News

POST TYPE

SATIRE

ကန်ကြီးထောင့်ရှိ အငြင်းပွားမြေများကို အစိုးရက တရားဝင်လုပ်ကိုင်ခွင့် မပေးထားဟုဆို
22-Sep-2018
ပုသိမ်၊ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် နနွင်းဂရက်ကျေးရွာရှိ အငြင်းပွားမြေယာနှင့်ပတ်သက်ပြီး လက်ရှိလုပ်ကိုင်နေသူများကို အစိုးရအဖွဲ့အဆင့်ဆင့်မှ တရားဝင် လုပ်ကိုင်ခွင့်မပေးထားကြောင်း ဧရာဝတီတိုင်း လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်အောင်က ပြောကြားသည်။

ယင်းကျေးရွာရှိ မြေယာများကို ၁၉၉၁ ခုနှစ်က သီဟိုဠ်ပင်စိုက်ပျိုးရေး စီမံကိန်းအရ ကြိုတင်စိုက်ပျိုး လုပ်ကိုင်ခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့က ခွင့်ပြုခဲ့သော်လည်း လက်ရှိယင်းမြေများပေါ်တွင် လုပ်ကိုင်နေသော ဗိုလ်ကြီးဟောင်း ဦးသိန်းဝင်းနှင့် ၆ ဦးမှာ လုပ်ကိုင်ခွင့်လျှောက်ထားမှုမရှိခြင်း၊ လုပ်ကိုင်ခွင့်မရရှိသေးခြင်း၊ အချို့မှာ အခြားလုပ်ကိုင်ခွင့်ရရှိသူထံမှတစ်ဆင့် ပြန်ဝယ်ထားခြင်းတို့ကို စစ်ဆေးတွေ့ရှိ၍ မြေလွတ်မြေရိုင်းလုပ်ကိုင်ခွင့် ဥပဒေအရ တရားမဝင်ကြောင်း ၎င်းကဆိုသည်။

“နနွင်းဂရက် မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး စိုက်/မွေးဝန်ကြီး ဦးဆောင်တဲ့ အထူးအဖွဲ့ဖွဲ့စည်းပြီး ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်တာပါ၊ မူလ လုပ်ကိုင်သူတွေရဲ့ မြေယာများပြန်လည်ရရှိလိုကြောင်း တောင်းဆိုတာကိုလည်း ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်မယ်၊ ဧရာဝတီတိုင်းအတွင်းက မြေယာပြဿနာတွေကိုလည်း မြေယာမူဝါဒ ၅၂ ချက်နဲ့အညီ ၂၀၁၈ ဒီဇင်ဘာမှာ အပြီးသတ် ဆောင်ရွက်မယ်”ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားသည်။

မူလလုပ်ကိုင်သူ တောင်သူများက သိမ်းဆည်းခံမြေယာများ ပြန်ပေးရန် တောင်းဆိုလာသဖြင့် တင်ပြလာသည့်အမှု ၁၆ မှုအနက် ၈ မှုကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ဖြေရှင်းပေးနိုင်ခဲ့သော်လည်း ကျန် ၈ မှုမှာ ပြေလည်မှု မရရှိသေးဘဲ ယင်းမြေယာများနှင့်ပတ်သက်၍ ဒေသတည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်သည့်အတွက် ယင်း မြေယာအတွင်း မည်သူမျှ ဝင်ရောက်လုပ်ကိုင်ခြင်း မပြုရန်တားမြစ်ထားကြောင်း၊ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားကြောင်း ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ပြောကြားသည်။

နနွင်းဂရက် ကျေးရွာအနီးရှိ မြေလွတ် မြေယာရိုင်းများကို ဘိုးဘွားစဉ်ဆက် ဓားမ ဦးချခုတ်ထွင်ရှင်းလင်း၍ လယ်ယာဥယျာဉ်အဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့သော်လည်း ၁၉၉၁-၉၂ ခုနှစ်များမှစတင်၍ စစ်တပ်မှသိမ်းယူခဲ့ပြီး ၎င်းတို့ထံမှ နည်းအမျိုးမျိုးဖြင့် တစ်ဆင့်ခံတို့က လုပ်ကိုင်ခွင့်ရရှိခဲ့ကာ ၂၀၁၂ ခုနှစ်မြေယာဥပဒေအရ သိမ်းဆည်း ခံမြေယာများ ပြန်ရမည်ဆို၍ ၂၀၁၄ ခုနှစ် မှ ၂၀၁၇ ခုနှစ်အတွင်း အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့တိုင်ပြန်မရသေးကြောင်း မြေသိမ်းခံရသူ ဒေါ်ရွှေတင်က ပြောကြားသည်။

R-12