News

POST TYPE

SATIRE

RFA သတင်းထောက် ဦးမြင့်ဇော်ဦး ကမာရွတ်ရဲစခန်းသို့ ၉ ရက်နေ့ သွားရောက်အစစ်ခံမည်
08-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၇ 

“ရန်ကုန်တက္ကသိုလ် ဗုံးကွဲသတင်း confirm ဖြစ်လား ရဲဘော်တို့”ဟု ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် ရေးတင်ခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေ ၆၈ (က) ဖြင့် အမှုဖွင့်ခံထားရသူ RFA သတင်းဌာန၏ မကွေးနယ်ခံ သတင်းထောက် ဦးမြင့်ဇော်ဦးက နိုဝင်ဘာလ ၉ ရက်နေ့တွင် ကမာရွတ် မြို့မရဲစခန်းသို့ သွားရောက်၍ စစ်ဆေးခံမည်ဟု The Voice သတင်းစာသို့ အတည်ပြုပြောကြားသည်။ 

“ကျွန်တော့်ဆီ တိုက်ရိုက်အကြောင်း မကြားပေမယ့် ကျွန်တော် RFA သတင်းဌာနကို လာရောက်အစစ်ဆေးခံဖို့ အကြောင်းကြားတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူထားတာက ငါးရက်နေ့ ရုံးချိန်လာပေးလို့ပြောပေမယ့် ကျွန်တော်ကနယ်က လာရမှာဆိုတော့ ၉ ရက်နေ့မှာ ကျွန်တော်တို့တွေ့ပြီး အစစ်ဆေးခံမယ်ပြောထားတယ်”ဟု မကွေးနယ်ခံ သတင်းထောက် ဦးမြင့်ဇော်ဦးက ပြောသည်။

အမှုဖွင့်ခံရသူ ဦးမြင့်ဇော်ဦးမှာ ၎င်းအသုံးပြုနေသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ Myintzaw Oo အကောင့်တွင် “ရန်ကုန်တက္ကသိုလ် ဗုံးကွဲသတင်း confirm ဖြစ်လား ရဲဘော်တို့”ဟု ရေးသားတင်ခဲ့သော်လည်း တစ်နာရီခန့်အကြာတွင် ယင်းစာသားကို ပြန်လည်ဖြုတ်ချခဲ့ကြောင်း ၎င်းထံမှသိရသည်။

“သူတို့ဘက်ကတော့ ဒီဟာတင်လိုက်တဲ့အပေါ်မှာ ပြည်သူတွေ အထိတ်တလန့်ဖြစ်တယ်ပေါ့။ ကျွန်တော်က သတင်းအမှားလွှင့်တာမဟုတ်ဘူး။ ကြားမိတဲ့သတင်း မှန်မမှန် သိချင်လို့ သိတဲ့လူတွေက ရှင်းပြပေးနိုင်အောင် မေးခွန်းသဘောမျိုး ရေးတင်လိုက်တာပါ။ အခြားဘာရည်ရွယ်ချက်မှ မရှိဘူး။ အဲဒီစာတင်ချိန်က ချစ်ကြည်ရေးခရီးစဉ်နဲ့ ကျွန်တော်က တရုတ် ပြည်ရောက်နေတာ၊ အဝေးမှာရောက်နေတဲ့အချိန်မှာ သိချင်တဲ့စိတ်နဲ့ သဘောရိုးနဲ့ တင်တာဖြစ်တယ်။ သူတို့က ဥပဒေကြောင်းအရ ဆင့်ခေါ်မေးမြန်းစစ်ဆေးတာကို ဥပဒေကို လိုက်နာတဲ့ပြည်သူတစ်ယောက်နဲ့ရော သတင်းသမားတစ်ယောက်အနေနဲ့ရော သွားပြီး ဖြေရှင်းပါမယ်”ဟု ဦးမြင့်ဇော်ဦးက ရှင်းပြခဲ့သည်။

Myintzaw Oo အကောင့်တွင် အဆိုပါစာသားကို အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီက တင်ထားသည်ကို တွေ့ရှိခဲ့သောကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေခံ သတင်းတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ ရန်ကုန်တက္ကသိုလ် လုံခြုံရေးတပ်ဖွဲ့တို့က စုံစမ်းစိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး သတင်း မှန်ကန်မှုမရှိကြောင်း အတည်ပြုနိုင်သဖြင့် နိုဝင်ဘာလ ၂ ရက်နေ့က ကမာရွတ် မြို့မရဲစခန်းတွင် Myintzaw Oo အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၈(က) ဖြင့် အမှုဖွင့် အရေးယူပေးပါရန် ကမာရွတ်မြို့နယ်ရဲမှူး သိန်းဟန်က တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03/ J-10