News

POST TYPE

SATIRE

ဟင်္သာတတွင် ရိတ်သိမ်းခါနီး မိုးစပါးဧက ၅၀၀ ကျော်ရေမြုပ်
29-Oct-2018
ဟင်္သာတ၊ အောက်တိုဘာ ၂၉

မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဟင်္သာတမြို့နယ်အတွင်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့သဖြင့် ရိတ်သိမ်းခါနီး မိုးစပါးဧက ၅၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဟင်္သာတမြို့နယ်ရှိ ကျေးရွာအများအပြားတွင် ရိတ်သိမ်းခါနီးနှင့် ရိတ်သိမ်းဆဲစပါးများ အောက်တိုဘာလ ၂၀ ရက်မှစ၍ မိုးရေနစ်မြုပ်ခဲ့ပြီး ဆုံးရှုံးမှုကိုသိရှိနိုင်ရေး လက်လှမ်းမီသ၍ စာရင်းကောက်ယူခဲ့ရာတွင် ကျေးရွာအုပ်စု၇ စု၌ ဧကပေါင်း ၅၀၀ ကျော်ရေမြုပ်ပျက်စီးနိုင်ခြေရှိနေကြောင်း ဟင်္သာတမြို့ခံတောင်သူ အောင်ခိုင်မြင့်က ပြောကြားသည်။

ယင်းမြို့နယ်ရှိ သဲဘွက်အုပ်စုတွင် ဧကနှစ်ရာခန့်၊ လဟာပအုပ်စုတွင် ဧကငါးဆယ်ခန့်၊ ဂျိုးဂေါင်းအုပ်စုတွင် ဧကငါးဆယ်ခန့်၊ ငဖယ်ဒူအုပ်စုတွင် ဧကငါးဆယ်ခန့် ရေနစ်မြုပ်နေကြောင်း၊ ယင်းအပြင် တဆင်မသေအုပ်စုတွင် ဧကရှစ်ဆယ်ခန့်၊ ကော်ဇာအုပ်စုနှင့် အင်္ဂပိုအုပ်စုတွင် ဧကရှစ်ဆယ်ခန့် ရေနစ်မြုပ်နေကြောင်း ဒေသခံတောင်သူ ဦးစိုးညွှန့်ဦးက ပြောဆိုသည်။

အဆိုပါ မိုးစပါး ရေမြုပ်ဧကစာရင်းများကို သက်ဆိုင်ရာများထံ တင်ပြရန်လိုအပ်ပါက အသင့်ဖြစ်စေရန် တောင်သူများ ကိုယ်တိုင် လိုက်လံကောက်ယူထားခြင်းဖြစ်ပြီး သုံးရက်ခန့် မြုပ်သည့်စပါးပင်များ၌ အပျက်အစီးများခြင်းကြောင့် ရှစ်ရက်ခန့် ရေမြုပ်နေပြီဖြစ်သည့် စပါးပင်များအနေဖြင့်မူ ရာနှုန်းပြည့် ပျက်စီးနိုင်ဖွယ်ရှိကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ အကူအညီများ ရနိုင်ဖွယ်မရှိသေးကြောင်း ဒေသခံတောင်သူ ဦးကျော်လွင်က ပြောကြားသည်။

ဟင်္သာတမြို့နယ်ရှိ မျိုးသန့်ထုတ်လုပ်သည့် လယ်ဧကသုံးရာကျော်တွင် မိုးရွာသွန်းမှုကြောင့် အပင်လဲကျသည်အဆင့် အနည်းငယ် ဖြစ်ပေါ်ခဲ့ကြောင်း၊ အခြားစိုက်ဧကများအတွက် ရေနစ်မြုပ်မှုစာရင်းကို လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာနထံမှ အတိအကျ မရသေးကြောင်း ဟင်္သာတမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းလွင်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးဧက ၃,၇၅၅,၀၀၂ ဧကနှင့် နွေစပါး ၁,၃၄၁,၈၇၅ ဧကရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

R-13