News

POST TYPE

SATIRE

လော်ရာသီ
11-Nov-2018



“တြီ...တြီ...ဂြီ...ဂြီ...ဟဲလို...တက္စတီ... ဟဲလို...အဟမ်း...အဟမ်း...ဂွီ...တွီ”

အလို...ဘာပါလိမ့်။

ညက စာရေးသည်မှာ ညဥ့်နက်သဖြင့် အိပ်ရာဝင်နောက်ကျခဲ့သည်။

ဟော့...အခု မနက်စောစော အိမ်ရှေ့နားမှ တဂွီဂွီအသံတွေ ထွက်လာ၏။

“ငွေရောင်ဖျန်းတဲ့ နှင်းစက်လေးလို လန်းတယ်... လန်းတယ်...အိုး...အို”

ဟ...ဘာလဲဟ။

အိပ်ရာက ကမန်းကတန်းထပြီး အိမ်ရှေ့ထွက် ကြည့်လိုက်သည်။

ဟော့...ဟုတ်ပေသား။

နှစ်လရာသီ အခါအလီလီပြောင်းပေမယ့် လော်ရာသီဓလေ့ကိုတော့ ကြောက်လှပါသည်ဆိုပြီး ဒေါ်မေလှမြိုင်သီချင်းကို စာသားပြောင်းပြီး ရှိုက်ကြီးတငင်ငင်ဖြင့် ငိုချင်းချချင်စိတ် ပေါက်သွား၏။

အိမ်ရှေ့တွင် လော်ကြီးတစ်လော်။

ဆံပင်စုတ်ဖွား၊ ပါးကွက်ကြား ၊ ခါးချည့်ဖင်လိမ်၊ မျက်တွင်းတိမ် လူတစ်စုသည် ယောဂီဝတ်ကိုယ်စီကို ဆင်မြန်းပြီး ဖလားဝါဝါကိုပိုက်ကာ ဘုရားဒကာဆိုက် ဖမ်းလျက် ကျွန်တော့်အိမ်ရှေ့ ဟန်ရေးပြနေကြသည်။

သူတို့ပုံစံကြည့်ရုံနှင့် ဒါတကယ့်သာသနာရေး တက်ကြွလှုပ်ရှားသူအစစ်တွေမဟုတ်ဘဲ လော်ရာသီ၏ လော်မားကက်တင်းအဖွဲ့ကြီးမှန်း သိသာလှ၏။ လော်ရာသီရောက်ပြီဆိုသည့် အသိဝင်သည်နှင့် ကျွန်တော့်စိတ်ဓာတ်များ ဟုတ်ခနဲ ထိုးစိုက်ကျသွားသည်။ ကျွန်တော်တင်မဟုတ်။ အိမ်ရှေ့တွင် ငုတ်တုတ်ကလေးထိုင်ကာ လော်တပ်ဖွဲ့ကြီး၏ ဂွီဂွီဂေါ်ဂေါ်သံကို မှိုင်တွေငေးမောနေရှာသည့် ကျွန်တော့်အမေနှင့် ဇနီးသည်ကိုပါ တွေ့လိုက်ရသေးသည်။

ကျွန်တော်တို့ ရပ်ကွက်သည် နည်းနည်းချောင်ကျပြီး လူရှင်းသဖြင့် လော်သမားတို့ မနက်ခင်းလုပ်ငန်းခွင်ဝင်ရန် စုရပ်လာလုပ်ထားပုံရသည်။ အသံချဲ့ စက်ဆရာက ဆိုက်ကားပေါ်တင်လာသော အသံချဲ့စက် ကို တဂြီဂြီ ချိန်လိုက်၊ သီချင်းတစ်ပုဒ် စမ်းဖွင့်လိုက် လုပ်သည့်အခါ ဖလားကိုယ်စီပိုက်ထားသော လော်မလေး များ၊ လော်အဒေါ်ကြီးများက တခွိခွိရယ်လိုက် စကား တွေအော်ပြောလိုက်ဖြင့်။

အိပ်မှုန်စုံမွှားဖြင့် မကြည်မလင်ထလာသော သူ့သားဖြစ်သူ ကျွန်တော်၏ အခြေအနေကို အမေ့ ခမျာ စိုးရိမ်သည်ထင်။

“သားရယ်...သွားမပြောပါနဲ့...သူတို့က ဘာသာရေးအတွက် လုပ်နေတာဆိုတော့လည်း”

တကယ်လည်း...ဒီကိစ္စကို သွားပြောဖို့မပြော နှင့် အခုလို စာထဲ ထည့်ရေးရသည်ကပင် တော်တော် ခွကျသည့်ကိစ္စ။

ဘာသာရေးနှင့်လော်သည် ခွဲမရအောင်ဖြစ်နေသည်။ အလှူအတန်းရက်ရောသောနိုင်ငံကြီးဟူသော ဂုဏ်ပုဒ်နှင့်အညီ ရပ်ကွက်မှန်လျင် အလှူခံမဏ္ဍပ် ရှိရမည်။ မီးပွိုင့်မှန်လျှင် ဖလားပိုက် အလှူခံကလေးတွေရှိရမည်။

အခုလည်း ကျွန်တော့်အိမ်ရှေ့မြင်ကွင်းကို ရှုလောမိတ်ဆွေ။

အိမ်ရှေ့တွင် တဂြီဂြီ တဂေါ်ဂေါ်လုပ်ရင်း လော်စမ်းနေသည်က အတော်ကြာပြီ။ ဖလားပိုက်အမျိုးသမီးတွေကလည်း ကြွက်စီကြွက်စီနှင့် အတင်းတွေတုပ်နေကြသည်။ နိဗ္ဗာန်ဆော် မိုက်စမ်းသည့် ဆရာကြီး၊ စက်ဆရာတို့ပုံကလည်း တစ်ခုခုကို မျှော်နေသလိုမျိုး။

မကြာပါ။ စတစ်ကော်လံအဖြူကို လက်ခေါက်တင်ထားပြီး ပလေကပ်ပုဆိုးဝတ်ထားသည့် ပုဂ္ဂိုလ်တစ်ယောက် ရောက်လာပါသည်။ သူ့ကိုမြင်မှ မိုက်ကိုင် ဆရာကြီးနှင့် စက်ဆရာ၏ မျက်နှာမှာ ဝင်းပသွား၏။ ပလေကပ်ကိုယ်တော်က ခါးကြားမှ ရေသန့်ဘူးလေး ကို ထုတ်လိုက်သည်။ ရေသန့်ဘူးဆိုသော်ငြား အထဲမှ အရည်များကတော့ ရွှေအိုရောင်ကလေးတွေ မှည့်ထ နေသည်။ ရိုးရိုးရေတော့ မဟုတ်တန်ရာ။

မိုက်ကိုင်ဆရာကြီးသည် ခေါင်းဆောင်ဖြစ် သည့်အားလျော်စွာ ရေသန့်ဘူးကိုဖွင့်ပြီး တဂွတ်ဂွတ် မော့သည်။ ပြီးတော့ တံတွေးကို ပက်ခနဲထွေးလိုက် သည်။ စက်ဆရာလေးထံ ကမ်းသည်။ စက်ဆရာလေးက တဂွတ် ဂွတ်သည်။ ပလေကပ်ဆရာကြီးထံ ပို့သည်။ ပလေကပ်ကြီးက နှစ်မော့လောက်မော့သည်။

“ရှီးယား” ဆိုသည့် ပုလင်းမော့ပြီး ခံတွင်းရှင်းသည့် အာလုတ်သံကြီးကိုပင် ကျွန်တော့်အိမ်မှ ကြားနေရသည်။

မဆီမဆိုင် အောင်လအန်ဆိုင်းကြီး၏ လိုင်းယွန်းအားဖြည့်အချိုရည်နဲ့ဆို ဘာမဆိုဖြစ်နိုင်တယ်ဆိုသည့် အသံကြီးကို သွားသတိရသေးသည်။ သူတို့ကတော့ ရေသန့်ဘူးထဲက အားဖြည့်အရည်နဲ့ဆို မြောက်ဝင်ရိုးစွန်းအထိ အလှူခံထွက်နိုင်သည်ဆိုသည့်အထာမျိုး။

ကျန်သည့် ရေသန့်ဘူးတစ်ဝက်ကို ဆိုက်ကားခုံနှင့် လော်ကြီးကြားတွင် ညှပ်ထားလိုက်၏။ ထို့နောက်တွင်တော့ ပလေကပ်ဆရာသည် ဆိုက်ကားကို စတွန်းဖို့ရန် ပုဆိုးကို ပြင်ဝတ်သည်။ စက်ဆရာက ဖွင့်လက်စ မနောသီချင်းကို ပိတ်လိုက်သည်။

ငွေရောင်နှင်းစက်ကလေးတွေ ရပ်သွားတော့ မိုက်ဆရာကြီးက သွေးရောင်လွှမ်းကာ နီမြန်းနေသော သူ့မျက်နှာကြီးနား မိုက်ကိုတိုးပြီး လည်ချောင်းရှင်း လိုက်သည်။

ဆိုက်ကားစတွန်းသည်နှင့် လော်မလေး၊ လော်မကြီးများက သူတို့လက်ထဲမှ ကျောက်ခဲထည့်ထားသောဖလားများကို တဂျောက်ဂျောက်စခေါက်ကာ လမ်းလျှောက်တော့သည်။

“အဟမ်း...အဟမ်း...ရပ်ကွက်အတွင်းရှိ သာသနာအနွယ်ဝင် သူတော်စင်အပေါင်းတို့ခင်ဗျား..ကျွန်တော်များရဲ့...အလှူခံအဖွဲ့ဟာ နိဗ္ဗာန်အကျိုးကို မျှော်ကိုးပြီး ရောက်ရှိလို့လာပါပြီ”

“ဂျောက်...ဂျောက်...ဂျောက်...ဂျောက်”

အိမ်ရှေ့က တွန်းလှည်းကြီးဖြတ်သွားသည်အထိ သူတို့ကို ကျွန်တော်ရီဝေစွာလိုက်ငေးမိပါသည်။ 

ဆွေးပါသည်။ ကြေကွဲပါသည်။ 

ကျွန်တော့်အဖေ၊ အမေနှင့် ဇနီးမှာလည်း သီပေါ မင်းပါတော်မူတုန်းက ဂေါဝိန်ဆိပ်မှာ ငုတ်တုတ်ကလေး ထိုင်ကြည့်နေသည့် ပြည်သူတို့နှယ်...မျက်နှာငယ် လေးတွေကိုယ်စီ။

တစ်လျှောက်လုံး နှိပ်စက်နေသည့် မြန်မာဘုရင်တော့လစ်သွားပြီ။ နောက်ထပ် အင်္ဂလိပ်ဘုရင်က ဘာတွေ ထပ်ဆော်ဦးမလဲဆိုသည့် ပုံစံကလေးတွေနှင့်။

အဘယ့်ကြောင့်ဆိုသော် ... ယခုကား လော်ရာသီအစပင် ရှိသေး၏။

နောက်လ နောက်လများတွင် ...လော်စပီကာရော၊ ဆောင်းဘောက်စ်ရော ညံနေအောင်ဖွင့်ပြီး မိန်းမလိုဝတ်ကာ ကသည့်သူများ၊ ပုံစံမျိုးစုံဝတ်ကာကသည့်သူများနှင့် ဘာသာရေးအောင်ပွဲအမည်ခံ ရွေ့လျားဒစ္စကိုကလပ်များ လာကြတော့မည်။

အိပ်ရာက နိုးလာသည့်အတူတူ ကျွန်တော်လည်း ဆက်မအိပ်တော့ပဲ ငုတ်တုတ်ထိုင်လျက်နှင့်ပင် စဉ်းစားမိ၏။ အားအားယားယား ထိုင်နေခြင်းဟုတော့ မထင်ပါနှင့် မိတ်ဆွေ။

လော်များပေါများခြင်းမှ အမိမြန်မာနိုင်ငံတော်ကြီးအတွက် ကောင်းကျိုးဖြစ်အောင် ကျွန်တော် ထိုင်တွေးနေခြင်းဖြစ်ပါသည်။

တစ်ရေးနိုးသော်အကြံပေါ်ဆိုသည့်အတိုင်း လော်တွေလည်း အဆင်ပြေသလို မြန်မာပြည်ကြီးလည်း အဆင်ပြေမည့် နည်းလမ်းတစ်ခုကို ကျွန်တော်သွားတွေ့သည်။

အခြားမဟုတ်။

ကမ္ဘာပေါ်တွင် အမေရိကန်နှင့် အဆင်ပြေသည့် နိုင်ငံအတော်များများမှာ စီးပွားရေးမှ အစအရာရာ အဆင်ပြေသည်ကို တွေ့ရသည်။ ကျွန်တော်တို့နိုင်ငံသည် အခြေအနေအကြောင်းကြောင်းတွေကြောင့် အမေရိကန်နှင့် အဆင်မပြေ။

အမေရိကန်နှင့် အဆင်ပြေမည့်နည်းတစ်ခုကို လော်အကြောင်းပြုပြီး ကျွန်တော်စဉ်းစားမိသည်။ အမေရိကန်တွင် အကြမ်းဖက်သမားအကျဉ်းသားများကိုထားသည့် ဂွမ်တာနာမိုဆိုသည့် အကျဉ်းစခန်းရှိသည်။

ဟိုတစ်လောက သတင်းတစ်ပုဒ်တွင် အကြမ်းဖက်သမားများအား ထိုအကျဉ်းစခန်းများတွင် သီချင်းများ အဆက်မပြတ်ဖွင့်ထားခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ကလူပြုကြသည်ဟူသတဲ့။

သီချင်းသံများကို အဆက်မပြတ် ကြားနေရခြင်းကြောင့် အကျဉ်းသားများမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး ရူးနှမ်းနှမ်းဖြစ်ကုန်ကြသည်ဟု ဖတ်ရသည်။ ထိုကိစ္စသည် လူသားချင်း မစာနာသည့်ပြဿနာဟု သတင်းတွေက ရေးသည်။

ဂွမ်တာနာမိုအကျဉ်းစခန်းနှင့် ပတ်သက်ပြီးလည်း ပိတ်သိမ်းပစ်ရန်အတွက် ဖိအားတွေ ပေးခံနေရလေပြီ။ ထိုသို့ အမေရိကန်အတွက် အခက်ကို မြန်မာ့ အချက်ဖြစ်အောင်လုပ်လျှင် အဆင်ပြေနိုင်သည်။

အမေရိကန်နှင့် ညှိနှိုင်းပြီး သူတို့ဆီမှ အကြမ်းဖက်သမားအကျဉ်းသားများကို လော်ရာသီဖြစ်သည့် ရှစ်လလောက် အကျဉ်းသားအငှား လက်ခံပေးထားမည်။

ထိုအတွက် နဂိုကပင် ကျပ်သိပ်နေသည့် မြန်မာ့အကျဉ်းထောင်များထဲ ထည့်ရန်လည်းမလို။ ထောင်အသစ်ဆောက်ရန်လည်း မလို။ အကျဉ်းသားနှစ် ယောက်စီတိုင်းကို မြန်မာနိုင်ငံရှိ ရပ်ကွက်အသီးသီးမှ အလှူခံမဏ္ဍပ်များတွင် ကြိုးတုပ်ပြီး ထိုင်ခိုင်းထားခြင်းဖြင့် အဆင်ပြေသည်။

အချို့ကိုကျတော့ နယ်လှည့်လော် အလှူခံလှည်းများ၊ ကားများ၊ ဆိုက်ကားများပေါ်တွင် ကြိုးတုပ်ခေါ်သွားလို့ရသည်။

ဂွမ်တာနာမိုတွင် အကျဉ်းသားများအား သီချင်းဖြင့် နှိပ်စက်သည်က ဟစ်ဟော့၊ မက်တယ် အစရှိသည့် သီချင်းများဟု သိရသည်။

မြန်မာပြည်ရှိ လော်မဏ္ဍပ်များတွင်တော့ထို့ထက် ဂီတအမျိုးအစားစုံသည်။

အလှူခံနှင့်မဆိုင်သည့် အိုးမိုင်တ...အိုင်းမိုင်တ ဆိုသည့် ဒစ္စကိုသီချင်းမျိုးလည်း ဖွင့်သည်။ အိုပါ ဂန်းနားစတိုင်လ်လည်း ပါသည်။ ဗိုလ်အောင်ဒင်လည်း ပါသည်။ စစ်တောင်းတံတားကြီးလှမ်းမျှော်ကြည့်ကာ ငိုသည့်သီချင်းလည်းပါသည်။

ထိုသို့လုပ်သဖြင့် လူသားချင်းမစာနာဟု နိုင်ငံတကာက လာပြောလျှင် “အများအကျိုးအတွက် ဆောင်ရွက်နေ...ပရဟိတလုပ်ငန်းတွေ...ဪသာ်... ပရဟိတအကျိုးတော်ဆောင်ကြီးလေ” ဆိုသည့် သီချင်းကို လော်တစ်ရာလောက်နှင့် ဖွင့်ပြပြီး ဘာသာပြန်ပြလိုက်ရုံပင်။

“အကြမ်းဖက်သမားကြီးတွေကို ပရဟိတလုပ်ငန်းတွေထဲ တတပ်တအားပါဝင်ခိုင်းနေတာပါ” ဟု ဆိုလိုက်လျှင် ပွဲက ပြတ်ပြီ။

အမေရိကန်ကိုလည်း အကျဉ်းသားအငှားလာချထားသည့်အတွက် ဒေါ်လာသန်းချီတောင်းလို့ရသည်။ ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်လို့ရသည်။ နောက်နောင် အမေရိကန်ကဖမ်းမိသည့် အကြမ်းဖက်သမားများကို မြန်မာပြည်မှ လော်ရာသီသို့ ပို့မည်စိုးသဖြင့် အိုင်အက်စ်အဖွဲ့ပင် အပြီးတိုင်ဖျက်သိမ်းသွားနိုင်လောက်၏။

ကဲ...အစိုးရမင်းများ။

ကျွန်တော့်အကြံ မနှိပ်ချေဘူးလား။

ဒီလော်ရာသီ မကုန်ခင်လေး၊ အမေရိကန်နဲ့ ညှိကြည့်ဖို့ စဉ်းစားတော့နော်။

ဗြိတိသျှကိုကိုမောင်