News

POST TYPE

SATIRE

လူပြိန်းမကြိုက်တဲ့ ရန်ကုန်
02-Dec-2018

အစတုန်းက ရန်ကုန်အစိုးရကို သိပ်မကြိုက်။ လူပြိန်းကြိုက်တွေ လုပ်နေသည်ဟု ထင်မိသည်။ အခု နောက်ပိုင်းတော့ အဲ့လိုမဟုတ်။ ရန်ကုန် အစိုးရလုပ်တာတွေကို လူပြိန်းတွေ မကြိုက်ကြတော့...။ ဒါကြောင့် ရန်ကုန်အစိုးရကို လူပြိန်းတွေ ဝေဖန်ကြလေတော့သည်။ 

မန္တလေးကတော့ ပြောင်းပြန်။ စတက်ခါစက လူပြိန်းကြိုက်တာတွေ သိပ်မလုပ်။ အခုနောက်ပိုင်းတော့ လူပြိန်းကြိုက်တာတွေ လုပ်လာသည်။ ဒါကြောင့် အခုနောက်ပိုင်းဆို မန္တလေးအစိုးရကို လူပြိန်းတွေ မဝေဖန်ကြတော့။ လူပြိန်းတွေ ချီးကျူးကုန်ကြလေသည်။ 

ရန်ကုန်အစိုးရ တက်ခါစက အကြီးကြီးတွေမလုပ်။ သေးသေးလေးတွေပဲ လုပ်သည်။ ရန်ကုန်မှာ မြောင်းတွေပိတ်တာကို ရှင်းသည်။ ကားလမ်းပိတ်တာကို ရှင်းဖို့ကြိုးစားသည်။ လမ်းတွေပြင်ဖို့လုပ်သည်။ လမ်းဘေးဈေးသည်တွေကို စနစ်တကျ နေရာချပေးသည်။ 

အရက်ဆိုင်တွေကို ကြပ်မတ်သည်။ ကွမ်းယာဆိုင်တွေကို ကြီးကြပ်သည်။ မာဆတ်တွေ၊ ကေတီဗီတွေကို ထိန်းချုပ်သည်။ လိုင်းကားတွေကို ပြုပြင်ပြောင်းလဲသည်။ မထသမှ YBS ကို ပြောင်းသည်။ 

အဲ့တုန်းက လူတွေ တော်တော်ကြိုက်ကြသည်။ အစိုးရကို ချီးကျူးကြသည်။ အင်နဲ့အားနဲ့ ဝိုင်းကူကြသည်။ ကိုယ်ချစ်တဲ့ အစိုးရကိုး...။ 

ပညာရှိတွေက ပြောခဲ့ဖူးသည်။ လောကကြီးမှာ လူပြိန်းတွေက ပိုများသတဲ့...။ ဒါကြောင့် ဆုံးမကြသည်။ ဘာပဲလုပ်လုပ် လူပြိန်းကြိုက်အောင်လုပ်တဲ့...။ 

ဒါကြောင့်... လူပြိန်းများသည့် လောကကြီးတွင်...။ လူကြိုက်များပါက လူပြိန်းများ ကြိုက်နေခြင်းဖြစ်သည်ဟု ဆင်ခြင်ဖို့လိုသည်။ မပြိန်းသောလူများက မကြိုက်။ 

လူမုန်းများပါကလည်း လူပြိန်းများ မုန်းနေခြင်းသာဖြစ်သည်။ မပြိန်းသောလူများက မမုန်း။ တစ်ဖက်ဖက်မှာ အလေးသာနေလျှင် လူပြိန်းတွေများနေလို့ အလေးသာနေခြင်းသာဖြစ်သည်။ လူပြိန်းတွေ ဝိုင်းကြိုက်တာကို မပြိန်းသောလူအချို့ကလည်း ကြိုက်နိုင်သည်။ ဒါဆိုရင်တော့ မပြိန်းသောလူများလည်း လူပြိန်းဇာတ်အသွင်းခံရလေပြီ။ 

ဒါတွေကို ရန်ကုန်အစိုးရ သိလာပုံရသည်။ လူပြိန်းကြိုက်တာတွေ သိပ်မလုပ်တော့...။ လမ်းတွေလည်း မပြင်တော့...။ လမ်းဘေးဈေးသည်တွေလည်း အရင်လို ဖြစ်ချင်သလိုဖြစ်။ ကွမ်းယာဆိုင်တွေ ရောင်းကောင်း၊ မာဆတ်ကေတီဗီအသစ်တွေ တစ်ခုပြီးတစ်ခုဖွင့်။ မြောင်းရေလျှံရုံမလို့ လှေတွေပါလှော်ကုန်သည်။ ကားလမ်းကတော့ ဘယ်အစိုးရတက်တက် ရှင်းနိုင်မည်မထင်။ 

အဆိုးဆုံးက လမ်းပေါ်က ကျူးကျော်များ။ ရန်ကုန်ကို အစိုးရသစ်တက်ခါစက ကျူးကျော်များကို ရှင်းမည်ဟု ဆိုသည်။ လူပြိန်းတွေ တော်တော်ကြိုက်လိုက်ကြသေးသည်။ ဟုတ်တယ်လေ...။ လမ်းတိုင်းကိုကြည့်လိုက်။ မြေညီထပ်တွေ တော်တော်များများက စည်ပင် မြေ၊ လမ်းမြေတွေကို ကျူးကျော်ထားကြသည်။ အဆောက်အအုံ အခိုင်အမာဆောက်ထားကြသည်။ ကားပါကင်တွေ ဦးကြသည်။ ဈေးဆိုင်တွေ ဖွင့်ထားသည်။ ဖဆပလအိမ်ရာတို့၊ ရန်ကင်းက ဆယ်နှစ်လုံးတန်းတို့၊ ယုဇနအိမ်ရာတို့၊ ကျားကွက်သစ်လမ်းဆို ပေတစ်ရာလောက်ကျယ်သည်။ ဒါပေမဲ့ ကားသွားလို့ရတာ ၁၅ ပေလောက်ပဲရှိသည်။ ကျန် ၈၅ ပေလောက်က ဈေးဆိုင်တွေ၊ ကားပါကင်တွေက ကျူးထားကြတာ။ ကုန်ကုန်ပြောရရင်တော့ ရန်ကုန်တစ်မြို့လုံးပါပဲ။ တစ်ခါတလေဆို မြို့တော်ခန်းမဘေးမှာတောင် သံဆူးကြိုးတွေနဲ့ ကျူးထားသေးသည်။ 

ဒါတွေကို အစိုးရသစ်က တကယ်ရှင်းမယ်လို့ လူပြိန်းတွေက ထင်ကြသည်။ ဒါပေမဲ့ အစိုးရသစ်လည်း နောက်ပိုင်း သဘောပေါက်သွားသည်။ ဒီလိုလမ်းပေါ်ကို ကျူးကျော်ဖို့က လွယ်တာမဟုတ်။ အကပ်ကောင်း၊ အဆွယ်ကောင်း၊ ဘက်ဂရောင်းကောင်းမှ ကျူးနိုင်ကြတာမဟုတ်လား။ ဒါကြောင့် ဒါတွေကို သွားရှင်းလို့ ရင်ကြားစေ့ရေးကို ပျက်သွားရင် ငြိမ်းချမ်းရေးဝေးမည်။ တောမှာတင်မဟုတ် မြို့ပေါ်မှာပါ မငြိမ်းမချမ်းဖြစ်သွားနိုင်သည်။ ဒါကြောင့် ဒါတွေကို မရှင်းတာဖြစ်သည်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို အပျက်ခံပြီး လူပြိန်းကြိုက်တာတွေ မလုပ်ခြင်းဖြစ်သည်။ 

ဒါကြောင့်လည်း နောက်ပိုင်းဆိုရင် ရန်ကုန်အစိုးရသည် တော်ရုံ လူပြိန်းကြိုက်တွေမလုပ်တော့...။ အကြီးကြီးတွေပဲ ကိုင်တော့သည်။ မိုးပျံလမ်းတို့၊ ရန်ကုန်မြို့သစ် စီမံကိန်းတို့၊ ဒလတို့၊ သန်လျင်တို့ကို တံတားထိုးဖို့တို့...။ ယူနီဗာဆယ်မြို့တို့၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့လောက်ပဲ လုပ်တော့သည်။ ဒါတွေကတော့ လူပြိန်းတွေနဲ့ သိပ်မနီးစပ်လို့လားမသိ။ လူပြိန်းတွေက သိပ်မကြိုက်။ ဒါကြောင့် ဝေဖန်သူတွေများသည်။ လှောင်ပြောင်သူတွေ များသည်။ ဒါကလည်း လောကကြီးမှာ လူပြိန်းများသည်ဆိုသည့် လောကနိယာမအတိုင်း ဝေဖန်သူတွေများတော့ ဝေဖန်သူတွေဟာ လူပြိန်းတွေပဲပေါ့။ 

မန္တလေးကတော့ ဒီလိုမဟုတ်။ လမ်းတွေ ရှယ်ခင်းနေသည်။ ကျုံးဘေးကို ရှယ်ပြင်သည်။ နိုင်ငံခြားလိုလို ဘာလိုလိုတောင် ဖြစ်ကုန်သည်။ လမ်းမီးတွေ ထိန်ထိန်လင်းလာသည်။ အရင် ခိုးဆိုးလုနှိုက်တွေနဲ့ နာမည်ပျက်နေသည့် မြို့ဟာ အခုတော့ မှုခင်းတွေ နည်းလာသည်။ မြို့ကြီးက သပ်ရပ်လှပလို့။ တချို့နေရာတွေကတော့ ညစ်ပတ်နေတာပေါ့လေ။ 

ပြီးတော့ စည်ပင်ကော်မတီဝင်တွေ ခန့်ထားသည်။ ကော်မတီဝင်တွေကလည်း အလုပ်လုပ်ပုံရသည်။ မြို့တော်ဝန်ကို ကောင်းကောင်း အကြံပေးနိုင်သည်။ အခုဆို စမတ်စီးတီးတွေ ဘာတွေတောင် ဖြစ်လာသည်။ ပြီးတော့ မြို့တော်ဝန်ရော၊ ဝန်ကြီးချုပ်ရောက အခမ်း အနားတွေတက်ပြီး ကတ်ကြေးတွေ ဖြတ်ပေမယ့် လူထုနှင့် နီးစပ်ပုံရသည်။ ကြည့်လိုက်တိုင်း ရယ်ရယ်မောမောနှင့် သတင်းထောက်တွေနဲ့လည်း ရင်းနှီး။ 

ဒီတော့ ရန်ကုန်နှင့်ယှဉ်ပြီး မန္တလေးကို ချီးကျူးကြသည်။ ရန်ကုန်က လူတွေက ရန်ကုန်အစိုးရနှင့် လဲလှယ်ပေးဖို့အထိ တောင်းဆိုကြသည်။ မန္တလေးက လူတွေတင်မဟုတ် ရန်ကုန်ကလူတွေပါ ကြိုက်ကြသည် ဆိုတော့...။ မန္တလေးအစိုးရကို လူကြိုက်တော်တော်များသည်။ 

ဒီလို လူကြိုက်တော်တော်များကတည်းက... လောကကြီးမှာ လူပြိန်းများသည်ဆိုသည့် သဘောအတိုင်း ကောက်ချက်ချရသော်...။ မန္တလေးအစိုးရကို လူပြိန်းတွေ ကြိုက်ပြီး ရန်ကုန်အစိုးရကိုတော့ လူပြိန်းတွေက ဝေဖန်ကြလေကုန်သတည်း...။

စိုပြေ