News

POST TYPE

SATIRE

Train to Maungdaw
16-Oct-2016
ဒီလို စကြဝဠာအဆင့်မီ ဓာတ်ရှင်မျိုး ရိုက်နိုင်ဖို့ဆိုတာ အခြေအနေ အကြောင်းကြောင်းတွေ တိုက်ဆိုင်မှ ဖြစ်လာတာ။ ဖက်စက်လတီလည်း ပြည့်မှ၊ အစိုးရကလည်း အားပေးမှ၊ နည်းပညာကလည်းမြင့်မှ၊ သရုပ် ဆောင်တွေလည်းညီမှ၊ ဒါရိုက်တာတွေလည်းတော်မှ၊ ဒီလိုအဆင့်မြင့် ဓာတ်ရှင်ကြီး ဖြစ်လာမှာ။

ဇာတ်လမ်းကတော့ နိုင်ငံခြား ဓာတ်ရှင်အခွေတွေကို မျိုးတုံးဖို့ ကြံစည်ရာက စတယ်။ ဒီတော့ မြန်မာ ဓာတ်ရှင်ကို မကြိုက်ဘဲ နိုင်ငံခြား ဓာတ်ရှင်ကိုပဲ ကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေက ထပေါက်ကွဲတယ်လေ။

မြန်မာဓာတ်ရှင်တွေကို သူတို့ ဘာလို့ မကြိုက်ကြလဲဆိုတော့ စာတန်း မထိုးလို့ပဲ။

ဟမ်... ဘာဆိုင်လဲ မမေးနဲ့ဗျ။

မွေးကတည်းက ကြည့်လာတဲ့ ပေါင်ချိန်တို့၊ ကျန်ကျောင်းတို့ဆို အခု ကိုရီးယား ထရိန်းတူဘူဆန် ဆိုတဲ့ ဓာတ်ရှင်အဆုံး ဒီမျိုးဆက်ကြီးဟာ နိုင်ငံခြားကားတွေအောက်က မြန်မာစာတန်းထိုးတွေ ဖတ်ပြီး ကြီးလာတာ။ ပရိသတ်က စာတန်း မထိုးရင် မကြည့်တတ်တော့ဘူး။ 

မျိုးချစ်စိတ် ခေါင်းပါးတဲ့ ပရိသတ်တွေပါဗျာ။

မြန်မာဓာတ်ရှင် မရှိရင် မြန်မာလူမျိုးပါ ပျောက်သွားနိုင်တယ်ဆိုတာ ဒင်းတို့ မသိကြဘူး။ တကယ်တော့ မြန်မာ့ဓာတ်ရှင်ဟာ ဒီလိုမျိုး ဇာတ်ကားအောက်ခြေမှ စာတန်း မထိုးတာအပြင် ဖက်စက်လက်တီ မကောင်းလို့၊ အစိုးရ မကောင်းလို့ အခုလို ဖြစ်ခဲ့ရတာပါ။

ဖြစ်ဆို အခုလို သုံးရက်တစ်ကား၊ ငါးရက် တစ်ကားနဲ့ ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အမြန်ဆုံး ဓာတ်ရှင်တွေ ဖြစ်လာဖို့ ဘယ်လောက် ကြိုးစားခဲ့ရလဲ ခင်ဗျားတို့ သိလား။ ဖက်စက်လတီ မပြည့်ရတဲ့အထဲ အစိုးရတွေကလည်း နှိပ်စက်ခဲ့တာ ဘယ်လို ခံခဲ့ရလဲသိလား။

ဟိုး ဗိုလ်မင်းကြီးများ အုပ်ချုပ်စဉ်ခေတ်မှာ ပြည်သူအများ မင်းသား၊ မင်းသမီး အစုံပလုံပါတဲ့ ဇာတ်ကားကြီးတွေ ကြည့်နိုင်ဖို့အရေး နိုင်ငံတော်ကားတွေ ရိုက်ပြီး အနစ်နာခံခဲ့ကြရတာ။  မင်းသားအချို့ခမျာ စစ်ယူနီဖောင်းကြီးတွေ ဝတ်ပြီး ရာထူး ကြီးကြီးမားမားတွေနဲ့ နိုင်ငံတော် တည်ဆောက်ရေးတွေ လုပ်ရရှာသဗျ။ ဘယ်လောက် ပင်ပန်းလိမ့်မလဲ။ ဒိုင်ယာလော့ခ်တွေဆိုလည်း ကယ်တင်ရှင် ဗိုလ်မင်းများရဲ့ ဘုန်းတော် အလျားက ခုံးကျော် တံတားလောက် ရှိပါတယ်ဆိုတာမျိုး ပြောင်ပြောင်မြောက်မြောက်တွေ ပြောခဲ့ကြသပေါ့။ မင်းသမီးတွေဆိုလည်း တံတားအသစ် ဖွင့်တိုင်း အသက်ကို ပဓာန မထားပဲ ခိုင် မခိုင် တက်တက်ခုန် ပေးခဲ့ရရှာတာ ... မလွယ်ဘူးဆရာ။

မြန်မာ့ဓာတ်ရှင် မင်းသမီးတွေရဲ့ ဘော်ဒီအကြောင်း စာတမ်း ပြုစုမယ်ဆို ဒီတံတားပေါ် တက်ခုန်တဲ့ကိစ္စနဲ့ ဆက်စပ်တဲ့ ပြောင်းလဲမှုကြီး တစ်ခုကို ခင်ဗျားတို့ သတိထားသင့်တယ်။

အရင်က မြန်မာဓာတ်ရှင် မင်းသမီးတွေက လုံးကြီးပေါက်လှ တုတ်တုတ်အယ်အယ်ကြီးတွေလေ။ ကြည်ကြည်ဌေးတို့၊ ခင်သန်းနုတို့ကိုကြည့်။ နုထွားကြီးတွေလေ။ နောက်ပိုင်း မင်းသမီး ပိန်ပိန်လေးတွေ ခေတ်စားလာတယ် မဟုတ်လား။ ဒါလည်း အဲ့ဒီတံတားတွေနဲ့ ဆိုင်တယ်ဗျ။

ဗိုလ်မင်းအစိုးရက တံတား အသစ်ဆောက်ပြီး တိုင်း မင်းသမီးတွေ၊ မော်ဒယ်လ်တွေကို တက်တက်ခုန်ခိုင်းတော့ မင်းသမီးတွေခမျာ ဘော်ဒီဝိတ်တွေ ချထား ရရှာတယ်။ မတော် သူတို့ ဘော်ဒီဝိတ် များနေလို့ ကျိုးကျရင် ခက်မယ်လေဗျာ။ ဒီကစလို့ မြန်မာ မင်းသမီးတွေဆို ပိန်ပိန်သွယ်သွယ်မှ ဖြစ်မယ်ဆိုတဲ့ မြန်မာ့ဓာတ်ရှင် ပြောင်းလဲမှုကြီး ဖြစ်လာတာပဲ။

မလွယ်ဘူးဆရာ။ ဒီမြေမှာနေ ဒီရေကိုသောက်ပြီး ဒီဓာတ်ရှင်ကို ဘေးတီးနေကြတဲ့ ပရိသတ်ဆိုတဲ့ လူတွေကို အံ့လည်း သြမိတယ်။

ဘယ့်နှယ် ... ရှိတာလေးနဲ့ ရိုက်နေရတာ။ မြန်မြန် ကြည့်စေချင်လို့ မြန်မြန် ရိုက်ပေးနေတာ။ ဒါကိုပဲ အားမနာ လျှာမကျိုး လှောင်ကြပြောင်ကြနဲ့။

ကဲ ... အခုတော့ ဒီလို လှောင်နေ ပြောင်နေ ဝေဖန်နေကြတဲ့လူတွေ ပါးစပ် ပိတ်အောင် အထူးဓာတ်ရှင် တစ်ခု ဖန်တီးပြတော့မယ်လေ။

ဒီဇာတ်ကား ရိုက်ဖို့ ဖြစ်လာတာကလည်း နိုင်ငံတော် အရေးနဲ့ ဆိုင်သဗျာ။ အခုဆို ဟိုးအနောက်ဘက်တံခါးက ဘင်္ဂလားနယ်စပ်မှာ ကင်းစခန်းတွေ အတိုက်ခိုက်ခံရသဗျာ။ ရဲဘော်တွေ သေကြသဗျာ။ လုပ်တဲ့လူတွေက ဗီဒီယိုဖိုင်တွေ တင်ပြီး ဝူးဝူးဝါးဝါး လုပ်နေပေမယ့် အစိုးရကတော့ ဘယ်အဖွဲ့မှန်း အတည် မပြုနိုင်သေးဘူးတဲ့ဗျ။

ဒီလိုဆိုတော့လည်း အစိုးရမင်းများ ကိုယ်တိုင်  နိုင်ငံခြားကရိုက်တဲ့ ဟယ်ရီပေါ်တာ ဓာတ်ရှင်ရဲ့ ပရိသတ်များလို့ ယူဆရပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်ကားထဲမှာ ဗီလိန်နတ်ဆိုးကြီး ဗိုဒါမောက်ခ်ကို အားလုံးက နာမည် သိပေမယ့် အမည် မခေါ်ရတဲ့သူဆိုပြီး သုံးနှုန်းရတယ်လေ။ အခုလည်း အမည် မခေါ်ရတဲ့ အကြမ်းဖက် အဖွဲ့ ဆိုတာမျိုးပေါ့။

ဒါမှမဟုတ် လူမှုကွန်ရက်ပေါ်က အဲ့ဒီအကြမ်းဖက်သမား အဖွဲ့တွေ ကိုယ်တိုင် ပြောထားတဲ့ ဗီဒီယိုတွေကို အစိုးရမင်းများ မကြည့်ရတာလည်း ဖြစ်နိုင်တယ်။ အလုပ် များနေလို့လည်း ဖြစ်မယ်။ လွှတ်တော်အမတ်မင်း အချို့ကိုပဲ ကြည့်။

မန္တလေးက ဟိုတယ်တွေမှာ မွေ့ရာတွေ နိုင်ငံတကာ အဆင့် မီ မမီ သွားစစ်နေရတာနဲ့။ ကေတီဗီတွေက မိုက်တွေဟာ အရည်အသွေးပြည့် မပြည့် စစ်နေရတာနဲ့ မအားမလပ် ဖြစ်နေကြတဲ့ သတင်းများလည်း ကြားမိပါတယ်။

ဘာပဲဖြစ်ဖြစ် ဖေ့ဘွတ်ပေါ်က လူထုကြီးကတော့ အနောက်တံခါးက တိုက်ပွဲ ခေါ်သံတွေကို စိတ်ဝင်တစား တက်ကြွနေကြသပေါ့။

ဒီအခြေအနေမှာ မြန်မာ့ ဓာတ်ရှင်ကလည်း လူထုကြီးဘက်ကနေ ရပ်တည်ဖို့ လိုလာပြီလေ။

ဒီတော့ ဘာလုပ်မလဲ။

ရှင်းပါတယ်။ ရှေ့တန်းစစ်မျက်နှာပြင် အစစ်မှာ မြန်မာသရုပ်ဆောင်တွေ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်တဲ့ စကြဝဠာ အဆင့်မီ စစ်ကားကြီး ရိုက်မယ်ဗျာ။ ဓာတ်ရှင်လောက တစ်ခုလုံးက လူတွေ ပါမယ်။ ရှေ့ပြေးအဖြစ် မင်းသား ကိုဘဦးနဲ့ မင်းသမီး မအေးပွင့်တို့က ရိုက်ကွင်း အခြေအနေ သွားလေ့လာနေပြီ။

ကိုရီးယားကားက ထရိန်းတူဘူဆန်။ မြန်မာကားက ထရိန်းတူမောင်တော။

ဇာတ်လမ်းက မောင်တော နယ်စပ်က အမည် မဖော်ရတဲ့ အကြမ်းဖက်သမားတွေကို ရထားကြီးနဲ့  သွားတိုက်ပြီး ဘယ်သူ ဆိုတာကို ဖော်ထုတ်တဲ့ဇာတ်။ ရထားပေါ်မှာပါတဲ့ ကွန်မန်ဒိုတွေ၊ စစ်သားတွေ၊ စစ်သမီးတွေ နေရာမှာ သရုပ်ဆောင်ကြမယ်။ နောက်ဆုံး အမည်  မဖော်ရတဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်း၊ ပြီးရင် သူတို့ကို ကြိုးကိုင်ထားတဲ့ ကြည့်မြင်တိုင်က ခိုးကူးခွေ လုပ်နေတဲ့ လူဆိုးကြီး ခုနစ်ယောက်ကို ဖော်ထုတ်၊ မြန်မာ့ဓာတ်ရှင် လောကကို ရထားကြီးပေါ်က လူတွေက ကယ်တင်ပြီး ဇာတ်သိမ်း။

ကိုင်း ... ဇာတ်ကတော့ အော်စကာအထိ မှန်းလို့ရတဲ့ဇာတ်မျိုး။

အဲ ... ဇာတ်ကား ရိုက်ဖို့ ဇာတ်ညွှန်းတော့ ထွက်လာပြီ။ ဇာတ်လမ်းရဲ့ အဓိက ဖြစ်တဲ့ ရထားကြီး ရဖို့လည်း ညှိနှိုင်းပြီးပြီ။

ဟိုကိုရီးယားကားလို ရပ်ထားတဲ့ ရထားတွဲကြီးပေါ်မှာ အထူး ပြုလုပ်ချက်တွေနဲ့ ပရိသတ်ကို မလိမ်ဘူး။ တကယ့်ရထား အစစ်နဲ့ စစ်မြေပြင်အထိ သွားရိုက်ကြမယ်လို့ ပရိသတ်ကို ကြေညာလိုက်တယ်။

ဇာတ်ကားကြီး ပြီးစီးလို့ ရုံတင်တဲ့အချိန်ကျရင် ဝေဖန်တဲ့ လူအုပ်ကြီးကို တရားစွဲမယ်ဆိုတဲ့ ဒါရိုက်တာကြီး တစ်ယောက်ကလည်း ဟော့ဒီလိုကြိမ်းတယ်။

ပရိသတ်မှာ ဟာခနဲ။ ဟင်ခနဲပဲ။ မူးခနဲ။ မိုက်ခနဲ။
စကြဝဠာ အဆင့်မီ မိုးသို့ ထိုးနေသည့် Train to Maungdaw မြန်မာဓာတ်ရှင် စွန့်စားခန်း ဇာတ်ကားကြီးကြောင့် မဟုတ်။

ရထားလမ်း မရှိသည့် ရခိုင်ပြည်နယ်တွင် ရထားဖြင့် စစ်တိုက်သည့် ဓာတ်ရှင်ရိုက်မည် ဆိုသဖြင့် အံ့သြတကြီး ဖြစ်သွားရခြင်းပင်တည်း။

(ယခု သရော်စာပါ အကြောင်းအရာများသည် စာရေးသူ စိတ်ပေါ့သွပ်စဉ်က လျှောက်ရေးထားခြင်း သာဖြစ်ကြောင်း ဝန်ခံအပ်ပါသည်။)

တတ်နိုင်ဘူး ရေးချင်တာ ရေးပြီးပြီဆိုတော့ အရူး ကွက် နင်းရမှာပဲ။ ဒါမှ တရားစွဲလည်း တရားသေ လွှတ်မှာငိ။

ဗြိတိသျှကိုကိုမောင်


  • VIA