News

POST TYPE

SATIRE

မကွေး-နေပြည်တော် မီးရထားလမ်း မြေယာလျော်ကြေး ရသင့်သူများမရဟုဆို
23-Sep-2018
မကွေး၊ စက်တင်ဘာ ၂၂

မကွေး-နတ်မောက်-ပျော်ဘွယ်-နေပြည်တော် မီးရထားလမ်းဖောက်လုပ်စဉ်က လယ်ယာမြေပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအတွက် စက်တင်ဘာ ၁၇ ရက်နေ့က လျော်ကြေးပေးအပ်ခဲ့သော်လည်း အမှန်တကယ် နစ်နာဆုံးရှုံးသည့်တောင်သူများမရရှိဘဲ ကျန်ရှိနေကြောင်း မြေယာနစ်နာကြေးမရသေးသည့် တောင်သူ ဦးတင်သောင်းက ပြောကြားသည်။

ထိုသို့လျော်ကြေးငွေများ ပေးအပ်ခဲ့ရာတွင် အမှန်တကယ်နစ်နာဆုံးရှုံးခဲ့သည့် တောင်သူ ၅ ဦးခန့်မှာ လျော်ကြေးငွေမရရှိဘဲ ကျန်နေပြီး နစ်နာဆုံးရှုံးမှုမရှိသည့် တောင်သူ ၁၀ ဦးခန့်က လျော်ကြေးငွေရရှိခဲ့သည့်အထဲတွင် ပါဝင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော့်ယာထဲမှာ အနက် ၁၅ ပေလောက်ထိ တူးသွားကြတာ၊ အခုချိန်ထိ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ သူများတွေ သီးနှံရတဲ့နှစ်ဆို နှမြောတယ်၊ ဝမ်းလည်းနည်းတယ်။ မြေအတူးမခံရတဲ့ လူတွေက လျော်ကြေးရပြီး မြေလုံးလုံး ဆုံးရှုံးတဲ့သူတွေကျတော့ လျော်ကြေးငွေ မရပါဘူး”ဟု ဦးတင်သောင်းက ပြောဆိုသည်။

နတ်မောက်မြို့နယ်အတွင်း ၂၀၁၀ ပြည့်နှစ်က အဆိုပါမီးရထားလမ်းဖောက် လုပ်ခဲ့ရာတွင် တောင်သူ ၁၂၀ ကျော်၏ ယာမြေဧကပေါင်း ၁၀၆ ဒသမ ဝ၇ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ယင်းရထားလမ်း စီမံကိန်းအတွင်း ပါဝင်ခဲ့သည့် တောင်သူများ၏ လယ်ယာမြေတစ်ဧကလျှင် ကနဦး ကျပ် ၂၅ သိန်းဖြင့် ကျပ်သိန်း ၂၆၅၀ ပေးရန် သတ်မှတ်ထားသော်လည်း ဘတ်ဂျက်စုစုပေါင်းမှာ ကျပ်သိန်းနှစ်ထောင်သာ ခွင့်ပြုသဖြင့် တစ်ဧကလျှင် ကျပ် ၁၈ သိန်းခွဲသာ လျော်ကြေးငွေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမော်က ဆိုသည်။

ယင်းသို့ပေးအပ်ရာတွင် ရထားလမ်းအသုံးပြုခဲ့သည့် မြေနေရာများအတွက် လျော်ကြေးငွေပေးအပ်ရန် ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ၏ တင်ပြချက်အတိုင်း အဆင့်ဆင့်တင်ပြကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ မြေယာလျော်ကြေးမရသည့် တောင်သူများစာရင်း မရောက်လာသေးဘဲ မြို့နယ်သို့ တင်ပြလာပါက ကွင်းဆင်းကာ ထပ်မံစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လျော်ကြေးငွေရဖို့ ကျန်သေးတဲ့ လူတွေရဲ့ စာရင်းတက်မလာသေးဘူး။ ဦးပိုင်အမည်ပေါက်တဲ့သူတွေရဲ့ စာရင်းကို မြေစာရင်းဌာနက ကွင်းဆင်းစာရင်းပြုစုပြီးမှ လျော်ကြေးပေးတာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ မီးရထားလမ်းဖောက်လုပ်ခဲ့ရာတွင် လမ်းအကျယ် ပေ ၁၅၀ ဖောက်လုပ်ခဲ့ပြီး မီးရထားလမ်း ဖောက်လုပ်ခဲ့သည့် မြေနေရာအတွက်သာ လျော်ကြေးငွေပေးအပ်ခြင်းဖြစ်ကာ မြေကုပ်ခံရသည့် ယာမြေများနှင့် မြေတူးဆွခံရသည့် ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ခြင်း မဟုတ်ကြောင်း နတ်မောက်မြို့နယ် မြေစာရင်း ဦးစီးဌာနထံမှ သိရသည်။ 

R-23


  • VIA