News

POST TYPE

SATIRE

မြေယာကိစ္စများ လက်တွေ့စီမံခန့်ခွဲရန် ခက်ခဲနေကြောင်း ဒုတိယသမ္မတ ပြော
03-Oct-2018
နေပြည်တော်၊ အောက်တိုဘာ ၂

မြေယာကိစ္စများကို မြေပြင်တွင် အစိုးရ လက်တွေ့စီမံခန့်ခွဲရန်ခက်ခဲနေပြီး အကန့်အသတ်နှင့် စိန်ခေါ်မှုများကို ကြုံတွေ့နေရကြောင်း အမျိုးသား မြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားလိုက်သည်။

နေပြည်တော်ရှိ MICC 2 တွင် ပြုလုပ်သည့် အမျိုးသားမြေအသုံးချမှုဆိုင်ရာ ဖိုရမ်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြေအသုံးချမှုစီမံခန့်ခွဲရာတွင် အစိုးရစီမံခန့်ခွဲသည့် မြေများအတွင်း ဝင်ရောက်အခြေချနေထိုင်ခြင်းကြောင့် အငြင်းပွားမှု ရင်ဆိုင်နေရခြင်း၊ မြေဧရိယာကျယ်ပြန့်စွာ ရင်းနီးမြှုပ်နှံမှု ခွင့်ပြုမပေးနိုင်ခြင်း၊ တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများ ခေတ်နှင့်အညီ ပြင်ဆင်ရန်လိုအပ်ခြင်း၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေများ ချိတ်ဆက်မှုမရှိခြင်း၊ လုပ်ထုံး လုပ်နည်းများ လိုက်နာဆောင်ရွက်ရန် အားနည်းခြင်း၊ အဂတိတရားဖြင့် ဆောင်ရွက်မှုများ ရှိနေခြင်းတို့ကို ကြုံတွေ့နေရကြောင်း ဒုသမ္မတက ဆိုသည်။

ယင်းအပြင် အသိပညာပေးခြင်းသာမက ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် မြေအသုံးချမှု ဦးစားပေး အစီအစဉ်များ ကြိုတင်ရေးဆွဲမှုအားနည်းခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် လူမှုဖွံ့ဖြိုးရေးတာဝန်ယူမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့် ဒေသခံနှင့် ထိပ်တိုက်ရင်ဆိုင်နေရကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

မြေအသုံးချမှု အခွင့်အရေးများတွင် ပြည်သူလူထု ပါဝင်အတည်ပြုရန်လိုအပ်နေသည့်အပြင် မြေသယံဇာတ အချက်အလက်များနှင့် မြေပုံများ တိကျမှန်ကန်မှု မရှိသည်ကိုလည်း တွေ့ကြုံနေရပြီး ဆက်စပ်ဌာနများ ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် မြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် မြေယာစီမံခန့်ခွဲမှုနှင့်ဆိုင်သည့် ဥပဒေများကို လေ့လာဆန်းစစ်ပြီး ပြည်သူအကျိုးပြုမည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်နေကြောင်း ဦးဟင်နရီဗန်ထီးယူက ဆိုသည်။

“တချို့ မြို့နယ်တွေမှာဆိုရင် စည်ပင်သာယာနယ်နိမိတ်မြို့နယ်တွေမှာ မြေတွေဟာ ကိုင်ထားပြီးတော့ စိုက်ပျိုးမှုမရှိဘဲ၊ စိုက်ပျိုးမှုမပြုဘဲ လပ်နေတဲ့မြေဖြစ်နေတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ စနစ်တကျ စီမံခန့်ခွဲသွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်”ဟု ယင်းအခမ်းအနားကို တက်ရောက်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာများကို ပြောသည်။ 

လယ်၊ ယာ၊ မြေ အငြင်းပွားမှုကိစ္စများသည် စနစ်တကျ စီမံခန့်ခွဲနိုင်မှုလုပ်မှသာ မြေတန်ဖိုးစနစ်တကျဖြစ်လာနိုင်မည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

S-01





  • VIA