News

POST TYPE

SATIRE

ခိုင်မာစွာ အုတ်မြစ်ချရမည့် ဒီမိုကရေစီစနစ်၏ ပင်မဒေါက်တိုင်
27-Nov-2018
နိုဝင်ဘာ ၂၃ ရက်နေ့တွင် သမ္မတအိမ်တော်၌ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၏ ကတိသစ္စာပြုပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။ ထိုကတိသစ္စာပြုပွဲသည် ယခုအစိုးရလက်ထက်တွင်မူ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင်လည်း ပြုလုပ်ခဲ့ဖူးသည်။ ယခုသတင်းမီဒီယာကောင်စီအဖွဲ့အသစ်ကို လွန်ခဲ့သည့်ဩဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယန်ဟိုတယ်တွင် ရွေးချယ်မှုပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကာ ယခုတွင်မှ ကတိသစ္စာပြုပွဲ ပြုလုပ်ကြခြင်းဖြစ်သည်ကို တွေ့ရသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြခြင်းနှင့်အတူ အဆိုပါစနစ်ကို ခိုင်မာတည်တံ့အောင်၊ ရုပ်လုံးပေါ်အောင်၊ အသက်ဝင်အောင် သွားကြမည်ဆိုလျှင် ထို့အတွက် ထောက်ကန်ပေးရမည့် ဒေါက်တိုင်များ လိုအပ်သည်။ ထိုဒေါက်တိုင်များထဲတွင် အဓိကကျသည့်အရာတစ်ခုမှာ သတင်းမီဒီယာများ၏ အခန်းကဏ္ဍဖြစ်သည်။ သို့အတွက် ထိုဒေါက်တိုင်ကို ခိုင်မာသည်ထက် ပိုမိုခိုင်မာအောင် အုတ်မြစ်ချထားရန်လိုသည်။

သတင်းမီဒီယာဆိုသည်မှာ အစိုးရတစ်ရပ်တွင် ပါဝင်သည့်ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့တည်းဟူသော မဏ္ဍိုင်သုံးရပ်ကို တည့်မတ်နေအောင် ဘေးမှဝိုင်းကူဒေါက်ကန်ပေးရမည့် စတုတ္ထမဏ္ဍိုင်အဖြစ်လည်းကောင်း၊ ထိုမဏ္ဍိုင်အတွင်းမှ အဓိကတာဝန်ရှိသူ နိုင်ငံ့ခေါင်းဆောင်များအတွက် နား၊ မျက်စိသဖွယ်အဖြစ်လည်းကောင်း ကြားသိသမျှ၊ မြင်တွေ့ရသမျှ သိသင့်သိထိုက်သည်များကို ကြားချချပြောဆိုရေးသားဖော်ထုတ်ကာ ပါတီအသင်းအဖွဲ့စွဲကင်းကာ ပီပြင်စွာ ရပ်တည်ပေးရမည့် ဘက်မလိုက်ရေးဝါဒီများဖြစ်သည်။

ထိုရည်ရွယ်ချက်ဖြင့် ထိုအကြောင်းအရာနှင့် ဆက်စပ်သည့်ဥပဒေတစ်ရပ်ကို ၂၀၁၄ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ကြပြီး သတင်းမီဒီယာကောင်စီကိုလည်း ဥပဒေအရ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထိုသတင်းမီဒီယာကောင်စီတွင် စာရေးဆရာ၊ ကဗျာဆရာ၊ ပုံနှိပ်ထုတ်ဝေသူ၊ ကာတွန်းဆရာများအပြင် လူမှုရေး၊ ကျန်းမာရေး၊ စာပေနယ် အသီးသီး၊ ဥပဒေရေးရာ၊ သိပ္ပံနည်းပညာ စသည့်နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများပါဝင်သည်။

ထို့အတွက် ထိုသတင်းမီဒီယာအဖွဲ့အစည်းကို ဒီမိုကရေစီစနစ် ကျင့်သုံးသည့်အစိုးရတို့က သူတို့ကျင့်သုံးသည့်စနစ် အားကောင်းမောင်းသန်ဖြစ်ကာ ပိုမိုခိုင်မာရေးနှင့် ၎င်းတို့အစိုးရ၏အားနည်းချက် ပျော့ကွက်ဟာကွက်များကို ဘေးမှဝိုင်းဝန်ထောက်ပြပေးမည့်သူများအဖြစ် ရှုမြင်ကာ အားပေးအားမြှောက်ပြုကြသည်။ စနစ်ခိုင်မာစေရန် ဒေါက်တိုင်ကို အုတ်မြစ်ကောင်းကောင်းချကြသည်။ လိုလားတောင့်တကြသည်။

သူတို့ အစိုးရနဲ့ပြည်သူအကြားကို ပေါင်းကူးပေးမည့် တံတားတစ်ခုသဖွယ် အသုံးချတတ်ကြသည်။ ထို့ကြောင့်ပင် ယခုပြုလုပ်သည့် ကတိသစ္စာပြုအခမ်းအနားတွင် နိုင်ငံတော်သမ္မတက “ကျွန်တော်တို့ ဆွေးနွေးပြောဆိုငြင်းခုံမှု အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှုတွေမရှိရင် ဒီမိုကရေစီမရှိနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်ထောက်ပြတဲ့အခါမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကိုဦးတည်ပြီး အပြုသဘောအမြင် ဖြစ်စေလိုပါတယ်။ အပြုသဘောအမြင်နဲ့ ရေးသားထောက်ပြကြသော်လည်း ရေးသားပုံ၊ ရေးသားနည်း တင်ပြပုံ၊ တင်ပြနည်း မမှန်ကန်ပါက အထင်အမြင်လွဲမှားပြီး ခုတ်ရာတခြား ရှရာတခြားဖြစ်ကာ အပျက်သဘော သက်ရောက်သွားနိုင်တာကိုလည်း သတိချပ်ကြရမှာ ဖြစ်ပါတယ်”ဟု တစ်ဖက်က အားပေးအားမြှောက်ပြုသည့်သဘောပါဝင်သလို တစ်ဖက်ကလည်း သတင်းမီဒီယာအတွက် သတိချပ်ရမည့်အရာကိုပါ ရှေ့နောက်ပေါင်းပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် ထိုတွေ့ဆုံပွဲတွင် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်သွင်းအကျဉ်းကျခံထားရသော ရိုက်တာသတင်းထောက် ၂ ဦး၏ မိသားစုများအတွက် ငဲ့ညှာစွာ စဉ်းစားပေးရန် တင်ပြမှုအပေါ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဥပဒေကြောင်းအရ စဉ်းစားပေးမည်ဟု ပြောဆိုလိုက်ကြောင်းလည်း သိရှိရသည်။ ထိုနေ့ညတွင်ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းများတွင်ဖတ်ရသည်။

အမှန်ဆိုလျှင် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် အစိုးရတစ်ရပ်အတွက်ဆိုလျှင် မီဒီယာ၏အထောက်အပံ့နှင့် ၎င်း၏အခန်းကဏ္ဍဆိုသည်မှာ ချန်ထား၍မရသည့် အရာတစ်ခုပင်ဖြစ်ပြီး ၎င်းတို့၏အကူအညီကို နည်းမှန်လမ်းမှန်နှင့် မဖြစ်မနေရယူရန်လိုအပ်သည်။ ထိုအကြောင်းကို ဥပမာတစ်ရပ်အနေနှင့် ထင်သာအောင်ပြောရလျှင် ယနေ့အစိုးရအတွက် သူတို့လုပ်ငန်းဆောင်တာနှင့် လှုပ်ရှားမှုမှန်သမျှ၊ သူတို့ပြောဆိုသမျှကို တာဝန်ယူကာ နေ့စဉ်ရိုက်နှိပ်ဖော်ပြပေးနေသည့် အစိုးရပိုင် သတင်းစာကြီးများ၊ ရုပ်သံလိုင်းများရှိနေသည်က သက်သေဖြစ်သည်။ ထိုသတင်းစာများ၊ ရုပ်သံလိုင်းများသည် အစိုးရ၏ဆောင်ရွက်မှုမှန်သမျှ၊ အကြီးအကဲများ၏ ပြောဆိုသမျှကို ပြည်သူကိုသိအောင် ဖော်ပြပေးနေရသည်။ အစိုးရ၏မူဝါဒနှင့် မဆန့်ကျင်သော သွေဖည်ခြင်းမရှိသောမူဝါဒများ၊ အစိုးရလက်ခံကျင့်သုံးနေသော ဥပဒေများထဲမှာ အကြောင်းအရာများကို အတွေးအမြင်များ ဆောင်းပါးများအဖြစ် ဥပဒေပညာရှင်များ၊ စာရေးဆရာများကရေးသားကာ ကောက်နုတ်ဖော်ပြပေးနေကြရသည်။ အမှန်ဆိုလျှင် အစိုးရအတွက် အလုပ်လုပ်ပေးနေကြရခြင်းဖြစ်သည်။

ထိုထိုဖော်ပြသမျှအရာများမှာ အစိုးရဘက်ကကြည့်လျှင် မှန်နေသည်၊ ဟုတ်နေသည်၊ တရားမျှတနေသည်ဟု ထင်ကောင်းထင်နိုင်သည်ရှိငြား အခြားတစ်ဖက်ရှိ ငြိမ်းချမ်းရေးမရရှိသေးသည့် တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံး၊ ကျန်သည့်နိုင်ငံရေးပါတီများအားလုံး၏ အမြင်ရှုထောင့် အတွေးအမြင်၊ လက်ခံကျင့်သုံးနေသည့်မူများအရမူ မှန်ချင်မှမှန်မည်။ ထိုသို့ဆိုလျှင် ထိုသတင်းစာများ၊ အစိုးရပိုင်ရုပ်သံများကို သတင်းမီဒီယာစစ်စစ်ဖြစ်သည်၊ ပြည်သူအတွက် အလုပ်လုပ်ပေးနေသည်ဟု ပြော၍ရနိုင်၊ မရနိုင် စဉ်းစားရန်လိုလာသည်။

ထိုသို့အငြင်းပွားချက်များ ရှိလာပြီဆိုလျှင် ထို့နောက်ကွယ်၌ မေးခွန်းများလည်း ကပ်ငြိတွယ်လာမည်။ ထိုမေးခွန်းများမှာ -

သို့ဆိုလျှင် မည်သည့်ပုံစံ၊ မည်သို့သော ရေးသားဖော်ပြမှု၊ မည်သို့သော ရပ်တည်မှုကို သတင်းမီဒီယာစစ်စစ်ဖြစ်သည်ဟု ခေါ်ဆိုကြမည်နည်း၊ သတင်းမီဒီယာတို့က မည်သို့ကျင့်ကြံရမည်နည်း၊ မည်သူမည်သည့်ဌာနတို့က မည်သို့ပြုကျင့်ရမည်နည်း ဟူသည့်မေးခွန်းများဖြစ်သည်။ အမှန်ဆိုလျှင် ထိုမေးခွန်းများကို ယခင့်ယခင် ခေတ်ဟောင်း စနစ်ဟောင်းများတွင် အုပ်ချုပ်မင်းလုပ်ခဲ့သည့်ကာလများတွင်ကတည်းကလည်း ပေါ်ထွက်ခဲ့ဖူးသည်။ သို့သော်လည်း ထိုမေးခွန်းများ၏အဖြေကိုမူ ဒီမိုကရေစီစနစ် စတင် ကျင့်သုံးသည့်ကာလအရောက်တွင် အနီးစပ်ဆုံး အဖြေရှာနိုင်ခဲ့သည်။ ထိုအဖြေရရှိရေးအတွက်ကိုမူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် အချိန်အတော်ယူခဲ့ရသည်၊ အပြန်ပြန် အလှန်လှန် အငြင်းပွားရသည်။ သို့ဖြင့်ပင် ဒီမိုကရေစီစနစ် စတင်ကျင့်သုံးသည့်၂၀၁၁ ခုနှစ်မှသည် သုံးနှစ်တိုင်ပြီးချိန်မှ ကြားချကာ အဖြေတစ်ရပ်ကိုရခဲ့ကြသည်။ ထိုအဖြေများကို ၂၀၁၄ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၁၂ ဖြင့် ပြဋ္ဌာန်းပေးခဲ့သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥပဒေထဲတွင် မြင်ရနိုင်သည်။

သို့သော် အခြားတစ်ဖက်တွင်မူ ဥပဒေထဲတွင် ဖွင့်ဆိုထားသည့် သတင်းမီဒီယာဟူသော အဓိပ္ပာယ်၊ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ သတင်းမီဒီယာသမားတို့ ကျင့်ကြံလိုက်နာရမည့်အချက်များ၊ အစိုးရဌာနတို့က လိုက်ပါဆောင်ရွက်ပေးရမည့်တာဝန်များ၊ ပြဿနာပေါ်ပေါက်လျှင် ဖြေရှင်းရမည့် နည်းလမ်းများသည်ပင်လျှင် ပြီးပြည့်စုံကာ မှန်ကန်နေပါ၏လော၊ သို့ဆိုလျှင် ဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရဟု ခေါ်ဝေါ်သမုတ်သော ယခုအစိုးရလက်ထက်တွင် ထိုဥပဒေကို ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်ရန် အချိန်အခါ မသင့်သေးသလော၊ သို့တည်းမဟုတ် ယခုလို အစိုးရနှင့်မီဒီယာ၊ ပြည်သူတို့ ညှိနှိုင်းသဘောတူရေးဆွဲကာ သဘောတူညီမှု ရယူထားသည့် ဥပဒေထဲမှ သတင်းမီဒီယာဆိုသည်မှာ ဟူသည့်အဓိပ္ပာယ်ကအစ ကျန်သည့် အရာများအားလုံး ပြည့်စုံကောင်းမွန်ကာ ခေတ်စနစ်နှင့်လည်းကောင်း၊ အခြားနိုင်ငံများက လက်ခံကျင့်သုံးနေသော အရာများနှင့်လည်းကောင်း ထပ်တူကျကာ ပြည့်စုံနေပါပြီလော စသည့်မေးခွန်းများလည်း ရှိနေဦးမည်မှာမလွဲပေ။

အမှန်ဆိုရလျှင် ဥပဒေဆိုသည်မှာ အမြဲမှန်ကန်ကောင်းမွန်ပြည့်စုံနေသည့်အရာတစ်ခု မဟုတ်ပါ။ ပြောင်းလဲနေသည့်ခေတ်စနစ်၊ ပေါ်ပေါက်လာသည့်နည်းပညာ၊ လိုက်ပါကျင့်ကြံကြရသည့် လူမှုအဖွဲ့အစည်း၊ ငါးနှစ် တစ်ခါ ပြောင်းလဲနေသည့် အစိုးရများအကြားတွင် လိုက်ပါပြောင်းလဲ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းကြရရိုးထုံးစံရှိသည်။

သို့အတွက် နိဂုံးချုပ်ရလျှင် “ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပန်းတိုင် ရောက်ရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးကိုဦးတည်ပြီး အပြုသဘောအမြင် ဖြစ်စေလိုပါတယ်။ အပြုသဘောအမြင်နဲ့ ရေးသားထောက်ပြကြသော်လည်း ရေးသားပုံ၊ ရေးသားနည်း တင်ပြပုံ၊ တင်ပြနည်း မမှန်ကန်ပါက အထင်အမြင်လွဲမှားပြီး ခုတ်ရာတခြား ရှရာတခြားဖြစ်ကာ အပျက်သဘော သက်ရောက်သွားနိုင်တာကိုလည်း သတိချပ်ကြရမှာ ဖြစ်ပါတယ်”ဟူသော သမ္မတကြီး၏စကားကို ထောက်ရှုမည်ဆိုပါက သမ္မတကြီးပြောလိုသော သတင်းမီဒီယာဆိုသည် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များဖြစ်စေရေးအတွက် ယနေ့လက်ရှိကာလတွင် ဖြစ်ပေါ်နေသော အစိုးရနှင့်သတင်းမီဒီယာများအကြား ပွတ်တိုက်မှု အခြေအနေများစွာအား ရှေ့ခရီးတွင် အဆင်ပြေချောမွေ့ကြစေရေးအတွက်ဆိုလျှင် မည်သည့်အရာများကို မည်သူတို့ဘက်က ပြင်ဆင်ရမည်နည်း၊ ယခုထက် ပိုမိုပြည့်စုံပြီး သူ့ဘက်ကိုယ့်ဘက် အပြန်ပြန် အလှန်လှန် လိုက်နာစေရေး မည်သူများက ဦးဆောင်ပြင်ဆင်ရမည်နည်း၊ သို့တည်းမဟုတ် မည်သည့်နည်းလမ်းများ ရှိသနည်း ဆိုသည့်အဖြေကိုသာ ဦးစွာ စဉ်းစားကြရင်းဖြင့် ဒီမိုကရေစီ၏ ဒေါက်တိုင်အုတ်မြစ်ကို ခိုင်မာအောင် အစိုးရ၊ ပြည်သူ၊ မီဒီယာအားလုံးက ဝိုင်းဝန်းပုံဖော် တည်ဆောက်ကြပြုပြင်ကြရန် အချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။

သန်းဖြိုးနိုင်