News

POST TYPE

SATIRE

လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ
18-Nov-2018



ကားစပယ်ယာတွေကို ပထမဆုံး တောင်းပန်ရမှာပဲ။ အစက စပယ်ယာတွေ တော်တော် ရိုင်းတယ်ထင်တာ။ တကယ်လည်း ရိုင်းတဲ့လူက ရိုင်းကြတာကိုး...။ အခုလို YBS တစ်နှစ်လည်း ကျော်ရော စပယ်ယာကို ပြန်တမ်းတမိပြန်ရော။ လူ့စိတ်များခက်ပါတယ်လေ...။ 

တကယ်ပြောတာပါ။ အစတုန်းက စိုပြေတို့ဟာ စပယ်ယာတွေကို မုန်းခဲ့တယ်။ အားနေရင် ဆဲဆိုနေတာကို။ အပေါက်ကဆိုးဆိုး...။ အမြဲ ပြဿနာတက်ကြတာ။ 

အဲ့ဒါကြောင့်လည်း မိုက်ရိုင်းစပယ်ယာများ နှိမ်နင်းရေးဆိုပြီး လုပ်ခဲ့ကြတယ်။ အဖွဲ့တွေဖွဲ့ပြီး စပယ်ယာတွေကို ရိုက်တဲ့လူကလည်း ရိုက်ပေါ့။ အွန်လိုင်းပေါ်မှာ အော်တဲ့လူကလည်းအော်။ 

ဒီလိုနဲ့ ဝန်ကြီးချုပ်လည်း ကြားသွားပြီး စပယ်ယာတွေကို တကယ်နှိမ်နင်းတော့တာပဲ။ မထသကနေ YBS ကိုပြောင်းတယ်။ စပယ်ယာမထားတော့ဘူး။ အဲ့တော့ စပယ်ယာတွေ ဒုက္ခရောက်ကုန်တယ်။ စိုပြေတို့ပျော်တာပေါ့လေ။ ကြည့်မရတဲ့လူတွေ အလုပ်ပြုတ်ကုန်တာကိုး...။ 

အခုလို ကျပြန်တော့...။ စိုပြေ စပယ်ယာတွေကို ပြန်တမ်းတမိတယ်။ 

YBS တွေပြောင်းပြီးနောက်ပိုင်း ဘတ်စ်ကားသိပ်မစီးဖြစ်ဘူး။ သိတဲ့အတိုင်း ကားတွေက ကသောင်းကနင်းနဲ့မို့။ ဘယ်နားကို ဘယ်လိုစီးရမှန်းမသိဘူး။ ပြီးတော့ ကားတွေက ပိုက်ဆံ ၂၀၀ ထည့်ပြီး စီးရတာ။ ကားစီးမယ်ဆိုရင် ၂၀၀ တန်က တော်တော်ရှားတယ်။ ၁၀၀၀ တန်ကြီးလည်း မထည့်ချင်ဘူး။ ပြန်အမ်းမယ့်လူလည်း မရှိဘူး။ 

၁၀၀၀ ထည့်ပြီး နောက်တက်လာသူတွေဆီက နှစ်ရာစီပြန်ကောက်ရင်လည်း မဖြစ်ပြန်ဘူး။ အဲလိုကောက်လို့ ဓာတ်ပုံရိုက်ပြီး ဖွနေရင် ပြဿနာတက်ဦးမယ်။ စပယ်ယာပါရင်တော့ အဆင်ပြေတယ်။ ပိုက်ဆံပြန်အမ်းပေးတာကိုး။ တစ်ခါတလေ မေ့ချင်ယောင်ဆောင်နေလို့ ပြန်တောင်းရတာပဲ ခက်တာ။ 

ပြီးတော့ စပယ်ယာတွေမရှိတော့ ဗေဒင်ဆရာတွေလည်း ဒုက္ခရောက်ကုန်တယ်။ ဗေဒင်မှာ ယတြာတစ်ခုရှိတယ်။ စပယ်ယာလက်ထဲက ရတဲ့ပိုက်ဆံချေရတဲ့ ယတြာပေါ့လေ။ အဲ့လို စပယ်ယာတွေမရှိတော့ ဗေဒင်ဆရာတွေလည်း အဲ့ယတြာကို မေ့လိုက်ကြတယ်ဆိုပဲ။ 

ဒီတော့ YBS ကို စီးမယ်ဆိုရင် အရင်ဆုံးနှစ်ရာတန် ရှိ မရှိစစ်ရတယ်။ မရှိရင် လမ်းဘေးမှာ ကွမ်းဝယ်စား။ အဲ့လိုမျိုး YBS အစီးကောင်းတာနဲ့ စိုပြေလည်း ကွမ်းယာစွဲသွားရော...။ မိန်းမက ဆူတာနဲ့ မဖြစ် သေးဘူးဆိုပြီး YBS ကို မစီးဖြစ်တာ...။ အဲ့တော့ သွားစရာရှိရင် ရထားပဲစီးတော့တယ်။ ရထားစီးပြီး လမ်းလျှောက်ပေါ့။ 

ဟိုနေ့ကတော့ မြို့ထဲမှာ ပတ်သွားစရာရှိတာနဲ့ YBS စီးပါတယ်။ စိတ်ကို ညစ်ရော...။ ကားတွေကတော့ ကောင်းတယ်။ မောင်းတဲ့လူလည်း မဆိုးပါဘူး။ ခက်တာက စီးတဲ့လူတွေ။ 

လူ့စိတ်ကလည်း တစ်မျိုးပဲ။ ဘတ်စ်ကားစီးရင် အရှေ့မှာပဲ စီးချင်ကြတယ်။ အနောက်ကို မတိုးချင်ကြဘူး။ အဲ့တော့ အရှေ့မှာပဲ လူတွေကပုံလို့။ အနောက်ဘက်မှာ လူက မရှိ။ 

နောက်လူတွေက တက်လို့မရ။ အရှေ့မှာ ကျပ်ညပ်နေတာပဲ။ ဒရိုင်ဘာက မနေနိုင်လို့ အနောက်ဘက်ကို တိုးကြပါလို့ ပြောလဲ ဂရုမစိုက်။ ဒရိုင်ဘာကိုတောင် ဘုကြည့်ဝိုင်းကြည့်ကြသေးတယ်။ ဒရိုင်ဘာကလည်း တစ်ယောက်တည်းဆိုတော့ ကြောက်တာပေါ့။ ခရီးသည်တွေကို သိပ်မပြောရဲဘူး။ အရင်တုန်းက စပယ်ယာနဲ့ နှစ်ယောက်ဆို ဖြဲရဲသေးတယ်။ 

ကားခမပေးဘဲစီးတဲ့ ခရီးသည်လည်း တွေ့တာပဲ။ ကားပေါ်မှာ အမှိုက်တွေ လျှောက်ဖွတဲ့ ခရီးသည်တွေလည်း မနည်းဘူး။ နောက်ထပ်ဆိုးတာက ကားပေါ်မှာ ကွမ်းစားပြီး ကားပေါ်မှာပဲ ကွမ်းသွေးတွေထွေးတာ။ ထိုင်ခုံနားကပ်ထွေးတာပေါ့။ 

အဲ့တော့ စိုပြေလည်း စိတ်မကောင်းဖြစ်မိတယ်။ စပယ်ယာတွေအတွက်ပါ။ အခုလို အချိန်မှာများ စပယ်ယာသာ ကားပေါ်မှာ ပါလာကြည့် အခုစီးနေတဲ့ ခရီးသည်တွေ တုတ်တုတ်တောင် လှုပ်ရဲမယ်မထင်ဘူး။ စပယ်ယာပါးစပ်နဲ့ တွေ့သွားမှာပေါ့။ အခန့်မသင့်ရင် အရိုက်ပါခံရဦးမယ်...။ 

ဖြစ်နိုင်ရင်တော့ ကိုကြီးဖြိုးကို တောင်းဆိုဦးမယ်။ အခု YBS တွေမှာ စပယ်ယာတွေကို ပြန်ခန့်ပေးပါလို့...။ စပယ်ယာတွေသာမရှိရင် နောက်ဆို ဒီကားတွေလည်း အရှေ့ပိုင်းနိမ့်ကုန်မယ်။ ကွမ်းသွေးတွေနဲ့ ပေပွကုန်မယ်။ 

အဲလို စပယ်ယာတွေ မခန့်ထားရင်တော့ စိုပြေတို့လည်း အဖွဲ့ဖွဲ့မှဖြစ်တော့မယ်။ အရင်တုန်းက မိုက်ရိုင်းကားသမားတွေကို နှိမ်နင်းခဲ့တာ..။ 

အခုအဖွဲ့ကတော့ စည်းကမ်းမရှိ ခရီးသည်များ နှိမ်နင်းရေးအဖွဲ့ဆိုပြီး ဖွဲ့မယ်။ ပြီးရင်ကားပေါ်မှာ အနောက်ဘက်ကို တိုးမစီးတဲ့လူတွေ၊ မိန်းကလေးတွေကို နှာဘူးကျတဲ့လူတွေ၊ အမှိုက်ဖွသူတွေ၊ ကွမ်းသွေးထွေးသူတွေ၊ ကားခမပေးသူတွေကို နာရင်းနှစ်ချက်စီအုပ်မယ်။ 

အဲ့အဖွဲ့ကိုဖွဲ့ဖို့ကတော့ သိပ်မခက်ပါဘူး။ အရင်တုန်းက စပယ်ယာဟောင်းတွေကို ပြန်ခေါ်လိုက်ရုံပဲလေ...။ 

စိုပြေ