောင်ဗြိတစ်ယောက် ရသမျှ ဘုရားစာ အကုန်ရွတ်တော့တာပဲ။ အဲ့ဒီလမ်းပေါ်မှာ ကားတွေများ အလှည့်ကျ မှောက်ကြ၊ သေကြသမှ အမြန်လမ်းအစား မပြန်လမ်းလို့ပါ နာမည်ပြောင်းရ မလိုမျိုးပဲ။

ခက်တော့လည်း ခက်သားဗျာ။

အဲ့ဒီလိုရယ်ပါဗျာ။ မျဉ်းကျားက လမ်းကူးလည်း သေမှာကြောက်ရ၊ ဓာတ်တိုင်အောက် ဖြတ်လျှောက်လည်း သေမှာ ကြောက်ရ။ ချင်းတွင်းမြစ်လောက် မပြောနဲ့ ရေအိုင်လေး ဖြတ်ကူးတာတောင် ဓာတ်လိုက် သေမှာ စိုးရသဗျာ။

မောင်ဗြိတို့ နိုင်ငံမှာ ဟိုအစိုးရက ဘာဖြစ်တယ်၊ ဒီအစိုးရက ဘာဖြစ်တယ်။ တိုက်ပွဲတွေသာ ဆင်နေတာ။ ခံလိုက်ရရင် ပြည်သူတွေချည်းပဲကိုးဗျ။

ချင်းတွင်းမြစ် ကိစ္စကိုပဲကြည့်။ သေစရာရှိ စက်လှေပိုင်ရှင်လည်း မသေဘူး။ မြစ်ကြောင်း ခရီးသွားလာရေးမှာ တာဝန်ရှိတဲ့ လူကြီးတွေလည်း မသေဘူး။ သေရင် ပြည်သူတွေပဲ သေတော့တာ။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ဝန်ဆောင်မှုပြည့်ဝတဲ့ ပို့ဆောင်ရေး လုပ်ငန်း အားလုံးကို မောင်ဗြိတော့ ကျေးဇူးတင်တယ်။

အလို ... ငဗြိနှယ် ... ဒီလောက် မရဏလမ်း မြန်းအောင် ပို့ပေးနေတာကို မောင်ရင်က ကျေးဇူးတင်စရာလားလို့ ထင်ကြရော့မယ်။

ဒီလိုရယ်ဗျ။

မောင်ဗြိဆိုတဲ့ကောင်က တစ်လနေမှ တစ်ခါ ဘုရားရှိခိုးတာ မဟုတ်ဘူး။ ဘုရားနဲ့ တရားနဲ့ ဝေးနေတာကြာပေါ့။

ဟော့ ... အခုလို လူတွေသေ၊ လှေတွေမှောက်၊ ကားတွေတိုက် သတင်းတွေကြားရ၊ ကိုယ်တိုင်ကြုံ လာရတော့ ဒီယာဉ်တွေ စီးနေသမျှ ငါလည်း သေရမှာ ပါလားဆိုပြီး နှလုံးသွင်းမိတယ်။

ဒီတော့ အခုနောက်ပိုင်း အပြင်ထွက်မယ်ဆိုတိုင်း၊ ခရီးသွားမယ်ဆိုတိုင်း ဘုရားစင်ရှေ့ ငုတ်တုတ် ထိုင်ပြီး ကိုယ့်ဘာသာ သရဏဂုံ အရင်တည်ပြီးမှ ထွက်တော့တယ်ဗျ။ ခရီးထွက်တဲ့အခါ ကားပေါ်တို့၊ စက်လှေပေါ်တို့ဆိုလည်း ရှိသမျှဘုရား အကုန်အာရုံပြု၊ ရသမျှ တရား အကုန်ရွတ်ဖတ်နေတော့ ကုသိုလ်လည်း ရတာပေါ့။

အဲ့ဒီလိုမျိုး ပို့ဆောင်ရေး လုပ်ငန်းတွေရဲ့ ကောင်းမှုကြောင့် ဘုရားနဲ့ တရားနဲ့ သရဏဂုံ ခရီးသွားတစ်ယောက်ဖြစ်ရတာ နည်းတဲ့ကုသိုလ်လား။

ဒါပါပဲဗျာ။

ဘယ်သူ့ကိုမှ အပြစ် မတင်တော့ပါဘူး။

ခရီးထွက်တိုင်း ကိုယ့်ဘာသာပဲ သရဏဂုံတင် ထားပါတော့တယ်။

ဗြိတိသျှကိုကိုမောင်

  • TAGS